Failed to load image
တည်တောဆရာတော်ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ
စာအုပ် 16 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
တည်တောဆရာတော် ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ [ ၁၉၁၃-၁၉၉၈ ] စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့ အမှတ် ၄ နယ်မြေ ချွန်းတောင်တန်း ရပ်ကွက်၌ ခမည်းတော် ဦးဝင်း၊ မယ်တော် ဒေါ်ရင် တို့က ၁၂၇၅ ခုနှစ် နှောင်းတန်ခူး လဆန်း ၁၄ ရက် (၁၉ ဧပြီ ၁၉၁၃) စနေနေ့ ညဦး ၇ နာရီ အချိန်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်၍ ငယ်မည်မှာ မောင်ကျော်သိန်း ဖြစ်သည်။ ခုနစ်နှစ် အရွယ်တွင် ရွှေဂူကျောင်း၌ စတင် ပညာသင်ယူသည်။ ထို့နောက် ထီးချိုင့် ဒေါ်သိန်းတင်-ဒေါ်သိန်းရှင် မူလတန်းကျောင်းသို့ ပြောင်းရွှေ့ သင်ယူရာ၊ ၁၂ နှစ်အရွယ်တွင် စတုတ္ထတန်း အောင်မြင်ခဲ့သည်။ အလယ်တန်းပညာကို ၎င်းကျောင်းမှာပင် ၂ နှစ်ခန့် သင်ယူခဲ့သေးသည်။ ၁၂၉၂ ခု ဝါဆိုလ (အသက် ၁၆ နှစ်) တွင် ရွှေစည်းခုံကျောင်း ဆရာတော် ဦးဝါယမကို ဥပဇ္ဈာယ်ပြု၍ မိဘ အစ်ကို အစ်မများ၏ အထောက်အပံ့ဖြင့် ရှင်သာမဏေဝတ်သည်။ ဘွဲ့မှာ ရှင်ဒေဝိန္ဒာ ဖြစ်သည်။ ၁၂၉၅ ခု နယုန်လပြည့် ကျော် ၆ ရက် အင်္ဂါနေ့ နံနက် ၈:၄၅ နာရီတွင် ရွှေစည်းခုံကျောင်း ခဏ္ဍသိမ်တော်၌ ရွှေစည်းခုံသိမ်တိုက်ဆရာတော်ကြီး ဦးဝါယမကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ သာမဏေ (၃) ဝါ အထိ လည်းကောင်း၊ ရဟန်း (၆) ဝါအထိ လည်းကောင်း ရွှေစည်းခုံကျောင်း ဒုတိယဆရာတော် ဦးအိန္ဒိယနှင့် စာချဆရာတော် ဦးကောသလ္လ တို့ထံတွင် ပရိယတ္တိ အခြေခံ ကျမ်းစာများကို နည်းခံ သင်ယူတော်မူခဲ့သည်။ ၁၂၉၉ ခု ကဆုန်လပြည့်တွင် မိုးကုတ်ရွှေကျောင်းဆရာတော် ဦး ကလျာဏထံသို့ ပြောင်းရွှေ့လျက် ပရိယတ္တိစာပေများကို ကျမ်းကြီးပေါက် သင်ယူခဲ့ပြန်သည်။ ဒုတိယကမ္ဘာစစ် ဖြစ်စတွင် ထီးချိုင့်မြို့သို့ ပြန်ကြွလာခဲ့သည်။ ဂျပန် ခေတ်တွင်ထီးချိုင့် ရွှေစည်းခုံ ဆရာတော်ကြီးထံမှာ ခြောက်လ၊ ခုနစ်လခန့်မျှ ဝိနည်းအဋ္ဌကထာ၊ အဋ္ဌသာလိနီကျမ်းများကို သင်ယူသည်။ စစ်ဘေးကြောင့် မယ်ဇလီသို့ ပြောင်းရွှေ့ခဲ့သည်။ တစ်ဖန် ၁၃၀၆ တွင် ရွှေအင်ကြင်းတောရသို့ ပြောင်းရွှေ့ ဝါဆိုသည်။ ထိုမှ သခွတ်ချောင်အနောက် ခပေါင်းကုန်းတန်းသို့ ကြွရောက်ခဲ့သည်။ မဟာမိတ်တပ်များ ဝင်လာသောအခါ ခပေါင်းကုန်းတန်းမှ သခွတ်ချောင်ကျောင်းသို့ ပြန်ကြွတော်မူသည်။ ၁၃ဝ၇ ခု ဝါဆိုလဆန်းတွင် တည်တောရွာ တည်တောကျောင်းသို့ ကြွရောက် ကျောင်းထိုင်သည်။ “တည်တော ဆရာတော်” အမည်တွင်လာသည်။ ထိုအခါမှစ၍ တည်တောကျောင်းတိုက်နှင့် ထီးချိုင့်မြို့ ရွှေစည်းခုံ ကျောင်းတိုက်များတွင် စာပေကျမ်းဂန်များကို သင်ကြားပို့ချတော်မူခဲ့သည်။ ထို့ပြင် အများပြည်သူ ဒါယကာ၊ ဒါယိကာမများ၏ အကူအညီကိုယူ၍ ၁၃ဝ၉ တွင် တည်တောရွာဦး တောင်ထိပ်၌ “ရန်အောင်မြင်”စေတီကို တည်တော်မူခြင်း၊ အင်းဝ ပထမမင်းခေါင် အမိန့်ဖြင့် စော်ဘွား ငအင်္ဂါ တည်သော “စစ်ကဲကြမ်း”စေတီကြီးကို ၁၃၄၉ တွင် ပြန်လည်မွမ်းမံခြင်း၊ မြောက်ပြင်လမ်း တောင်စွန်းဇရပ်နှင့် ရှေးဟောင်းညောင်ပင်လျှိုရေတွင်းတို့ကို ပြန်လည်ပြုပြင်ခြင်း၊ တည်တော အရှေ့ရွာနှင့် အနောက်ရွာအကြား ကျောက်တံတား၊ ရွာနှင့် ဘုန်းကြီး ကျောင်းအကြား ကျောက်တံတားများ တည်ဆောက်ခြင်း၊ သိမ်အကြောင်း သိကောင်းစရာ စာအုပ်ကို ရေးသားရိုက်နှိပ် ဓမ္မဒါနပြု ဝေငှခဲ့သည့်အပြင် သိမ်ပေါင်း ၃၉ သိမ်မျှကို သိမ်သမုတ်ပေးခြင်း စသည်ဖြင့် သာသနာရေး၊ လူမှုရေး၊ ပရဟိတ လုပ်ငန်းများကို ရှေ့ဆောင်ညွှန်ပြ ဆောင်ရွက်တော်မူခဲ့သည်။ စာပေရေးသား ပြုစုမှုကို မိုးကုတ်ရွှေကျောင်း၌ ပညာသင်ယူခိုက် ကဗျာများ ရေးသည်က အစပြုသည်ဟု ယူနိုင်ပါသည်။ ၁၂၉၉ ခု (ခရစ်နှစ် ၁၉၃၇) ဝန်းကျင်ထုတ် သုတဝတီမဂ္ဂဇင်း၊ ဒီးဒုတ်ဂျာနယ်တို့၌ ‘ပဟေဠိကဗျာခန်း’ ပါ ကဗျာများ၊ တိုးတက်ရေး မဂ္ဂဇင်းပါ “မဖြစ်နိုင်သောအရာ ရှိကောင်းအံ့လော”ဆောင်းပါးများမှာ ထိုကာလတွင် ရေးခဲ့သောကြောင့် ဖြစ်ပါသည်။ တည်တောကျောင်းတွင် စာပေပို့ချရင်း ထီးချိုင့်ကျော်သိန်း၊ ရွှေထီးဣန္ဒရာ၊ အရှင်ဝဇီရဉာဏ ထီးချိုင့်မိုးနတ်ရှင်၊ ထီးချိုင့်နတ်စိုး၊ တည်တောဆရာတော် ကလောင်အမည်များဖြင့် ဗုဒ္ဓဓမ္မလောက၊ ဓမ္မဗျူဟာ၊ သာသနာ့ရောင်ခြည်၊ သင့်ဘဝ၊ ရတနာမွန် ပြုစုတော်မူခဲ့သည်။ မြဝတီ၊ ငွေတာရီ စသည့် မဂ္ဂဇင်းများတွင်လည်း စာပေမြတ်မင်္ဂလာစာစောင်တို့တွင် သာသနာရေး၊ ဓမ္မရေး ဆိုင်ရာ ဆောင်းပါးများစွာ ဆောင်းပါးများ၊ ဝတ္ထုများစွာ ရေးသားတော်မူခဲ့သည်။ ယနေ့ဗုဒ္ဓဝါဒ အမေးအဖြေများ (စာအုပ်တွဲများ)၊ ဓမ္မပန်းချီ (စာအုပ်တွဲ များ)၊ သတ္တဝါအစဖြစ်ပုံ၊ သဘာဝရှင်းတမ်း၊ ထေရဝါဒနှင့် မဟာယာန၊ ထွက်မြောက် ခြင်း စသည့် ဘာသာရေးကျမ်းများ၊ ကသာ မြစေတီသမိုင်း၊ ရွှေအင်ပင်သမိုင်း၊ ရွှေကူမြို့ ရန်ပြေမာန်ပြေ ဘုရားသမိုင်း၊ မင်္ဂလာစေတီသမိုင်း၊ အလောင်းတော်ကဿပသမိုင်း၊ ဗန်းမော်မြို့ ရွှေကျီးနားဘုရားသမိုင်း စသော ဘုရားသမိုင်းများ၊ တကောင်းသမိုင်း၊ ထီးချိုင့်မြို့နယ်သမိုင်း၊ မဲစာသမိုင်း၊ သီလရှင်သမိုင်း စသည့် သမိုင်းကျမ်းများ၊ စီဝက၊ မင်းကုသ၊ ဒုဋ္ဌဂါမဏိ၊ ခန္ဓာပူရ စသည့် ကွက်စိပ်များ၊ ရဟန်းဟူသည်၊ ဗုဒ္ဓဘာသာဟူသည်၊ သီလဟူသည်၊ ဝိပဿနာဟူသည်၊ မဂ်ဟူသည်၊ မိဘဟူသည်၊ သားသမီးဟူသည်၊ လင်မယားဟူသည်၊ ဘဝချမ်းသာဟူသည်၊ ရမ္မက်ဟူသည်၊ အရှက်ဟူသည် စသည့် “... ဟူသည်” အမည်တပ် ကျမ်းများ၊ မဟာပဋ္ဌာန်း ကဗျာကျမ်း၊ မန်လည်စကားပုံပေါင်းချုပ်၊ မျိုးတူမည်ကွဲ မြန်မာ့ဆေးပင်များ၊ ပညာဆီမီးထိန်ထိန်ညီးကျမ်းများ စသည်ဖြင့် ကျမ်းစာအုပ် ၅ဝ ကျော် ပြုစုတော်မူခဲ့သည်။ ထို့ကြောင့် မြန်မာစာသြဝါဒါစရိယအဖြစ် လည်းကောင်း၊ နိုင်ငံတော်သြဝါဒါစရိယအဖြစ် လည်းကောင်း၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော် ကို လည်းကောင်း နိုင်ငံတော်က ဆက်ကပ်လှူဒါန်းတော်မူခဲ့ပါသည်။ ၁၃၅၉ ခုနှစ် တပေါင်းလဆန်း ၄ ရက် (၁ မတ် ၁၉၉၈) တနင်္ဂနွေနေ့ နံနက် ၁ဝး၅ဝ နာရီတွင် တည်တောကျောင်းတိုက်၌ ဘဝနတ်ထံ ပျံလွန်တော် မူခဲ့သည်။