Failed to load image
သန်းဝင်းလှိုင်
စာအုပ် 2 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
သန်းဝင်းလှိုင် [၁၉၅၈-၂ဝ၂ဝ) ရန်ကုန်မြို့ ဗဟန်းမြို့နယ်၌ အဖ ဗေဒင်လက္ခဏာဆရာကြီး ဦးစိန်ထွန်း၊ အမိ ဒေါ်တင်အေး တို့က ၂၂ ဇူလိုင် ၁၉၅၈ တွင် မွေးဖွားခဲ့သည်။ တစ်ဦးတည်းသော သား၊ အမည်ရင်း ဦးသန်းဝင်း ဖြစ်သည်။ ၁ဝ တန်း အောင်သည်အထိ ပညာဆည်းပူးခဲ့သည်။ ၁ဝ တန်း အောင်ပြီးနောက် ၁၉၈ဝ တွင် တပ်မတော် (လေ) သို့ ဝင်ရောက်၍ စစ်မှုထမ်း ခဲ့သည်။ ၁၉၈၂ တွင် တပ်မတော် (လေ) မှ နုတ်ထွက်ခဲ့သည်။ မြရိပ်ညိုမဂ္ဂဇင်းနှင့် မြန်မာ့ဈေးကွက်စီးပွားရေး ဂျာနယ်တို့တွင် အယ်ဒီတာချုပ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၂ဝဝဝ ပြည့်နှစ် မေလထဲတွင် “ရုပ်တုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ (၁၉၉၅)” စာအုပ်ကို စာပေစိစစ်ရေး၏ ခွင့်ပြုချက်မရှိဘဲ ထပ်မံ ပုံနှိပ်ထုတ်ဝေသောကြောင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ အစိုးရ) က ပုဒ်မ ၁၇/၂ဝ အရ ထောင်ဒဏ် (၇) နှစ် ချမှတ်ခံခဲ့ရသည်။ အင်းစိန်၊ သာယာဝတီထောင်များမှာ ၆ နှစ်နှင့် ၈ လ တိတိ ကျခံရပြီးနောက် ၃ ဇန်နဝါရီ ၂၀၀၇ တွင် သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ ၆ ဇူလိုင် ၂၀၁၀ တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့သည်။ ထိုင်းနိုင်ငံတွင်ရှိစဉ် SAW အထက်တန်းကျောင်း၌ ၂၀၁၀ မှ ၂၀၁၃ အထိ ၇၊ ၈၊ ၉၊ ၁ဝ တန်း ကျောင်းသားများကို မြန်မာစာနှင့်သမိုင်း ပို့ချပေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး စာရေးသားခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ ၂ဝ၂ဝ ရွေးကောက်ပွဲတွင် UNDP ဒုတိယ ဥက္ကဋ္ဌ အဖြစ် လှုပ်ရှားခဲ့သည်။ ငယ်ရွယ်စဉ်ကပင် စာပေနှင့်ပန်းချီတွင် ဝါသနာထုံခဲ့သည်။ ကျောင်းသားဘဝတွင် ကျောင်းနံရံကပ် စာစောင်များမှာ ဆောင်းပါးများ ရေးသား၍ ပန်းချီသရုပ်ဖော်ပုံများ ရေးဆွဲခဲ့သည်။ ကျောင်းပန်းချီပြိုင်ပွဲများ၌ ဆုအကြိမ်ကြိမ် ရခဲ့သည်။ ကျောင်းစာကြည့်တိုက်မှူးတာဝန် ထပ်ကာထပ်ကာ ယူခဲ့သည်။ သင့်ဘဝမဂ္ဂဇင်း (နိုဝင်ဘာ ၁၉၇၇) တွင် “အနာဂတ်အာကာသလွန်းပျံယာဉ်” သိပ္ပံဆောင်းပါးကို ရေး၍ စာပေလောကသို့ ဝင်ခဲ့သည်။ ပထမဆုံးထုတ် လုံးချင်းစာအုပ်မှာ ကျောက်မျက်ရတနာလက်စွဲ (၁၉၉၂) ဖြစ်သည်။ “သန်းဝင်းလှိုင်”ကလောင်အမည်အပြင် သိပ္ပံချစ်သူ၊ ရွှေပြည်အောင်၊ စိန်လှိုင်တင်၊ နေရဲစွမ်း၊ ပြည်ဟိန်းအောင်၊ သန်းရွှေနိုင် … စသည့် ကလောင်ခွဲများဖြင့်လည်း သုတစွယ်စုံ၊ ပိတောက်ပွင့်သစ်၊ မြန်မာသစ်၊ နွယ်နီ၊ စံပယ်ဖြူ၊ ချယ်ရီ၊ မုခ၊ နှလုံးအိမ်၊ ပေဖူးလွှာ မဂ္ဂဇင်းများနှင့်ဂျာနယ်များ၊ သတင်းစာများတွင် လည်းကောင်း၊ မိုးမခ၊ ခေတ်ပြိုင်၊ သစ္စာ၊ မိုးကြိုး၊ ချိုးလင်းပြာ၊ အလင်းအိမ်စသည့် အင်တာနက် စာမျက်နှာများတွင်လည်းကောင်း သမိုင်း၊ စာပေ၊ အတ္ထုပ္ပတ္တိ၊ ခေတ်ပြိုင် လူမှုရေး နိုင်ငံရေး ဆောင်းပါးများကို ပင်ကိုရေး၊ ဘာသာပြန်၊ စုစည်းမှုပုံစံများဖြင့် ရေးသားခဲ့သည်။ လုံးချင်းစာအုပ်ပေါင်း (၈ဝ) ကျော် ပြုစု ထုတ်ဝေခဲ့သည့်အနက် အချို့မှာ နေမဝင်သေးသည့်ဘုရင်များ [ပ၊ ဒု] (၁၉၉၃)၊ လူတိုင်းအတွက် သုတဗေဒင် (၁၉၉၇)၊ အကျော်စေယျ စာဆိုတော်များ (၂ဝဝ၉)၊ မြန်မာ့သမိုင်းတွင် မေ့ပျောက်၍မရသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (၂ဝဝ၉)၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် (ပ၊ ဒု] (၂ဝ၁ဝ)၊ ဦးခင်ညွန့် သို့မဟုတ် ရက်စက်မှုအပေါင်းသရဖူဆောင်းသူ (၂ဝ၁၄)၊ နှစ် ၃ဝဝ မြန်မာ့နိုင်ငံရေးအဘိဓာန် [ပ နှင့် ဒု (ဇူလိုင် ၂ဝ၁၆)၊ တ (သြဂုတ် ၂၀၁၆)]၊ ရုန်းထွက်ခဲ့ရသော ဗမာပြည်(၂၀၁၆)၊ ဦးနေဝင်း၏ဇနီးတော်များ (၂ဝ၁၇)၊ ယနေ့တိုင်မင်းမူနေဆဲခရိုနီကြီးများ (၂ဝ၁၈)၊ သမိုင်းတစ်ကွေ့မှ အထင်ကရ နိုင်ငံရေးခေါင်းဆောင်များ (၂၀၁၉) တို့ ဖြစ်ကြသည်။ ၁၄ ဒီဇင်ဘာ ၂ဝ၂ဝ ရက် တနင်္လာနေ့ ည ၇:၃ဝ နာရီတွင် ၉၆ ပါးသော ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။