
ဇော်ဂျီ လက်ရွေးစင်
စာရေးသူ - ဆရာဇော်ဂျီ
အကျဉ်းချုပ်
ဆရာဇော်ဂျီ (၁၉ဝ၇-၉ဝ)သည် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး ကျောင်းသုံးစာအုပ် ပြုစုထုတ်လုပ်ရေး ညွှန်ကြားရေးဝန် သမိုင်းကော်မရှင်ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ရင်း ကဗျာစာဆို ပြောက်ကျားစာရေးဆရာအဖြစ် တစ်သက်တာ ဆောင်ရွက်ခဲ့ပါသည်။ ဆရာ သည် ပင်ကိုယ်ရေးနှင့် ဘာသာပြန် စွမ်းရည်နှစ်ရပ်ဖြင့် ဝတ္ထုတို ကဗျာ ပြဇာတ် အက်ဆေး အနုသုခုမဝေဖန်ရေး စာပေသဘောတရား စာပေဝေဖန်ရေးတို့ကို တစိုက်မတ်မတ် ရေးသား ခဲ့ပါသည်။ ၁၉၃ဝ ဝန်းကျင် ခေတ်စမ်းစာပေ လှုပ်ရှားမှုမှ ကွယ်လွန်သည့်တိုင် ဆရာနှင့် ဆရာမင်းသုဝဏ် (၁၉ဝ၉-၂ဝဝ၄)ကို စာပေလောက၌ အစဉ်တွဲလျက် တွေ့ရသည်မှာ ကြည်နူးစရာပင်။
ဆရာဇော်ဂျီ၏ စေတနာ ဉာဏ်ပညာ အနုပညာတို့မှာ ပြန့်ပြောနက်ရှိုင်းသည် နှင့်အမျှ မြန်မာစာပေလောကတွင် ကျေးဇူးများလှပါ၏။ အထူးသဖြင့် ဆရာသည် စာပေ ပြုစု ဖန်တီးမှုကို အချိန်ယူ၍ ကျေနပ်အားရမှ ပုံနှိပ်ဖော်ပြလေ့ရှိသည်ဟု ထင်ရပါသည်။ ထို့ကြောင့် ဆရာ့စာအားလုံးကို လက်ရွေးစင်စာဟု မှတ်ယူနိုင်ပါသည်။ သို့အတွက် ဆရာ့ စာများကို ထပ်မံ၍ ““ဇော်ဂျီလက်ရွေးစင်””ဟု ရွေးချယ်ထုတ်ဝေရန် မလိုတော့ဟု ဆိုချင် ဆိုနိုင်ပါ၏။ သို့သော် စာဖတ်သူအများစုအတွက်မူ ဆရာ့စာအားလုံးကို ဖတ်ရှုခံစား ဆင် ခြင်နိုင်ရန် အခက်အခဲ ရှိနိုင်ပါသည်။ ထိုအခက်အခဲကို ကျော်လွှားနိုင်ရန် ဆရာ့စာများမှ “ဇော်ဂျီလက်ရွေးစင်”” ရွေးချယ် စီစဉ် ထုတ်ဝေရခြင်း ဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် ဆရာ၏ စေတနာ ဉာဏ်ပညာ အနုပညာတို့ကို ပူဇော်ကန်တော့သောအားဖြင့် ထုတ်ဝေ လိုက်ခြင်းဖြစ်သည်ဟု ဆိုချင်ပါသည်။
““ဇော်ဂျီလက်ရွေးစင်”” ရွေးချယ်ရာတွင် ဆရာ၏ စေတနာ ဉာဏ်ပညာ အနုပညာ ကို ခြုံ၍ တွေ့နိုင်သည်ဟု ယူဆသောစာများကို ဦးစားပေးရွေးချယ်ကာ စာပေအမျိုးအစား အလိုက် ကဏ္ဍခွဲခြား စုစည်းထားပါသည်။ အကယ်၍ စာရှုသူအနေဖြင့် သဘောချင်း မတိုက်ဆိုင် ချို့ယွင်းမှု တွေ့ရသည်ဆိုပါက ရွေးချယ်စီစဉ်သူ၏ အားနည်းချက်ဟုသာ မှတ်ယူစေလိုပါသည်။
အထူးအားဖြင့် ဆရာဇော်ဂျီ၏ ““ဇော်ဂျီလက်ရွေးစင်”” ရွေးချယ် စီစဉ် ထုတ်ဝေ ခွင့်ပေးခဲ့သည့် ဆရာ၏မိသားစု (ဒေါက်တာခင်မျိုးဟန်၊ ဒေါက်တာခင်လှဟန်၊ ဒေါက်တာ ခင်အုန်းဟန်)တို့အား the key စာအုပ်တိုက် ကိုယ်စား ကျေးဇူးဥပကာရ တင်ရှိပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါသည်။
မောင်ဇေယျာ