Failed to load image
ခင်နှင်းယု
စာအုပ် 21 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ခင်နှင်းယု [ ၁၉၂၅-၂၀၀၃ ] ဧရာဝတီတိုင်း ဝါးခယ်မမြို့ ၌ အဖ အစိုးရကျောင်းဆရာကြီး ဦးဘ၊ အမိ ဒေါ်သိန်းတင် တို့က ၁၉၂၅ ခု စက်တင်ဘာလ ၇ ရက် တနင်္လာနေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ခုနစ်ယောက်တွင် ငါးယောက်မြောက်ဖြစ်၍ အမည်ရင်းမှာ ဒေါ်ခင်စု ဖြစ်သည်။ ၁၉၃၀ တွင် ဝါးခယ်မမြို့ ဦးဘိုးထင် မြန်မာစာသင် အလယ်တန်းကျောင်း၌ စတင် ပညာသင်ကြားသည်။ ၁၉၄ဝ တွင် ဝါးခယ်မမြို့ ဦးဘိုကြီး မြန်မာစာ အထက်တန်းကျောင်း၌ ရှစ်တန်း၊ ကိုးတန်း၊ ဆယ် တန်း ပညာဆည်းပူးခဲ့သည်။ ၁၉၄၃ တွင် မြန်မာ ဆယ်တန်းနှင့် ၁၉၄၈ တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည်။ ၁၉၅၆ တွင် သက်ကြီးတက္ကသိုလ်၌ ပညာသင်ယူရာ ဥပစာဝိဇ္ဇာ စာမေးပွဲ အောင်မြင်ခဲ့သည်။ ၁၉၅၉ တွင် ရန်ကုန်တက္ကသိုလ်၌ ပညာဆည်းပူးခဲ့သည်။ ၁၉၆၁ ခုတွင် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။ ဝါးခယ်မ ကျောင်းသားသမဂ္ဂ အမှုဆောင်(၁၉၃၈-၃၉) ဖြစ်၍ ကျောင်းသား ရေးရာများနှင့် တို့ဗမာအစည်းအရုံး နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ဂျပန်ခေတ် ဝါးခယ်မမြို့နယ် အာရှလူငယ် အစည်းအရုံးတွင် အမျိုးသမီးဌာန အတွင်းရေးမှူး(၁၉၄၃)၊ ဖဆပလ သတင်းနှင့် ဝါဒဖြန့်ချိရေးဌာန လက်ထောက်အတွင်းရေးမှူး(၁၉၄၆)၊ ဖဆပလ သတင်းစဉ် လက်ထောက်အယ်ဒီတာ(၁၉၄၆)၊ ယင်းဌာနတွင် တွဲဖက်အတွင်းရေးမှူးနှင့် ဖဆပလ သတင်းစဉ်တွင် တာဝန်ခံအယ်ဒီတာ(၁၉၄၇)၊ ဝန်ကြီးချုပ်၏ အတွင်းရေး အတွင်းဝန် (၁၉၄၈-၁၉၅၉) စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။ ၁၉၄၆ မှစ၍ “မခင်စု” အမည်ရင်းဖြင့် ဖဆပလ သတင်းစဉ်တွင် ဆောင်းပါးများ စ ရေးခဲ့သည်။ ၁၉၄၇ တွင် “အချို” ကလောင်အမည်ဖြင့် သတင်းစုံဂျာနယ်၌ ဝတ္ထုတိုများ ရေးသားခဲ့သည်။ ၁၉၄၈ ခု မြန်မာပြည် လွတ်လပ်ရေး အထိမ်းအမှတ် စာပေပြိုင်ပွဲတွင် အချို ကလောင်အမည်ဖြင့်ရေးသော “မျောက်လောင်း” ဝတ္ထုတိုသည် တတိယရွက်နိုင် ရခဲ့သည်။ ခင်နှင်းယု ကလောင်အမည်နှင့် ပထမဆုံး ရေးသားသောဝတ္ထုမှာ ၁၉၄၇ ခု စာပဒေသာ မဂ္ဂဇင်းတွင် ပါရှိသည့် “အရိုင်း" ဖြစ်သည်။ လုံးချင်းဝတ္ထု (၁၇)အုပ်၊ မဂ္ဂဇင်းဝတ္ထုရှည် (၂ဝ)ပုဒ်၊ ဝတ္ထုတို (၁၀၀)ကျော် ရေးသားပြုစုခဲ့သည်။ ဝတ္ထုတိုအချို့ကို ဂျာမန်၊ ရုရှား၊ ဂျပန် ဘာသာများသို့ ပြန်ဆိုခဲ့သည်။ မွှေး (၁၉၅၉)၊ ဆောင်းတွင်းပန်း (၁၉၅၃)၊ သခွပ်ပန်း (၁၉၆၂)၊ ပန်းပန်လျက်ပါ(၁၉၆၂)၊ သပြေ (၁၉၆၃)၊ ယဉ်မင်းပိုက် (၁၉၆၄)၊ ကြေးမုံရိပ်သွင် ဝတ္ထုတိုများ(၁၉၆ဝ)၊ မိုးကျော်သူ (၁၉၆၃)၊ စိမ်းသင့်မှစိမ်း (၁၉၆ဝ)၊ ပွဲတွေ့အမြတ်တရား(၁၉၈၁)၊ လက်ရွေးစင်ဝတ္ထုတိုများ[၁၉၅၂-၁၉၉၆] (၁၉၉၆)၊ မြကြာဖြူ (၁၉၉၅) တို့မှာ ထင်ရှားသည်။ “ကြေးမုံရိပ်သွင်” ဖြင့် စာပေဗိမာန်ဆု (၁၉၆ဝ)၊ 'မြကြာဖြူ' ဖြင့် အမျိုးသားစာပေဆု (၁၉၉၅) ကို ရရှိခဲ့သည်။ ၂ဝဝ၃ ခု ဇန်နဝါရီ ၂၁ ရက် အင်္ဂါနေ့ နံနက် ၈:၃ဝ နာရီတွင် ကွယ်လွန်ခဲ့သည်။