Failed to load image
ဝင်းတင့်
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ဝင်းတင့် [၁၉၅၆-၂ဝ၂၂] မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ဂွေးတောက်ကုန်းရွာ၌ အဖ ဦးချမ်းဒွေး၊ အမိ ဒေါ်ဖွားညွန့် တို့က ၁၅ အောက်တိုဘာ ၁၉၅၆ တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးဝင်းတင့် ဖြစ်သည်။ ၁၉၇၇ တွင် တပ်ကုန်းမြို့ အစိုးရအထက်တန်းကျောင်းမှ အခြေခံပညာအထက်တန်း အောင်မြင်ခဲ့သည်။ မန္တလေး ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် ဆက်လက်ပညာသင်ယူရာ ၁၉၈၁ တွင် ဘူမိဗေဒဘွဲ့ ရရှိခဲ့သည်။ ၁၉၉၁ မှ ၁၉၉၃ အထိ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ပညာ ဒီပလိုမာသင်တန်း အမှတ်စဉ် (၁ဝ) သို့ တက်ရောက်ခဲ့သည်။ ၁၉၈၁-၈၄ တွင် တပ်ကုန်းမြို့၌ မူလတန်းပြကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ၌ မိတ္ထီလာ ကောလိပ်တွင် စာကြည့်တိုက်လက်ထောက် (၃) အဖြစ် စတင်အမှုထမ်းခဲ့ပြီးနောက် ရာထူးအဆင့်ဆင့်တိုးကာ ၂၀၀၁ တွင် စာကြည့်တိုက်မှူး တာဝန်ယူခဲ့ရသည်။ ၂၀၁၆ တွင် မိတ္ထီလာတက္ကသိုလ် စာကြည့်တိုက်မှူးအဖြစ်နှင့် သက်ပြည့် အငြိမ်းစားယူခဲ့သည်။ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းထုတ် “စာကြည့်တိုက်အသင်း သတင်းလွှာ”တွင် အယ်ဒီတာအဖွဲ့ဝင် (၁၉၉၄) အဖြစ် ဆောင်ရွက်ခဲ့သည်။ စာကြည့်တိုက်တွင် အမှုထမ်းနေစဉ် မိတ္ထီလာကို ဗဟိုပြုလှည့်လည်ကာ ပေ၊ ပုရပိုက်၊ ကျောက်စာ၊ ခေါင်းလောင်းစာများကို ရှာဖွေစုဆောင်း မှတ်တမ်းတင်ခဲ့သည်။ မိတ္ထီလာကောလိပ် မြန်မာမှုကျမ်းရင်းအမည်နှင့် အမှတ်စဉ်ထိုး၍ အောက်ပါအတိုင်း ပြုစု ဖြန့်ချိခဲ့သည်။ ၁။ မိတ္ထီလာကန် သမိုင်း၊ မိတ္ထီလာနယ်မှ လက်ရေးစာများ (၁၉၉၄) ၂။ မိတ္ထီလာ ဒေသဆိုင်ရာ အထောက်အထားများ အညွှန်း (၁၉၉၅) ၃။ Bibliography of the works of Dr. Than Tun (1996) ၄။ Ga Bibliography of the Peoples and the Culture of Pyu (1997) ၅။ An Annotated Bibliography of the work of G. H. Luce and Catalogue of Books in His Library (1998) ၆။ Gu Index To The Mandalay University Annual Megazine (1999) ၇။ Catalogue of Books on Myanmar in the Library of Meikatila Degree College (2000) ၈။ Selected Bibliographical Guide to Scholastic works of Archaeologists in Myanmar (2001) ထို့ပြင် Database of Myanmar Studies Source Materials in Parabaiks Manu-scripts Part-1 (2003); Part-2 (2004); Part-3 (2005) တို့ကိုလည်းကောင်း တက္ကသိုလ် ဘူမိဗေဒဌာန နှစ် ၅ဝ ပြည့် ရွှေရတုမဂ္ဂဇင်း (၂၀၀၃) တွင် Bibliography on Primate and Early man in Myanmar (မြန်မာနိုင်ငံမှ ပရိုင်းမိတ်လူနှင့် ရှေးဦးလူ စာစုစာရင်း) နှင့် ဘူမိဗေဒဌာန နှစ် ၆ဝ ပြည့် အကြိုမဂ္ဂဇင်း (၂၀၁၁) တွင် Bibliography on Geology of Myanmar Published in Konbaung Period တို့ကို လည်းကောင်း ပြုစုခဲ့သည်။ မန္တလေးတက္ကသိုလ်တွင် ပညာဆည်းပူးနေစဉ် ဘူမိဗေဒပညာအသင်း၏ “မီးတောင်ပျို"စာစောင်မှာ 'မောင်ဝင်းသစ်’ ကလောင်အမည်နှင့် စတင်၍ ကလောင်သွေးခဲ့သည်။ စာကြည့်တိုက်အမှုထမ်းအဖြစ်နှင့် အတွေးအမြင်၊ ပန်းဝေသီ၊ ပန်၊ ကွန်ပျူတာ သတင်းလွှာ၊ ရွက်နုဝေ၊ ရှုထောင့်သစ်ဂျာနယ်၊ မိတ္ထီလာတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ မိတ္ထီလာ စီးပွားရေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းများတွင် ‘ဝင်းတင့်' အမည်နှင့် ဆောင်းပါးများ ရေးသားခဲ့သည်။ ပြုစုထုတ်ဝေခဲ့သောစာအုပ်များမှာ လူထုဒေါ်အမာ ဘဝနဲ့စာပေရက်စွဲများ လူထုဒေါ်အမာ (၈၀) ပြည့် မွေးနေ့အမှတ်တရလက်ဆောင်) (နိုဝင်ဘာ ၁၉၉၅)၊ စာပွဲသဘင် (ရွှေပြည်ဦးဘတင်၏ ဟောပြောချက်များ (တိတ်သားမှ ပြန်ကူးရေး၍)] (ဖေဖော်ဝါရီ ၂၀၁၀)၊ စာကြည့်တိုက်ထဲက စကားပြန် [၁၇ ကြိမ်မြောက် (၂ဝ၁၇ ခုနှစ်) ဆရာဝန်တင်ရွှေ စာပေဆု | (ဒီဇင်ဘာ ၂၀၁၇) တို့ ဖြစ်ကြသည်။ ‘စာကြည့်တိုက်ထဲက စကားပြန်”သည် နှစ် (၃ဝ) ခန့် စာကြည့်တိုက်အမှုထမ်းတစ်ဦးက စာကြည့်တိုက်မှူး ဘဝအတွေ့အကြုံများ၊ လေ့လာမှတ်သား သုတေသနရလဒ်များ၊ စာကြည့်တိုက်၏ တန်ဖိုးများနှင့် စပ်လျဉ်းသည်များကို ရေးသားပြုစုထားသည့် ဆောင်းပါး (၂၁) စောင်ပါ စာအုပ်ဖြစ်သည်။ စာကြည့်တိုက်များရဲ့ ရေဆန်လမ်း၊ စာကြည့်တိုက်မှူး, စာရေးဆရာနဲ့ စာဖတ်သူ၊ ပဲရော့ဦးဆန်နီ, ဦးကြီး ဖာနီဗဲနဲ့ စာကြည့်တိုက်များ အရေး၊ ပုဂံခေတ် ပိဋကတ်တိုက် များ၊ စာကြည့်တိုက်ထဲက စကားပြန်၊ စာစုစာရင်းနဲ့ အညွှန်းများကဲ့သို့သော စာကြည့်တိုက်ဆိုင်ရာများ၊ ပေ ပုရပိုက်များရဲ့ နောင်ရေး၊ ဘိလပ်ရောက် ပေပုရပိုက်များ၊ ပုရပိုက်ရေးထုံး၊ ဆေးရေးပုရပိုက်များကဲ့သို့သော ရိုးရာအမွေ ပေပုရပိုက်ဆိုင်ရာများ၊ မင်းတုန်းမင်းရဲ့ မန္တလေးယာယီစံနန်းတော်၊ မန္တလေးရွှေကြိုးသတ်နယ်မြေပုံ၊ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (၁)၊ (၂)၊ ဘင်္ဂလားသွား ပညာတော်သင်များ၊ ဘင်္ဂလားမှပေးစာများ ကဲ့သို့သော သမိုင်းဆိုင်ရာများနှင့် စာကြည့်တိုက်မှူးအချို့၏ ဘဝအကြောင်းတစေ့တစောင်း၊ ဦးတက်ထွဋ် ရုပ်ပုံလွှာအဖွဲ့တို့ ပါဝင်ကြသည်။ ၂ဝဝဝ ပြည့်နှစ်တွင် ပါကင်ဆန်ရောဂါ စတင် ခံစားခဲ့ရသည်။ ၁၆ အောက်တိုဘာ ၂ဝ၂၂ နံနက် ၁ဝးဝဝ နာရီကျော်တွင် မိတ္ထီလာမြို့မှာ ကွယ်လွန်ခဲ့သည်။