Failed to load image
ဦးကိုလေး(ဇေယျာမောင်)
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ဦးကိုလေး (ဇေယျာမောင်) [ ၁၉၁၃-၂ဝဝ၃ ] စစ်ကိုင်းမြို့တွင် အဖ ဦးဘကောင်း၊ အမိ ဒေါ်တင်တို့က ၁၉၁၃ ခု သြဂုတ်လ ၂၃ ရက်နေ့တွင် မွေးဖွားသည်။ စစ်ကိုင်းတောင်ရိုး သမိတ္တောဒယချောင် သီလရှင်ဆရာကြီး ဒေါ်မာလာရီနှင့် ဒေါ်ဉာဏစာရီတို့ထံတွင် ကကြီး ခခွေးမှ သဒ္ဒါကြီးအထိ၊ ကြံခင်းချောင် ဆရာတော်ကြီး ဦးစိတြရာမထံ၌ သဒ္ဒါကြီး ရှစ်စောင်တွဲနှင့် သင်္ဂြိုဟ် ပါဋ္ဌ်များကို အသက် ၅ နှစ်မှ ၁ဝ နှစ်ကြား သင်ယူခဲ့သည်။ ထို့နောက် အသက် ၁ဝ နှစ်တွင် အမျိုးသားကျောင်းသို့ ပြောင်းသည်။ ထိုမှ စစ်ကိုင်းမြို့ အစိုးရအထက်တန်းကျောင်း၊ မန္တ လေး ဥပစာကောလိပ် နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ သိပ္ပံဘွဲ့ကို ဓာတုဗေဒဂုဏ်ထူးဖြင့် ၁၉၃၄ ခုတွင် ရရှိသည်။ ၁၉၃၆- ၄၂ တွင် အစိုးရ ပညာတော်သင်အဖြစ် လန်ဒန် တက္ကသိုလ်မှ M. Sc. (Lon.), A. I. C; D.I.C. ဘွဲ့များ ရခဲ့သည်။ ၁၉၅ဝ နှင့် ၅၆ ခုနှစ်များတွင် အမေရိကန်နိုင်ငံ ကော်နဲလ်တက္ကသိုလ်နှင့် ကိုလံဘီယာတက္ကသိုလ်တွင် တက္ကသိုလ်များ အုပ်ချုပ်ရေး ပညာရပ်များအတွက် ဘွဲ့လွန်သင်တန်းများ တက်ခဲ့သည်။ ငွေစာရင်းမင်းကြီးရုံးတွင် အလုပ်သင် ခြောက်လခန့် (၁၉၃၄)၊ မန္တ လေးတွင် ထုတ်ဝေသော “တို့ခေတ်မဂ္ဂဇင်း” တည် ထောင်သူများတွင် တစ်ဦး(၁၉၃၄)၊ ရန်ကုန် တက္ကသိုလ် ဓာတုဗေဒ နည်းပြဆရာ (၁၉၃၄-၃၆)၊ မန္တလေး စိုက်ပျိုးရေး ကောလိပ် စိုက်ပျိုးရေးဓာတုဗေဒ ကထိက (၁၉၄၁-၄၂)၊ မန္တ လေး စိုက်ပျိုးရေးဌာန ဓာတုဗေဒ မဟာပညာကျော် (၁၉၄၂-၄၅)၊ အထက်မြန်မာနိုင်ငံ ပြန်ကြားရေးနှင့် သတင်းဖြန့်ချိရေး အရာရှိချုပ်(၁၉၄၅-၄၆)၊ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒ ကထိက (၁၉၄၆-၄၇)၊ မန္တ လေးကောလိပ် ကျောင်းအုပ် (၁၉၄၇-၅၆)၊ မန္တလေးတက္ကသိုလ် ဒုတိယ အဓိပတိ (၁၉၅၇-၆၃) အဖြစ် အမှုထမ်းခဲ့သည်။ ၁၉၆၃ ခုနှစ်မှစ၍ အငြိမ်းစား ယူခဲ့သည်။ မန္တ လေးတက္ကသိုလ် စတင် တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ အထက်တန်းကျောင်းသား ဘဝမှစ၍ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုများကို သူရိယ၊ သက်စောင့်၊ ကြီးပွားရေး၊ ဒဂုံ၊ တို့ခေတ် မဂ္ဂဇင်းများတွင် ကလောင်အမည် အမျိုးမျိုးဖြင့် ရေးခဲ့၏။ မြန်မာပြည် လူဦးရေပြဿနာ၊ နှစ်တွဲ [ ဦးကံကြီးနှင့် တွဲဖက်၍ (၁၉၃၉)၊ စက္ကူဖြူပြဇာတ် ခေါ် မြန်မာ့နိုင်ငံရေး အခြေပြ (၁၉၄၅)၊ သီပေါမင်းနှင့် နယူးယောက်တိုင်း သတင်းစာ(၁၉၆၅)၊ စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် ဘာသာပြန် စာမူဆုများအဖြစ် လီနင်ဂရက်မြို့ကြီး ရန်သူဝိုင်းထားစဉ်က ရက်ပေါင်း ၉ဝဝ (ဒုတိယဆု၊ ၁၉၆၉)၊ အဏ္ဏဝါလောက (ပထမဆု၊ ၁၉၇ဝ ပြည့်နှစ်)၊ ဆီရောဇာ(ပထမဆု၊ ၁၉၇၁) တို့ဖြင့် သုံးနှစ်ဆက်တိုက် ရရှိခဲ့သည်။ အငြိမ်းစားယူပြီးနောက် ဝေဘူဆရာတော်၊ ရွှေစေတီဆရာတော်၊ ဆရာကြီး ဦးဘခင်၊ ဆရာမကြီးဒေါ်မြသွင်တို့ထံမှ ဝိပဿနာနည်း ရယူ၍ ထိထိရောက်ရောက် အားထုတ်ခဲ့သည်။ ဘာသာရေးဆိုင်ရာ စာပေများကို ရေးသားခဲ့သည်။ မြတ်ဗုဒ္ဓဒေသနာ (ဒေါက်တာဝါလ်ပိုလာ အရှင်သူမြတ်၏ What The Buddha Taught မြန်မာပြန်၊ ၁၉၇၈)၊ မြန်မာ့ဂုဏ်ဆောင် ပုဂ္ဂိုလ်ထူး ဆရာကြီးဦးဘခင် (အတ္ထုပ္ပတ္တိနှင့် သာသနာပြု လုပ်ငန်းများ)[၁၉၈ဝ]၊ မြန်မာ့ဂုဏ်ဆောင် ပုဂ္ဂိုလ်ထူး ဆရာကြီးဦးဘခင် ဟောကြား ခဲ့သော တရားများ (စုဆောင်း၊ ပြုစု၊ ဘာသာပြန်၊ တည်းဖြတ်၊ တင်ပြ)(၁၉၉၃)၊ ကမ္ဘာအနှံ့ ဓမ္မအောင်လံ စိုက်ထူသော ဂုရုကြီး ဦးဂိုအင်ကာ(၁၉၉၅)၊ လူငယ်လူရွယ် များအတွက် ရတနာမြတ်သုံးဖြာ- ဗုဒ္ဓရတနာ (၂ဝဝ၂၊ ဓမ္မ စာပေဆုရ)၊ အင်္ဂလိပ်ဘာသာ ဖြင့် မဟာစည်ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာတရားတော် (Dhammacakke pavattara Sure) အနတ္တလက္ခဏသုတ် တရားတော် (Anattalakkhana Sutta)၊ ဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ ( Abidhama in Daily Life)၊ ပိဋကတ် ဘာသာပြန်အဖွဲ့အတွက် ဒီဃနိကာယ်လာ သုတ္တန်တရားတော် (လေးသုတ်)၊ မဇ္ဈိမ နိကာယ်၊ သံယုတ္တနိကာယ်နှင့် ဝိနယ ပိဋကတ် မဟာဝဂ္ဂ ပါဠိတော်များ၊ မင်းကွန်း တိပိဋကဓရ ဆရာတော်ကြီး၏ မဟာဗုဒ္ဓဝင်ကျမ်း (ခြောက်တွဲ၊ ရှစ်အုပ်)[အငြိမ်းစား ပါဠိပါမောက္ခ ဦးတင့်လွင်နှင့် တွဲဖက်၍] ပြန်ဆိုခဲ့သည်။ ပိဋကတ်သုံးပုံ လမ်းညွှန် (Guide to Tipitaka or Essence of Tipitaka): 80 (Manual of Vipassana)တို့ကို အင်္ဂလိပ်ဘာသာဖြင့် ကိုယ်တိုင် ရေးသားခဲ့သည်။ ဆရာကြီး ဦးဂိုအင်ကာနှင့်အတူ တရားပွဲများစွာကို ဘာသာပြန် ဟောပြောပေးခဲ့သည်။ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်တို့တွင် သာသနာ့တာဝန်များ၊ မြန်မာစာအဖွဲ့ အဖွဲ့ဝင်အဖြစ် နိုင်ငံ့တာဝန်များ ထမ်းဆောင် ခဲ့သည်။ ဇေယျာမောင်၊ မျိုးမြန်မာ၊ မျိုးချစ်မောင်၊ သိပ္ပံမောင် စသည်တို့မှာ ထင်ရှားသည့် ကလောင်အမည်ခွဲများ ဖြစ်သည်။ မဟာသဒ္ဓမ္မ ဇောတိကဘွဲ့၊ ပခုက္ကူ ဦးအုံးဖေ တစ်သက် တာ စာပေဆု (၁၉၉၅)၊ ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် (ပထမဆင့်)[၂ဝဝ၂] တို့ ရရှိခဲ့သည်။ ၂၀၀၃ ခု ဇွန်လ ၁၅ ရက်နေ့တွင် ဇေယျာရွှေမြေ ဧည့်ပါမောက္ခရိပ်သာ၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သည်။