ကျွန်ုပ်တို့အကြောင်း
ပဉ္စဂံ စာအုပ်တိုက်၏ သမိုင်းကြောင်းနှင့် ရည်ရွယ်ချက်များ
၂၀၀၂
စာအုပ်တိုက် စတင်ထူထောင်ခဲ့သော နှစ်
မန္တလေးမြို့
ပဉ္စဂံ စာအုပ်တိုက်၏ မူလအခြေစိုက်ရာ
မန္တလေးကိုအခြေစိုက်ပြီး ယဉ်ကျေးမှု၊ဘာသာရေး၊သမိုင်းနှင့် သုတရသစာပေများကို လုံးချင်းစာအုပ်များ ဖြစ်အောင် ကြိုးစားကြည့်သည့်အနေနှင့် ထူထောင်ခြင်းဖြစ်သည်။
ဆရာမင်းသိင်္ခ၏ မနောမယပုတီး၊ ဆရာမင်းလူ၏ အြခားဝတ္ထုတိုများ၊ ဆရာဝန်တင်မောင်ကြည် (မန္တလေး) ၏ ဂျာနယ်၊မဂ္ဂ ဇင်းပါ ယဉ်ကျေးမှုဆောင်းပါးများကိုစုစည်းပြီး လုံးချင်းစာအုပ်လေးအုပ်ဖြစ်အောင် ဦးစွာကြိုးစားထုတ်ဝေနိုင်ခဲ့သည်။
မန္တလေးလူရွှင်တော်စာရေးဆရာချစ်စရာ၏ စာအုပ်၊တချိန်က အဖေတခု သားတခု ရုပ်ရှင်ဇာတ်ညွှန်းရေးသားခဲ့သော မန္တလေးနေ့ကိုရင်ဩ (မန်းအောင်ကြည်) ၏ လက်နှိပ်စက်စာမူများကို လုံးချင်း စာအုပ်များဖြစ်အောင် စီစဉ်နိုင်ခဲ့သည်။
အလားတူ မန္တလေးတွင်သီတင်းသုံးနေထိုင်သော ဒီပါအေးဆရာတော် ဦးနန္ဒမာလာ၏ အမေးအဖြေလက်နှိပ်စက်စာမူများကိုလည်း စိတ်ရှည်၊ဇွဲသန်စွာဖြင့် ဆယ်စုနှစ်ကြာအောင် စောင်ဆိုင်း စုစည်းခဲပြီး စာအုပ်ထုတ်ဝေနိုင်ခဲ့သည်။
မန္တလေးမှနေ၍ စာအုပ်ထုတ်ဝေဖြန့်ချိရသည့် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ စာမူမှာ မန္တလေးတွင် ရနိုင်သော်လည်း စာစီ၊ဖလင်၊ပုံနှိပ်စက်၊စာအုပ်ချုပ်သည့် လုပ်ငန်းများမှာ ရန်ကုန်မြို့တွင်သာ အများစုရှိသောကြောင့် ဖြစ်သည်။ စာအုပ်ထုတ်ပြီး ဖြန့်ချိသောအခါတွင်လည်း ထုတ်ဝေရေးလက်တံမှာ ရန်ကုန်တွင်အချိတ်အဆက်မိကာ မန္တလေးမှ တစ်နိုင်ငံလုံးသို့ ပြန်ဆိုရန်မလွယ်ကူခဲ့ပါ။
ထုတ်ဝေဖြန့်ချီအခက်အခဲများကြောင့် စာအုပ်တိုက်၏ အခြေတည်ရာနေရာကို ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ရသည်။ ရန်ကုန်တွင် စာအုပ်တိုက်ဖြစ်အောင် ကြိုးစားသော်လည်း ထုတ်ဝေသည့် စာအုပ်များရောင်းအားနည်းနေသဖြင့် အကြိမ်ကြိမ်မန္တလေးသို့ ပြောင်းရွှေရန် စိတ်ဖြင့်ကြံရွယ်ခဘူးသော်လည်း လက်မလျော့ဘဲ ထပ်မံကြိုးစားခဲ့ရပါသည်။
ရန်ကုန်ရောက်ပြီး စာအုပ်အသိုင်းအဝိုင်းထဲတွင် ပဉ္စဂံစာအုပ်တိုက် ဝင်ဆန့်နိုင်အောင်ကူညီခဲ့သော မိတ်ကောင်းဆွေမွန်များ:
- မန္တလေးမြို့မှ ကိုထွန်းဦး (ထွန်းဦးစာပေ)
- ဆရာမောင်မိုးသူ
- ဆရာမောင်ဇေယျာ
- ကိုမောင်မောင်စိုး (စည်သူစိုးစာပေ)
- ကိုဇော်ကြီး (ကာလာဇုန် ပုံနှိပ်တိုက်)
ပဉ္စဂံစာအုပ်တိုက်၏ မိတ်ကောင်းဆွေမွန်များအဖြစ် မှတ်တမ်းတင်အပ်ပါသည်။
စာပေစိစစ်ရေးဌာန ဖျက်သိမ်းသောအချိန်မှစ၍ စာပေလွတ်လပ်ခွင့်ပေးခြင်းနှင့်အတူ ပိတ်ပင်ခံခဲ့ရသော စာအုပ်များကို စာအုပ်တိုက်အသီးသီးမှ စတင်ထုတ်ဝေဖြန့်ချိနိုင်ခဲ့သည်။
ထိုအတူ နိုင်ငံတကာမှသုတ၊ရသစာအုပ်ကောင်းများ စွာကို စာအုပ်တိုက်များ မြန်မာဘာသာပြန်ပြီး ထုတ်ဝေခဲ့သည်။
စာအုပ်တိုက်အနေဖြင့်လည်း ပွင့်လင်းကာလတွင် တိုင်းပြည်အတွက် အကျိုးရှိရာရှိကြောင်း စာမူများကို စာအုပ်များ ဖြစ်အောင် စီစဉ်ထုတ်ဝေနိုင်ခဲ့သည်။
စာအုပ်တိုက်၏ မူဝါဒများ
၂၀၁၂ ခုနှစ်တွင် စတင်ပြောင်းလဲခဲ့သော စာအုပ်တိုက်၏ ရည်ရွယ်ချက်များ
အရေအတွက်များများ၊ အမြတ်နည်းနည်းဖြင့် စာအုပ်များထုတ်ဝေမည်။
လူငယ်နှင့် ကလေးများအတွက် ကောင်းနိုးရာရာစာမူများစုကာ စာအုပ်ထုတ်မည်။
ကလောင်ကိုဦးစားမပေးဘဲ စာအုပ်တိုက်မူဘောင်အတိုင်း စာမူကိုသာ ဦးစားပေးမည်။
အယ်ဒီတာအဖွဲ့နှင့် စာပြုသူများကိုစုစည်းပြီး သူတို့ပြုစု၊တည်းဖြတ်ပြီးမှသာ စာအုပ်အဖြစ် ဖန်တီးထုတ်ဝေမည်။
စာအုပ်တိုက်၏ ရည်ရွယ်ချက်မှုပြောင်းလဲပြီးနောက် တိုင်းပြည်၏ပညာရေး ပြုပြင်ပြောင်းလဲမှုနှင့်အတူ တိုက်ထုတ်စာအုပ် တချို့ ရောင်းအားမြင့်တက်လာခဲ့သည်။
စာအုပ်တိုက်ထူထောင်ခြင်း နှစ် (၂၀)ကျော် အတွေ့အကြုံများရေးလျှင် စာတစ်အုပ်ဖြစ်နိုင်သည်။ သိုပေမဲ့ ယခု အကျဉ်းချုပ်သာ ရေးလိုက်ပေတော့သည်။