Failed to load image
ကြယ်နီ
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ကြယ်နီ [ ၁၉၂၂-၁၉၇၄ ] ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် ဗျင်းဘွဲရွာတွင် အဖ ဦးပိ၊ အမိ ဒေါ်စောမြတို့က ၁၉၂၂ ခုနှစ်တွင် မွေးဖွားသည်။ တရုတ်-မြန်မာ ကပြားဖြစ်၏။ မွေးချင်း ငါးယောက်အနက် ဒုတိယသား ဖြစ်သည်။ အမည်ရင်းမှာ ဦးမြင့်ဆွေ ဖြစ်၏။ မြန်မာစာ ပထမလက် အောင်သည်။ တရုတ်စာ တစ်ဆယ့်သုံးတန်းအောင်သည်။ ဓနုဖြူမြို့နယ် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် ဝါဒဖြန့်ချိရေးမှူးနှင့် ဓနုဖြူ စာပေဝါသနာရှင်များအသင်း၏ နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။ ငယ်စဉ်ကပင် စာပေဝါသနာပါခဲ့သည်။ ၁၉၅ဝ ပြည့်နှစ် ဧပြီလထုတ် ရှုမဝရုပ်စုံ မဂ္ဂဇင်း အမှတ် ၃၅ တွင် ပါဝင်သည့် 'ကိုတံငါ' ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင် ဝင်ရောက်သည်။ “ကိုဒေါင်းစိန်၊ မယ်စိန်' တို့ကို ပင်တိုင်ဇာတ်ဆောင်ပြု၍ ရေလုပ်သား ဘဝ သရုပ်ဖော် ဝတ္ထုတိုပေါင်း (၁၆)ပုဒ်၊ “ကိုဒေါင်းစိန်၊ မယ်စိန်” ဇာတ်ဆောင်မဟုတ် သည့် မြစ်ဝကျွန်းပေါ် တံငါလုပ်သား ဘဝ သရုပ်ဖော်ဝတ္ထု (၄)ပုဒ် [ အင်းလေလံ၊ ငါး နောက်သွား၊ အထင်တော် လွဲလို့ရယ် နှင့် ဗျိုင်းကျွန်းအင်းသားကြီး ဖိုးရွှေသီး]၊ စုစု ပေါင်း (၂၀) ပုဒ် ရေးသားခဲ့သည်။ ရေလုပ် သား တံငါသည်များ အကြောင်းကို ပထမ ဆုံးနှင့် အစဉ်တစိုက် ရေးဖွဲ့ခဲ့သည့် စာရေး ဆရာ တစ်ဦးပင် ဖြစ်သည်။ ၁၉၆၄ ခု အောက်တိုဘာလတွင် ရှုမဝစာအုပ်တိုက်က ကိုတံငါ (ပထမအုပ်)ကို ထုတ်ဝေခဲ့သည်။ ဝတ္ထုတို (၁ဝ) ပုဒ်၊ ပါဝင်သည်။ ၁၉၇၅ ခု ဖေဖော်ဝါရီလတွင် စာချစ်သူ စာအုပ်တိုက်က ကိုတံငါကို ဖြည့်စွက်ထုတ်ဝေခဲ့သည်။ ၁၉၅ဝ ခု ဧပြီလမှ ၁၉၅၅ ခု စက်တင်ဘာလအထိ ရှုမဝ မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြခဲ့သည့် “ကိုတံငါ” ဝတ္ထုတိုများအားလုံး စုပေါင်းပုံနှိပ်ခြင်းပင် ဖြစ်သည်။ စုစုပေါင်း အပုဒ် (၂၀) တိတိ ပါဝင်သည်။ ဝတ္ထုတိုအားလုံးကို တစ်ဆက် တစ်စပ်တည်း ဖတ်ကြည့်လျှင် ကိုဒေါင်းစိန်နှင့် မယ်စိန်သည် ရေလုပ်သား ဇနီးမောင်နှံ အားလုံးကို ကိုယ်စားပြု ဖန်တီးထားသော “စရိုက်တူ ဇာတ်ကောင်” ဘဝသရုပ်ဖော် တံငါလုပ်သား ဝတ္ထုရှည်ကြီးတစ်ပုဒ် သဖွယ်လည်း မှတ်ယူ ခံစားနိုင်ပါသည်။ ၁၉၅ဝ ပြည့်မှ ၁၉၅၃ ခုနှစ်အထိ ရှုမဝ၊ မြဝတီ၊ စာပေဗိမာန်မဂ္ဂဇင်း၊ လင်းယုန် ဂျာနယ်နှင့် သတင်းစုံဂျာနယ်တို့တွင် ကလောင်အမည်ရင်းဖြင့် လည်းကောင်း၊ ကလောင် ခွဲ “ပွင့်သစ်”ဖြင့် လည်းကောင်း မြန်မာ့ကျေးလက်စရိုက် ဘဝ၊ ဓလေ့ထုံးတမ်း၊ ခေတ်ပြိုင် ခံစားမှု၊ ရေမြေသဘာဝရှုခင်းနှင့် မြို့နေ ပွဲစားတို့၏ အမြီးအမောက် မတော်မတည့်မှုကို သရော်လှောင်ပြောင်သည့် ဝတ္ထုတို (၁၄)ပုဒ်ခန့် ရေးခဲ့သည်။ ယင်းတို့မှ ရှာဖွေတွေ့ခဲ့ သည့် ဝတ္ထုတို (၉)ပုဒ်ကို ခုနှစ် စီစဉ်၍ အပိုင်း(၂) ပီတိရိပ် ဝတ္ထုတိုများ အဖြစ် လည်းကောင်း၊ ကိုတံငါ ဝတ္ထုတိုပေါင်း အပုဒ် ၂ဝ ကို ရှုမဝမဂ္ဂဇင်းတွင် ပါဝင်ခဲ့သည့် လ၊ ခုနှစ်အလိုက် ရှေ့နောက် နေရာချထားပြီး အပိုင်း(၁) ကိုတံငါဝတ္ထုတိုများ အဖြစ် လည်းကောင်း စုစည်း၍ ကြယ်နီ၏ ဝတ္ထုတိုပေါင်းချုပ် အမည်ဖြင့် ရာပြည့်စာအုပ် တိုက်က ၁ သြဂုတ် ၂ဝဝ၁ တွင် ထုတ်ဝေခဲ့သည်။ ထို့ပြင် ၁၉၅၄ မှ ၁၉၅၆ ခုနှစ်ထိ ရှုမဝမဂ္ဂဇင်းတွင် တရုတ်စာပေပညာရှင်များ၏ အတ္ထုပ္ပတ္တိနှင့် တရုတ်ဝတ္ထုတိုများကိုလည်း ဘာသာပြန်ခဲ့ပါသေးသည်။ ယင်းတို့မှာ ချိယန်၊ စာဆိုတော်ကြီး ချိယန်၊ တွမ်ဝူးပွဲတော်နှင့် ချိယန်၊ ဝက်သတ်စားသောက်ပွဲကြီး၊ အစားမတော် တစ်လုတ်၊ လူပေါင်း ငါးဆယ်၊ ခွေး၊ စကားပြောသော သစ်ပင်၊ အဝီစိသို့၊ အာယုဒီဃဘုံနန်း စသည်တို့ ဖြစ်ကြသည်။ ၁၉၅၇ ခုနှစ် ဇူလိုင်လလောက်မှ စတင်၍ စိတ်ရောဂါ ဝေဒနာကြောင့် စာရေးခြင်းမှ နားခဲ့သည်။ ၁၉၇၄ ခု အောက်တိုဘာလ ၂၆ ရက် စနေနေ့ နံနက် ၆ နာရီ အချိန်တွင် ဓနုဖြူနေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သိန်းနှင့် သမီး မနှင်းရီတို့ ကျန်ရစ်ခဲ့သည်။