Failed to load image
တက္ကသိုလ် နန္ဒမိတ်
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
တက္ကသိုလ် နန္ဒမိတ် [ ၁၉၂၃-၁၉၈၆ ] ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ အဖ မြို့ပိုင် ဦးမောင်မောင်ကြီး၊ အမိ ဒေါ်ရွှေတို့က ၁၉၂၃ ခု မတ်လ ၇ ရက်နေ့ (၁၉၂၂ ခု မတ်လ ရက် ကြာသပတေးနေ့ ဟု “တက္ကသိုလ်နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူ” တွင် ဖော်ပြ ထားသည်) တွင် ဖွားမြင်သည့် အမြွှာ ညီ အစ်ကို နှစ်ဦးအနက် ပထမ ဖွားမြင်သော သား ဖြစ်သည်။ ထို့ကြောင့် ငယ်စဉ်က “ကိုကို” ဟု ခေါ်ခဲ့ကြပြီး၊ အမည်ရင်းမှာ ဦးတင်အောင်ဖြစ်သည်။ မွေးချင်း သုံးဦးတွင် အကြီးဆုံး ဖြစ်သည်။ တောင်ကုတ်မြို့ တိုင်းရင်းမြန်မာ အလယ်တန်းကျောင်းတွင် ပဉ္စမတန်းထိသင်ယူခဲ့သည်။ ထို့နောက် သံတွဲမြို့ အင်္ဂလိပ်- မြန်မာ အစိုးရအထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၄၆ တွင် သံတွဲကျောင်းမှပင် တက္ကသိုလ်ဝင်စာမေးပွဲကို အင်္ဂလိပ်စာ ဂုဏ်ထူးနှင့် အောင်ခဲ့သည်။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက် ပညာသင်ခဲ့သည်။ ၁၉၅ဝ ပြည့်တွင် ဝိဇ္ဇာတန်း နောက်ဆုံးနှစ်စာမေးပွဲကို မဖြေတော့ဘဲ တက္ကသိုလ်မှ ထွက်ခဲ့သည်။ ဂျပန်ခေတ်တွင် ဂျပန် တော်လှန်ရေးလုပ်ငန်းကို ကွယ်လွန်သူ မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဦးကျော်ရင်နှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့သည်။ တက္ကသိုလ်မှ ထွက်ပြီးနောက် တိုးတက်ရေးသတင်းစာတွင် လက်ထောက်အယ်ဒီတာ၊ ၁၉၅၃ တွင် ဝါးခယ်မမြို့ အစိုးရအထက်တန်းကျောင်းတွင် အထက်တန်းပြဆရာ၊ ၁၉၅၄ တွင် မြဝတီမဂ္ဂဇင်းတိုက်ထုတ် “ရောင်ခြည်ဂျာနယ် အယ်ဒီတာ၊ ထို့နောက် ၁၉၅၄ တွင် မြဝတီမဂ္ဂဇင်း၌ တာဝန်ခံစာတည်း မှသည် ၁၉၆ဝ ပြည့်တွင် အယ်ဒီတာချုပ်အထိဆောင်ရွက်ခဲ့သည်။ ၁၉၆ဝ ပြည့်တွင် ရုပ်ရှင်ပဒေသာမဂ္ဂဇင်း အယ်ဒီတာ၊ ထိုစဉ်မှာပင် နဝဒေးမဂ္ဂဇင်း စာတည်းချုပ်၊ စုံထောက်မဂ္ဂဇင်း ဦးစီးတည်ထောင်သူနှင့် စာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းတွင် သံတွဲမြို့သို့ သွားရောက် နေထိုင်ခဲ့သည်။ ၁၉၇၇ တွင် စစ်ပြန်မဂ္ဂဇင်း အယ်ဒီတာအဖြစ် အမှုထမ်းခဲ့သည်မှာ ကွယ်လွန်သည် အထိပင် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ပညာသင်နေစဉ်မှာပင် တက္ကသိုလ် စာပေလှုပ်ရှားမှု များတွင် ပါဝင်ခဲ့ကာ ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားခဲ့သည်။ ၁၉၅ဝ ပြည့် ရန်ကုန် တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် မြန်မာကဏ္ဍ တွဲဖက်စာတည်း၊ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူကျောင်းသားများ မဂ္ဂဇင်း အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ရန်ကုန် တက္ကသိုလ် ရခိုင်အသင်းကြီးက ကြီးမှူးကျင်းပသည့် ဝတ္ထုတိုပြိုင်ပွဲတွင် “ကဗျာတစ်ကျော့” ဝတ္ထုတိုဖြင့် ပထမဆု ရခဲ့သည်။ တက္ကသိုလ်နန္ဒမိတ် ကလောင်အမည်ဖြင့် တက္ကသိုလ် ထုတ် မဂ္ဂဇင်းများအပြင် သွေးသောက်၊ တာရာ၊ စာပေသစ်၊ ကြေးမုံ၊ ဂျာနယ်ကျော်တို့တွင် ဝတ္ထုရှည်၊ ဝတ္ထုတို၊ ဆောင်းပါး၊ ပြဇာတ်၊ ကဗျာ၊ ဘာသာပြန်များကို ရေးသားခဲ့သည်။ နန္ဒာပုလဲ(၁၉၅ဝ)၊ သင်ကြားပါလေဦးဆရာ(အားနက်စ်ဟဲမင်းဝေး၏ For Whom The Bell Tollsကို မှီးသည်။)၊ ဆယ်ပြည်ထောင် ချော့တော့ မပြုံး၊ စောနန္ဒာ(၁၉၆၈)၊ စောကြိုလှည့်ပါ စသည့် ဝတ္ထုများ၊ မြဝတီစစ်ကြောင်း(၁၉၆၇)၊ ပန်းဝါစစ်ကြောင်း (၁၉၆၇)၊ ရွှေပြည်ကြီး၊ ဗန္ဓုလခံတပ် (၁၉၆၈) စသည့် သမိုင်နောက်ခံ ဝတ္ထုများ၊ မြန်မာပြည်စစ်မြေပြင် (၁၉၆၅)၊ အင်ဖာတိုက်ပွဲ(၁၉၆၅)၊ မန္တ လေးကိုဖြတ်၍(၁၉၆၅)၊ ထောင့်ကိုးရာလေးဆယ်နှစ် (၁၉၆၇)၊ မြစ်ကြီးနားတိုက်ပွဲ (၁၉၆၇)စသည့် ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံနှင့် စပ်ဆိုင်သော စစ်ပွဲမှတ်တမ်း ဘာသာပြန်များ၊ စာရေး ချင်သော သူများသို့ (၁၉၆၁)နှင့် ယုံကြည်ချက်အတွက် အသက်စွန့်သူများ(၁၉၆၇) ကျမ်းစာအုပ်တို့မှာ ထင်ရှားသည်။ “နန္ဒာပုလဲ”မှာမူ ပြောစမှတ် အပြုရဆုံးနှင့် အထူးခြား အလှပဆုံး မှတ်တိုင်တစ်ခုပင် ဖြစ်သည်။ ၁၉၈၆ ခု နိုဝင်ဘာလ ၁၅ ရက် ည ၁ဝ နာရီ ၅ မိနစ်တွင် ရန်ကုန် အင်းစိန်၌ ကွယ်လွန်သည်။