Failed to load image
မောင်ကြာညို (ဘဝသစ်ဦးအောင်ကျော်)
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ဘဝသစ် ဦးအောင်ကျော်/မောင်ကြာညို (၁၉၃၄-၂၂၄) မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် သရက်ကောင်းပင်ရွာ၌ အဖ ဦးဘိုးကြည်၊ အမိ ဒေါ်ဖွားမြဲ တို့က ၁၈ ဖေဖော်ဝါရီ ၁၉၃၄ တနင်္ဂနွေနေ့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးအောင်ကျော် ဖြစ်သည်။ သရက်ကောင်းပင်ရွာ မူလတန်းကျောင်းမှာ စတင် ပညာသင်ယူခဲ့သည်။ ရွာဦးဘုန်းတော်ကြီးကျောင်းတွင်လည်း ဝါတွင်း၊ ဝါပ စုစုပေါင်း (၆) လ ကြာခန့် ကိုရင်ဝတ်ဖြင့် အခြေခံဘာသာရေး စာပေများကို ဆည်းပူးခဲ့သည်။ ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာဇဝင်၊ ဇိနတ္ထပကာသနီ၊ ဦးပေါ်ဦး လျှောက်ထုံး စသော ကျမ်းစာအုပ်များကို ဖတ်ခဲ့ရသည်။ အိမ်မှာ စုဆောင်းထားသော ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာများကို ဖတ်ခဲ့ရာမှသည် စာဖတ်ဝါသနာပါခဲ့သည်။ ၁၃ နှစ် အရွယ် (၁၉၄၇) တွင် ရန်ကုန်မြို့ရှိ ဦးလေးဖြစ်သူ ဦးထွန်းဖေ (ထွန်း နေ့စဉ်သတင်းစာ အယ်ဒီတာချုပ်) ၏ အိမ်သို့ ပြောင်းရွှေ့လာကာ ပညာသင်ကြားခဲ့သည်။ ဦးလေးဦးထွန်းဖေ ပြန်ကြားရေးဝန်ကြီး ဖြစ်လာသောအခါ ဦးလေးအိမ်မှာ မြန်မာစာအုပ်များသာမက အင်္ဂလိပ်စာအုပ်များပါ ရှိသောကြောင့် အင်္ဂလိပ်စာဖတ်အကျင့် ရလာပြန်သည်။ အလွယ်ဖတ် အင်္ဂလိပ်စာအုပ်များ ဝယ်ယူ စုဆောင်းတတ်လာခဲ့သည်။ ရန်ကုန် ဦးဝိစာရလမ်း Mrs. H. E. Nelson's Private English School တွင် အခြေခံတန်းမှ စ၍ သင်ယူခဲ့သည်။ ၁၉၅ဝ တွင် ပြည်လမ်း တီတီစီ (ဆရာအတတ်သင် ကောလိပ်ကျောင်း) သို့ ပြောင်းရွှေ့ပညာသင်ပြန်ရာ ၁၉၅၁ တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည်။ ထိုစဉ်မှာပင် ခရစ်ယာန် သာသနာပြုဂိုဏ်း တစ်ဂိုဏ်းမှ ပို့ချသည့် “ဗျာဒိတ်တော်အသံ”စာပေးစာယူသင်တန်းကိုလည်း တက်ရောက်ခဲ့သည်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ပြီးနောက် မန္တလေးကောလိပ် (၁၉၅၁-၅၃) မှာ ဆက် လက်၍ ပညာသင်ယူစဉ် ပထမနှစ်ကျောင်းသားအဖြစ်နှင့် “သာသနာပြုကျောင်းသူကျောင်းသားဟောင်းများ အသင်း' က ဦးစီးကျင်းပသည့် “ Stray Thoughts " ခေါင်းစဉ်ပါ အင်္ဂလိပ် စာစီစာကုံးပြိုင်ပွဲ၌ ပထမဆု ရခဲ့သည်။ Intermediate of Arts ခေါ် ဥပစာ ဒုတိယနှစ်စာမေးပွဲတွင်လည်း တစ်ကျောင်းလုံး၌ အင်္ဂလိပ်စာ၊ မြန်မာစာနှင့် ယုတ္တိဗေဒ ဘာသာရပ်များမှာ အမှတ်အများဆုံး ရခဲံသသောကြောင့် မြန်မာအသင်းက ချီးမြှင့်သော ရွှေတံဆိပ်ဆုကို ရရှိခဲ့သည်။ ထို့နောက် အင်္ဂလိပ်စာ ဂုဏ်ထူးတန်း တက်ရန် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၅၅ တွင် ရိုးရိုးဝိဇ္ဇာဘွဲ့၊ ၁၉၅၆ တွင် အင်္ဂလိပ်စာဂုဏ်ထူးဘွဲ့ ရရှိခဲ့သည်။ ထို့အပြင် နှစ် အတော်ကြာတွင် ဘီ၊ အယ်လ်ဘွဲ့ကို ထပ်မံ ရရှိခဲ့ပြန်သည်။ ဥပစာဒုတိယနှစ်သင်တန်း တက်နေစဉ် ညကျောင်း တစ်ကျောင်း၌ တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာပြဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ စေတနာရှင် ဦးကျော်လှ ဦးစီး ဖွင့်လှစ်သော အင်္ဂလိပ် စကားပြောကလပ်မှာ ပါဝင်လှုပ်ရှားခဲ့သည်။ ရန်ကုန်တက္ကသိုလ် တက်နေရင်း ၁၉၅၄ တွင် ကျောင်းနေဖက်မိတ်ဆွေ ဦးဟုတ်လှိုင်နှင့် တွဲဖက်၍ ဘဝသစ် အထက်တန်းကျောင်း ကို တည်ထောင်ခဲ့သည်။ ၁၉၅၅-၅၇ တွင် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန နည်းပြအဖြစ်လည်း အမှုထမ်းခဲ့သည်။ ၁၉၆၅ တွင် ဘဝသစ် အထက်တန်းကျောင်းကို ပြည်သူပိုင် အသိမ်းခံရသောအခါ အင်္ဂလိပ်စာ ကျူရှင်ဆရာ ဖြစ်လာခဲ့သည်။ ၁၉၈၇ တွင် အမေရိကန်ပြည်ထောင် 'အမေရိကန်အသံ (VOA) ဌာနမှာ အမှုထမ်းခဲ့ပြီး ၁၉၉၁ တွင် မိမိ ဆန္ဒအလျောက် နုတ်ထွက်ကာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ထို့နောက် 'ဘဝသစ်ဦးအောင်ကျော် အင်္ဂလိပ်စာသင်တန်းများ” ဖွင့်၍ အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် အမှုထမ်းနေခိုက် ဒစ္စနေကမ္ဘာ၊ ဟောလီဝုဒ် စသည့် နေရာများ၊ ပါရီ၊ လန်ဒန်နှင့် ရှိတ်စပီးယား ဇာတိ ဖြစ်သော အေဗွန်မြစ်ပေါ်ရှိ စထရက်ဖို့တ်မြို့သို့ သွားရောက် လည်ပတ်ခဲ့သည်။ မြန်မာနိုင်ငံသို့ အပြန်တွင် ထိုင်း၊ စင်ကာပူနှင့် အိန္ဒိယနိုင်ငံ များသို့ ဝင်ရောက်လည်ပတ်ခဲ့သည်။ မန္တလေး ဥပစာကောလိပ် နှစ်လည်မဂ္ဂဇင်းနှင့် နံရံကပ်စာစောင်များတွင် ပါဝင်ရေးသားခဲ့သည်။ မိုးဝေ၊ ချယ်ရီ၊ စန္ဒာ၊ သင့်ဘဝ၊ စာမော်ကွန်း၊ နွယ်နီ၊ စံပယ်ဖြူ၊ လှပ၊ အပျိုစင်၊ သောင်းပြောင်းထွေလာရတနာပန်းခင်း၊ The Best English; English for All; The Light of English; The International; Lifestyle; Today စသည့် စာနယ်ဇင်းများမှာ နိုင်ငံတကာရေးရာ၊ အတွေးအမြင်၊ ခရီးသွား အတွေ့အကြုံ၊ မြန်မာမှုနှင့် အင်္ဂလိပ်စာ၊ စကား ပညာပေး ဆောင်းပါးများကို ရေးသားခဲ့သည်။ “ဘဝသစ် ဦးအောင်ကျော် [B.A. (English) Hons; B.L. အမည်နှင့်အပြင် “မောင်ကြာညို (Maung Kyaa Nyo)၊ ‘မောင်သေလာ၊ “ကျော်ကျော်”အမည် များနှင့် စာပေရေးသား ပြုစုခဲ့သည်။ ပြုစုခဲ့သည့် စာအုပ်များမှာ “မောင်ကြာညို”အမည်နှင့် ပြည်ပ အတွေ့အကြုံများ (၁၉၉၄)၊ နယူးယော့၊ ဝါရှင်တန်၊ လန်ဒန်၊ ပါရီ ... ပြည်ပ အတွေ့အကြုံ [၂] (၁၉၉၉)၊ ဘဝလမ်းညွှန် (၂ဝဝဝ)၊ ဆာသီယ ဆိုင်းဘာဘာ၏ ဖြစ်တော်စဉ်၊ စိတ်ချမ်းသာနည်းနှင့် စိတ်ညစ်ဖြေနည်း အမျိုးမျိုး၊ အမြင်သစ် မြန်မာ-အင်္ဂလိပ် ဆောင်းပါးများ၊ တိုင်အိုကျောင်းသူတစ်ဦးထံပေး မေတ္တာစာနှင့် Presenting Myanmar (Maung Kyaa Nyo] (၂ဝဝဝ) တို့သည် လည်းကောင်း၊ ဘဝသစ် ဦးအောင်ကျော်” အမည်နှင့် ပို၍ကောင်းသော အင်္ဂလိပ်စာရေးနည်းဖြတ်လမ်း ဦးထွန်းစိန် (B.A., B.L., E.C.1 နှင့် တွဲ၍ ] (၁၉၆၈)၊ Model English Writing (1993); စံပြအီဒီယမ်ဝါကျဆန်းများ (၁၉၉၄)၊ ယနေ့စကားပြောကြပုံများ (၁၉၉၅)၊ မြန်မာမှု အင်္ဂလိပ်စာ [၁ (၁၉၉၅)၊ ၂ (၁၉၉၉)]၊ English Speaking for Travel and Business (1996); Instant English (1996); Beautiful English for Beginners (1996); အင်္ဂလိပ်စာပိုင်နိုင်မှုသော့ချက်များ (၁၉၉၇)၊ Learner's အဘိဓာန်မှ စံပြဝါကျ ၁၅၀၀ (၂၀၀၀)၊ A Practical Approach to English Writing and Speaking (2001); ကုမ္ပဏီဝန်ထမ်းများအတွက် အင်္ဂလိပ်စာ (၂ဝဝ၂) တို့သည်လည်းကောင်း ထင်ရှားသည်။ အသက် (၉ဝ) နှစ် အရွယ်၊ ၈ ဖေဖော်ဝါရီ ၂ဝ၂၄ ရက် ကြာသပတေးနေ့ နံနက် ၅း၅၈ နာရီတွင် ရန်ကုန်မြို့ ရွှေဂုံတိုင် S.S.C. ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်လီလီကြာညွန့်မှာ ကွယ်လွန်ပြီးဖြစ်ရာ သားသမီး (၅) ဦးနှင့် မြေး (၇) ယောက်တို့ ကျန်ရှိခဲ့သည်။