Failed to load image
ဆန်းထွန်း
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ဆန်းထွန်း (မန်းတက္ကသိုလ်) [ ၁၉၁၅-၁၉၈၉ ] ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် သနွံသနော့ရွာအနီးကျ ကဒူးရွာ၌ အဖ ဦးဘိုးထွန်း၊ အမိဒေါ်မြခင်တို့က ၆ ဧပြီ ၁၉၁၅ အင်္ဂါ နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်တွင် အကြီးဆုံး၊ ငယ် မည် မောင်ပုလေး၊ အမည်ရင်း ဦးဆန်းထွန်း ဖြစ်သည်။ ငယ်စဉ်က သနွံသနော့ရွာ မူလတန်းကျောင်း၌ ပညာသင်သည်။ စတုတ္ထတန်းအောင်ပြီးနောက် ထိုကျောင်းတွင်ပင် သတ္တမတန်းအထိ အလွတ် ပညာဆည်းပူးခဲ့သည်။ တရားဝင် အတန်းပညာမှာမူ “စတုတ္ထတန်းအောင်” ဟူ၍ ဖြစ်သည်။ အဆိုပါကျောင်းမှ သနွံသနော့ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ကာ အခြေခံစာများ သင်ယူသည်။ ၁၃ နှစ် အရွယ်တွင် ရှင်ဇနိန္ဒဘွဲ့ ဖြင့် သာမဏေဝတ်ပြီး ဆက်လက် ပညာဆည်းပူးသည်။ အသက် ၂ဝ တွင် အင်္ဂပူမြို့ ရွှေဘုံသာကျောင်း၌ ရဟန်းဝတ်သည်။ ရဟန်းဘွဲ့မှာ ရှင်ဉာဏိဿရ ဖြစ်သည်။ ပထမပြန် ရှင်တေဇောသာရ (နောင်-ဒဂုန်ဦးထွန်းမြင့်) ထံ တပည့်ခံပြီး ပထမပြန် စာမေးပွဲများ ဖြေဆိုခဲ့ရာ၊ ၁၉၃၆ တွင် ပါဠိ ပထမပြန် စာမေးပွဲ အကြီးတန်း အောင်ခဲ့သည်။ ၁၉၃၇ တွင် မန္တလေးသို့ ရောက်ရှိခဲ့သည်။ အဘိဓဇမဟာရဋ္ဌဂုရု ညောင် ရမ်း ဆရာတော်၊ ဘုရားကြီးတိုက် ဟံသာဝတီဆရာတော်၊ ခင်မကန်တိုက် သူဌေးဆရာတော်၊ ဘုရားကြီးတိုက် ဆရာတော်ဦးဉေယျ၊ ရွှေရေးဆောင်တိုက် သံကျောင်းတိုက် ဆရာတော်၊ မိုးကောင်းတိုက် စာချဆရာတော် ဦးပညာတို့ထံ တပည့်ခံ၍ ပါဠိဘာသာနှင့် ဗုဒ္ဓစာပေ ကျမ်းဂန်များကို ဆည်းပူးခဲ့သည်။ တစ်ဖက်တွင်လည်း မြန်မာစာပေ ပျို့၊ ကဗျာ၊ လင်္ကာများကို လေ့လာခဲ့သည်။ ၁၉၃၇ -၃၈ တွင် သန်လျင် ဘီအိုစီ ဓာတုဗေဒ ဆရာကြီး ဦးမောင်မောင် (စာရေးဆရာကြီးမွန်းဓာတု) ထံ၌ အင်္ဂလိပ်စာ သင်ယူခဲ့သည်။ ဂျပန်ခေတ်တွင် ဦးသောမ ဒတ္တ (စာရေးဆရာကြီး ဦးသော်ဇင်) ထံ၌ ဟိန္ဒီ၊ ဘင်္ဂါလီ၊ သက္ကတ ဘာသာ အခြေခံများကို လေ့လာဆည်းပူးခဲ့သည်။ ထို့ပြင် အရှင်အာဒိစ္စဝံသ (ဆရာကြီး ဦးအောင်မြတ်ထွတ်) ထံတွင်လည်း နိကာယ်ငါးရပ် ပိဋကတ်သုံးပုံကို ဆွေးနွေးဝေဖန်သင်ယူခဲ့ပြန်သည်။ ၁၉၄၉ တွင် အိန္ဒိယနိုင်ငံ ဗိုလ်ပူရ်မြို့ရှိ ဒေါက်တာတဂိုး၏ စန္တိနိကေတန် တက္ကသိုလ်၌ ဟိန္ဒိဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ပြာကရစ် ဘာသာများကို ၂ နှစ်ကြာမျှ ဆည်းပူးခဲ့သည်။ ကမ္ဘာကျော် ဟိန္ဒီ စာရေးဆရာကြီး ရာဟုလာသံကစ္စည်း ထံတွင် အယူအဆ နည်းနာနိဿရည်းများ လေ့လာမှတ်သားခဲ့သည်။ ထို့နောက် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိပြီး၊ ၁၉၅၁ တွင် လူဝတ်လဲသည်။ မန္တလေး လူထုဂျာနယ်တွင် အယ်ဒီတာအဖြစ် ၂ နှစ် လုပ်ကိုင်သည်။ ၁၉၅၂-၅၃ တွင် မန္တလေးတက္ကသိုလ် မြန်မာစာဌာန နည်းပြ၊ ၁၉၅၇ တွင် လက်ထောက်ကထိက၊ ၁၉၇၅ တွင် အငြိမ်းစားယူသည်။ ၁၉၈၁ တွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့သည်။ ၁၉၈၃ တွင် မြန်မာစာအဖွဲ့ အချိန်ပြည့် အဖွဲ့ဝင်အဖြစ် ကွယ်လွန်သည်အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ကြီးပွားရေး မဂ္ဂဇင်း၌ ကဗျာများကို “ရှင်ဉာဏိဿရ” ဘွဲ့မည်ရင်းဖြင့်ပင် စတင်ရေးသားခဲ့သည်။ ပထမဆုံးသော ကဗျာမှာ “သေချိန် တန်သေ" ဖြစ်သည်။ ၁၉၄ဝ တွင် “ရွှေပြည်တော် သတင်းစာ”၌ အရှင်ဉာဏိဿရ (ကာဝိယဝါစီ)” ကလောင်အမည်တပ်၍ ကဗျာများစွာကို အပတ်စဉ် ရေးသားခဲ့သည်။ အိန္ဒိယမှ ပြန်လာပြီးနောက် ရဟန်းဘဝမှာ ရှိနေစဉ်ပင်ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒဆိုင်ရာဆောင်းပါးများ၊ ဆိုရှယ်လစ်ဝါဒနှင့် ဗုဒ္ဓဝါဒ နှိုင်းယှဉ်ချက် ဆောင်းပါးများ ရေးခဲ့သည်။ လူထုဂျာနယ် အယ်ဒီတာ အနေနှင့်လည်း နိုင်ငံရေးဆောင်းပါးများ ရေးသားခဲ့သည်။ မန္တလေးတက္ကသိုလ် မြန်မာစာဌာနတွင် အမှုထမ်းပြီးနောက် “ဆန်းထွန်း (မန်းတက္ကသိုလ်)”ကလောင် အမည် ယူပြီးလျှင် မြန်မာစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများ၊ စာအုပ်နိဒါန်း၊ မိတ်ဆက်အမှာ၊ စကားဦး၊ သြဘာစာ စသည်တို့ကို ရေးသားခဲ့သည်။လုံမလေးမဂ္ဂဇင်းတွင် “သူ့ဘဝ သူ့အကြောင်း” ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကိုလည်း ကွယ်လွန်ချိန်အထိ လစဉ်အခန်းဆက် ရေးသားခဲ့ပါသည်။ ပြုစုခဲ့သည့် စာအုပ်များမှာ နွားနှင့်စပါး (၁၉၄၇)၊ ဉာဏိဿရနီတိ [မြင့်ဆွေ နီတိနှင့် တွဲလျက်)၊ ဗော်လဂါမှ ဂင်္ဂါသို့ (၁၈ ပုဒ်) (နောင်တွင် ပါရဂူက ဖြည့်စွက် ဘာသာပြန်၍ အစအဆုံး ထုတ်ဝေခဲ့သည်]၊ ဗုဒ္ဓအမြင်၊ သီရိမင်္ဂလာစာတမ်း၊ ကဝိလက္ခဏဝိသောဓနီ (၁၉၅၈)၊ စာပေဘဏ် (၁၉၆၇)၊ ရှေ့သို့ (၁၉၆၈) တို့ ဖြစ်ကြသည်။ ၂၀ ဇွန် ၁၉၈၉ တွင် ရန်ကုန်မြို့ အင်းလျားလမ်း နေအိမ်မှာ ကွယ်လွန်ခဲ့သည်။