Failed to load image
မဟာပညာဗလပဌမကျော်ဦးကြီးဖေ
စာအုပ် 2 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
မဟာပညာဗလ ပထမဧကျာ်ဦးကြီးဧဖ (၁၈၉၅-၁၉၆၇) ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် အရှေ့ဘက် (၄) မိုင်ကွာ အလာတတ် ကျေးရွာ၌ အဖ တောင်သူလယ်သမားကြီး ဦးဖြိုး၊ အမိဒေါ်ညက် တို့က ၁၂၅၆ ခုနှစ် ပြာသိုလပြည့်ကျော် ၁ ရက် (၁၀ ဇန်နဝါရီ ၁၈၉၅) ကြာသပတေးနေ့ ညဉ့် ၂ ချက်တီးကျော်တွင် မွေးဖွားခဲ့သည်။ သာမဏေဘွဲ့ ရှင်ပညာသီဟ၊ ရဟန်းဘွဲ့ ဦးပညာသီဟ၊ လူအမည် ဦးကြီးဖေ ဖြစ်သည်။ ငယ်စဉ်က ကျေးလက်ဘုန်းတော်ကြီး ကျောင်းများမှာ အခြေခံ ဗုဒ္ဓဘာသာစာပေများကို သင်ယူခဲ့သည်။ သာမဏေဝတ်နှင့် (၅) နှစ်၊ ရဟန်း (၅) ဝါ ရသည့်တိုင်အောင် မြန်ပြည် ထက်အောက် ပိဋကတ်ကျမ်းဂန်တတ် ထင်ရှားသော ဆရာတော်ကြီးများထံမှာ အထက်တန်း ဗုဒ္ဓစာပေများကို လှည့်လည်သင်ယူခဲ့သည်။ လောကီ၊ လောကုတ္တရာ ပိဋကတ်စာပေ ဘာသန္တရ၊ ဂန္ထန္တရ အထွေထွေကို လေ့လာ ခဲ့သည်။ ပျို့ ကဗျာ လင်္ကာများ၊ နိပါတ်တော် ရာဇဝင် မဟာဝင်များ၊ ဆေးကျမ်း နက္ခတ် ဗေဒင်ကျမ်းတို့ကိုပါ ဆရာတစ်ဆူလို တတ်မြောက်ခဲ့သည်။ ၁၉၁၈ တွင် ပျဉ်းမနားကျောင်းတိုက်သို့ ပြောင်းရွှေ့ သီတင်းသုံးနေတော်မူသော လယ်တီဆရာတော်ကြီးထံ ဆည်းကပ်ခိုလှုံ၍ ပညာသင်ကြားခဲ့ပြန်သည်။ ဆရာတော်ကြီးကို ဝတ်ကြီးဝတ်ငယ် ပြုစုရင်း ပိဋကတ်ကျမ်းဂန် အရပ်ရပ်မှ ခဲကတ်ရာ ပြဿနာတို့ကို လျှောက်ထား၊ အချောသပ် အမွှမ်းတင်ခဲ့သည်။ ပထမငယ်တန်း (၁၉၁၆)၊ ပထမလတ်တန်း (၁၉၂ဝ) အောင်မြင်ခဲ့ပြီး ၁၉၂၁ ခုနှစ် မန္တလေးမြို့ သကျသီဟ စာမေးပွဲကြီးတွင် သကျသီဟ စာချတန်းကို တစ်နံပါတ်စွဲ၍ အောင်မြင်ခဲ့သည်။ ၁၉၂၂ ခုနှစ် အစိုးရ ပါဠိပထမပြန် စာမေးပွဲကြီးတွင် ဝင်ရောက်ပြန်ဆိုရာ ပထမကျော် အောင်ပန်းကို ဆွတ်လှမ်းခဲ့ပေသည်။ ထိုနှစ်တွင်ပင် အမျိုးသား ပရိယတ္တိ စာမေးပွဲကြီးတွင်လည်း ပထမကျော်တန်းကို ထပ်ဆင့်အောင်မြင်ခဲ့သည် ဖြစ်သောကြောင့် ‘ပရိယတ္တိ သာသနာလင်္ကာရ သံဃကေတု”ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိခဲ့ပေသည်။ ထို့နောက် အမြို့မြို့ အနယ်နယ်ရှိစာသင်တိုက်ကြီးများသို့ လှည့်လည်၍ ပိဋကတ်ကျမ်းဂန်များကို စာသင်သားအပေါင်းအား ပို့ချပေးခဲ့တော့သည်။ အသက် (၃၉) နှစ် အရွယ် (၁၉၃၄ ခုနှစ်) တွင် လူ့ဘောင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်မှစ၍ သာယာဝတီ ဦးဉေယျ၏ သာသနာပြုသတင်းစာ အယ်ဒီတာချုပ်အဖြစ် (၃) နှစ်၊ သုဓမ္မဝတီစာပုံနှိပ်တိုက် ပါဠိဆရာအဖြစ် (၃) နှစ်၊ ဟံသာဝတီပိဋကတ်ပုံနှိပ်တိုက် ပါဠိဆရာအဖြစ် (၂) နှစ်၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာအဘိဓာန်ဌာန စာစုဆရာအဖြစ် (၂) နှစ်၊ စစ်ပြီးခေတ် ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန နည်းပြဆရာ အဖြစ် (၃) နှစ် လုပ်ကိုင်ခဲ့ပြီးနောက် အစိုးရ သာသနာရေးဌာနတွင် သာသနာ့ညွှန်ကြားရေးဝန်အဖြစ် အငြိမ်းစား ယူသည်အထိ အမှုထမ်းခဲ့သည်။ သာသနာ့ညွှန်ကြားရေးဝန် တာဝန်ထမ်းဆောင်စဉ်- (၁) ဆဋ္ဌသင်္ဂါယနာ စီမံကိန်း၊ (၂) ပိဋကတော် မြန်မာပြန် စီမံကိန်း၊ (၃) ပါဠိ-မြန်မာ အဘိဓာန် စီမံကိန်း၊ (၄) ရာဇတာရုဠ ခေါ် ငွေထက်အက္ခရာ စီမံကိန်း၊ (၅) သာသနာဝင် သာသနာ့သမိုင်း စီမံကိန်းကြီးများကို အုတ်မြစ်ချ စတင် အကောင်အထည်ဖော်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ပါဠိအသင်း နာယက၊ တောင်တန်းသာသနာပြုအဖွဲ့ အမှုဆောင်၊ ရမည်းသင်းခရိုင် တက္ကသိုလ်ကျောင်းသူကျောင်းသားများအသင်း နာယက၊ ပျော်ဘွယ်မြို့နယ်အသင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။ ထို့ပြင် ဘာသာ၊ သာသနာ၊ လူမှုရေး အသင်းများ ဖြစ်ကြသည့် စေတီယင်္ဂဏ ပရိယတ္တိ အသင်း ၊ပရိယတ္တိသာသနာ့နုဂ္ဂဟအသင်း၊ လူပြန်တော်ပညာရှိအသင်း၊ ကဝိဘိသက္ကဆေးဆရာကြီးများအဖွဲ့ချုပ်၊ သဘာဝဓမ္မဆေးဆရာကြီးများအဖွဲ့ချုပ်၊ ဗဟိုသမားတော်များ အဖွဲ့ချုပ်၊ ဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့၊ တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့ စသည်တို့တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်တွင် ဆဋ္ဌသင်္ဂါယနာတင် ဓမ္မပွဲတော်ကြီးကို ထမြောက်အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုအတွက် နိုင်ငံတော် သမ္မတကြီးက ချီးမြှင့်သော “မဟာပညာဗလ” ဘွဲ့တံဆိပ်ကို ရရှိခဲ့သည်။ လူပညာရှိများထဲတွင် တစ်ဦးတည်းသာ ပေးအပ်ဂုဏ်ပြုခံရသောဘွဲ့ ဖြစ်ပေသည်။ ပြုစုခဲ့သော ကျမ်းစာပေါင်း ၃ဝ ကျော် ၄ဝ ခန့်အနက် အချို့မှာ ပုစ္ဆာအဖြေနည်းပြကျမ်း၊ ဗုဒ္ဓဝံသတ္ထဒီပကကျမ်း၊ ဆရာတော်ဦးဝိုင်းထေရုပ္ပတ္တိဒီပနီ၊ တောင်ဘီလူးဆရာတော် မဟာထေရုပ္ပတ္တိကထာပါဠိနိသျှ၊ အလင်္ကာနိသျှသစ်၊ ပဋ္ဌာန်းအနုဂဏ္ဌိ၊ ငါးရာ့ငါးဆယ်နိပါတ်တော်စကားပြေ [ခုနစ်တွဲ] (၁၉၅၆-၅၈)၊ ကပ်ကျော်ဝတ်ရွတ်စဉ်ကြီး၊ သီရိမင်္ဂလာဝတ်ရွတ်စဉ်၊ ဗြဟ္မဇာလသုတ်မြန်မာပြန်၊ ဥပ္ပါတသန္တိမြန်မာပြန်၊ ဥဩမင်းပျို့၊ ရာဇနီတိပျို့၊ ဓမ္မဓဇပျို့သစ်၊ မဟာရဟနီတိချိုး၊ စိန္တာမယနီတိချိုး၊ မဟာသမယသုတ် ရှစ်လုံးဖွဲ့ကဗျာ တို့ ဖြစ်ကြသည်။ “ငါးရာ့ငါးဆယ် နိပါတ်တော် စကားပြေ”သည် ဘုရားဟော ပိဋကတ်သုံးပုံအဝင် ခုဒ္ဒကနိကာယ်သုတ္တန်ပိဋကတ်လာပါဌဇာတ်ပါဠိတော်တွင် ရှိသည့် ဧကနိပါတ် အစ အသီတိနိပါတ် အဆုံး ၅၅ဝ ခေါ် ဇာတ်တော် ၅၄၇ ခုကို မြန်မာစကားပြေဖြင့် ပြုစုထားသောကျမ်း ဖြစ်သည်။ ၁၉၅၆ မှ ၁၉၅၈ အထိ ခုနစ်တွဲကို တစ်တွဲစီ ခွဲ၍ထုတ်ဝေ ရိုက်နှိပ်ခဲ့သည်။ ၁ဝ ဒီဇင်ဘာ ၁၉၆၇ တွင် ကွယ်လွန်ခဲ့သည်။