Failed to load image
ဦးရွှေအောင်
စာအုပ် 7 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ဦးရွှေအောင် [ မဟာဝိဇ္ဇာ(သက္ကတ)၊ ဝဋံသကာနှင့် သိရောမဏိ] [ ၁၉၂၈-၁၉၉၄ ] ပဲခူးတိုင်း ကဝမြို့နယ် ဖလေးရွာတွင် အဖ လယ်သမားကြီး ဦးစု၊ အမိ ဒေါ်အုန်းရှင်တို့က ၁၉၂၈ ခု ဇွန်လ ၇ ရက် သောကြာနေ့တွင် မွေးဖွားသည်။ မွေးချင်း ငါးယောက်တွင် အကြီးဆုံး ဖြစ်သည်။ အမည်ရင်းမှာ ဦးရွှေအောင် ဖြစ်သည်။ ငယ်စဉ်ကပင် မိဘနှစ်ပါး ကွယ်လွန်ခဲ့သောကြောင့် အဘိုး၊ အဘွားတို့နှင့် အတူ နေခဲ့ရသည်။ ဖလေးရွာ အလယ်ကျောင်း (၁၉၃၅)၊ ပဲခူးမြို့ မဟာဝိသုတာရာမကျောင်းတိုက် (၁၉၄၆)၊ ရန်ကုန်မြို့ မင်းမနိုင်ကွက်သစ် သိပ္ပမဉ္ဇူကျောင်း၊ အလုံ အောင်မင်္ဂလာတိုက်သစ်၊ ဗဟန်း ညောင်တုန်းကျောင်းတိုက်၊ မန္တ လေးမြို့ တောင်ပြင်ဘုရားကြီးတိုက် ဆရာတော် ဦးကြယ်ကျောင်း(၁၉၄၈)၊ ရန်ကုန်မြို့ အိမ်တော်ရာ ဓမ္မရံသီကျောင်းတွင် စာပေပို့ချရင်း အင်္ဂလိပ်စာ လေ့လာ(၁၉၅၅)၊ သက်ကြီးတက္ကသိုလ် တက်(၁၉၆ဝ)၊ ကိုလံဘိုစီမံကိန်း ပညာတော်သင်အဖြစ် အိန္ဒိယပြည် ဘုံဘေတက္ကသိုလ် (၁၉၇၁) တို့တွင် ပညာသင်ခဲ့သည်။ စေတီယင်္ဂဏ ဓမ္မာစရိယ၊ သကျ သီဟ ဓမ္မာစရိယ (ဝဋံသကာ)၊ အစိုးရ ဓမ္မာစရိယ (သိရောမဏိ)[၁၉၅၃]၊ တက္ကသိုလ် ဝင်တန်း (၁၉၅၆)၊ ရန်ကုန်တက္ကသိုလ်မှ ဥပစာတန်းအောင် (၁၉၅၈)၊ သက်ကြီးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (၁၉၆၅)၊ ဘုံဘေ တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ (သက္ကတ)တို့ကို ရရှိခဲ့သည်။ ၁၉၄၁ တွင် ရှင်သာမဏေဝတ်သည်။ ၁၉၄၈ ဇန်နဝါရီ ၃၀ ရက်တွင် ပဲခူးမြို့နယ် ရွှေအိုးရွာနေ ဦးပိန်၊ ဒေါ်အုန်းပွင့် မိသားစုတို့က ရဟန်းဒါယကာအဖြစ် ခံယူပြီး ရွှေအိုးဆရာတော် ဦးကေလာသကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်သည်။ ရဟန်ဘွဲ့မှာ ဦးသုနန္ဒဖြစ်သည်။ ၁၉၅၅ တွင် ရန်ကုန်မြို့ အိမ်တော်ရာ ဓမ္မရံသီကျောင်း၌ စာပေများ ပို့ချသည်။ ၁၉၅၉ တွင် ဖလေးရွာ အလယ်ကျောင်းနှင့် ပဲခူးမြို့ မဟာဝိသုတာ ရာမ ကျောင်းတိုက်တို့တွင် ကျောင်းထိုင်သည်။ ၁၉၆ဝ တွင် လူဝတ်လဲသည်။ ပြည်သူ့ ထောက်ပံ့ရေး အုပ်ချုပ်ရေးအဖွဲ့၌ ဝန်ထမ်း(၁၉၆ဝ)၊ ဗုဒ္ဓသာသန အဖွဲ့၌ လက်ထောက် အယ်ဒီတာ (၁၉၆၈)၊ အုပ်ချုပ်ရေးအရာရှိ(၁) [၇ မတ် ၁၉၇ဝ)၊ သာသနာရေး ဦးစီးဌာန၌ ဌာနစုမှူး (စီမံ)[ ၁ အောက်တိုဘာ ၁၉၇၂]၊ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာန၏ ပြင်ပစာစစ်သူ(၁၉၇၂)၊ သာသနာရေး ဦးစီးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူး (၁ဝ နိုဝင်ဘာ ၁၉၈၁)၊ ဒုတိယ ညွှန်ကြားရေးမှူး(၁၂ ဒီဇင်ဘာ ၁၉၈၂)၊ တွဲဖက် ညွှန်ကြားရေးမှူး (၁၅ စက်တင်ဘာ ၁၉၈၆) တာဝန်များကို ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် စည်းမျဉ်းပြင်ဆင်ဖြည့်စွက်ရေးအဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ပြဋ္ဌာန်းစာအုပ်များ ပြုစုရေးအဖွဲ့ အဖွဲ့ဝင်နှင့် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ဗဟိုအဖွဲ့ အဖွဲ့ဝင် (၁၉၈၆-၈၇)၊ အိန္ဒိယသို့ ဗုဒ္ဓဂါယာ ဘုရားဖူးအဖွဲ့ အဖွဲ့ခေါင်းဆောင် (ဖေဖော်ဝါရီ ၁၉၈၇)၊ ထိုင်းနိုင်ငံ ဗန်ကောက် မြို့သို့ သာသနာရေး အထူးတာဝန်ဖြင့် သွားရောက်ခြင်း (၂၆ နိုဝင်ဘာ ၁၉၈၇) တို့ကို ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ တွင် အငြိမ်းစားယူခဲ့သည်။ ဆဋ္ဌသင်္ဂါယနာမူ ပါဠိတော် အားလုံးကို ဒေဝနာဂရီအက္ခရာသို့ ပြန်ရာတွင် ပါဝင်ခဲ့သည်။ ၁၉၉၃ ခု ဇွန်လ ၁ ရက်နေ့မှ စ၍ သာသနာရေးဝန်ကြီးဌာန အကြံပေးပညာရှင်များ အဖွဲ့တွင် ပါဝင် ဆောင်ရွက်ခဲ့သည်။ ဗုဒ္ဓဘာသာတရားတော် (အခြေခံအဆင့်) နှင့် (အထက်တန်းအဆင့်) ကျမ်းများ ပြုစုရေးသားရာတွင် ပါဝင်ခဲ့သည်။ ၁၉၉၂ တွင် “သဒ္ဓမ္မဇောတိကဓဇေ” (သာသနာပြု)ဘွဲ့ ချီးမြှင့်ခံရသည်။ ထုတ်ဝေပြီးသော စာအုပ်များမှာ ရသစာပေ၏ရသ (၁၉၈ဝ)၊ အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ် (၁၉၈၆)၊ ပါဏိနိ သိဒ္ဓန္တကော်မုဒီ ပထမတွဲ (၁၉၈၉)၊ ထေရဝါဒအုတ်မြစ် (၁၉၉၁)၊ ဓမ္မပဒ [ယမကဝဂ်(၁၉၉၁)၊ စိတ္တဝဂ်(၁၉၉၄)၊ အပ္ပမာဒ ဝဂ်(၁၉၉၆)၊ ပုပ္ဖဝဂ်(၁၉၉၇)၊ ဝဂ်လေးခုပေါင်းချုပ် (၂ဝဝ၂)]၊ အမြင်များပြောင်းလဲခြင်း နှင့် အတွေးအမြင် စာစုများ(၁၉၉၄)၊ ဗုဒ္ဓ-လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်၊ ကိုယ်ကျင့်ဗုဒ္ဓဝင် (၁၉၉၄)၊ ဘဝအမြင်သစ် (၁၉၉၅)၊ ဗုဒ္ဓ သို့မဟုတ် အနှိုင်းမဲ့ (၁၉၉၅)၊ ချမ်းသာကို ရှာဖွေခြင်း(၁၉၉၅)၊ စာဖတ်သူများ(၁၉၉၆)၊ ဘဝအကျဉ်းသား(၁၉၉၆)၊ ကုသိုလ်နှင့် အကုသိုလ် (၁၉၉၆)၊ ဗုဒ္ဓဝါဒ ပေါ်ထွန်းခြင်း(၁၉၉၇) နှင့် သံဃာ့ကျေးဇူး (၂ဝဝ၅) တို့ ဖြစ်ကြသည်။ ၁၉၉၄ ခု ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။