Failed to load image
တင့်တယ်
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
တင့်တယ် [ ၁၉၁၆-၁၉၈ဝ ] ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့ ကင်မွန်းခြံ(ကင်းပွန်းချုံ)လမ်း၌ အဖ ကုန်သည် ဦးဘစိန်၊ အမိ ဒေါ်တင်မေတို့က ၁၉၁၆ ခုနှစ် ဇူလိုင် ၂၁ ရက် [၁၉၁၇ ခုနှစ် ဇွန်လ ၂၉ ရက် (၁၂၇၉ ခု ဝါဆိုလဆန်း ၁၁ ရက် သောကြာ) ဟု ရှုမဝတွင် ဖော်ပြသည်] နေ့တွင် မွေးဖွားသည်။ တစ်ဦးတည်းသော သား၊ ငယ်မည် မောင်သန်း၊ အမည်ရင်း ဦးဝင်းစိန် ဖြစ်သည်။ အခြေခံပညာကို ရွှေတောင်မြို့ အမျိုးသား အထက်တန်းကျောင်း၊ အစိုးရ အထက်တန်းကျောင်းနှင့် ပြည်မြို့ အစိုးရ အထက်တန်းကျောင်းတို့တွင် သင်ယူခဲ့ရာ ၁၉၃၄ ခုတွင် ဆယ်တန်းအောင်သည်။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ်၌ သိပ္ပံပညာ ဆက်သင်သည်။ ဥပစာသိပ္ပံ အောင်ပြီး နောက် ဝိဇ္ဇာပညာကို ဆည်းပူးရာ ဝိဇ္ဇာဘွဲ့ (၁၉၃၉)၊ ဥပဒေဝိဇ္ဇာဘွဲ့ (၁၉၄၅) တို့ကို ရရှိခဲ့သည်။ ပန်းတနော်မြို့ အမျိုးသားအထက်တန်းကျောင်း ကျောင်းဆရာ(၁၉၃၉-၄၁)၊ ဒုတိယကမ္ဘာစစ် အတွင်းတွင် ကုန်သည်၊ ထို့နောက် ပညာရေးဌာန လက်အောက်ရှိဆက်ဆံရေးဌာန အမှုထမ်း၊ ပြန်ကြားရေးဌာန ဘာသာပြန်အရာရှိနှင့် တည်းဖြတ်သူ (၁၉၄၅-၄၈)၊ အင်္ဂလန်နိုင်ငံ အသံလွှင့်ဌာန မြန်မာပိုင်းအစီအစဉ် ဘာသာပြန်နှင့် သတင်းထုတ်လွှင့်သူ (၁၉၄၈-၅၂)၊ စာပဒေသာမဂ္ဂဇင်း(၁၉၄၆) နှင့် ပဒေသာမဂ္ဂဇင်း (၁၉၄၈) တည်ထောင်သူနှင့် စာတည်း၊ ၁၉၄၇ ခုနှစ်တွင် ရှုမဝမဂ္ဂဇင်းကို ရှုမဝဦးကျော်နှင့် တွဲဖက် တာဝန်ယူခဲ့သည်။ ၁၉၆၉ ခုနှစ်မှစ၍ စန္ဒာမဂ္ဂဇင်း စာတည်းတာဝန်ကို ကွယ်လွန် သည် အထိ ထမ်းဆောင်သွားခဲ့သည်။ ပထမဆုံး လက်ရာမှာ ကလောင်အမည် အတပ်မခံရသည့် ရွှင်ပျော်ပျော် တိုက်ထုတ် မရှက်လို့လား (၁၉၃၆) ဝတ္ထု ဖြစ်သည်။ တစ်နေဝင် (၁၉၃၇)တွင် “အောင်ကျော်” ကလောင်အမည် ယူသည်။ စာပဒေသာမဂ္ဂဇင်း (၁၉၄၆) တွင် “တင့်တယ်” အမည် စ သုံးသည်။ ရွှေချစ်ငွေချစ် (၁၉၄၇) သည် “တင့်တယ်” အမည်ဖြင့်ရေးသည့် ပထမဆုံးဝတ္ထု ဖြစ်သည်။ ချစ်နိုင်ငံ (၁၉၄၇)၊ ဖြေလျော့ခွေ (၁၉၄၉)၊ ချစ်သက် လက်ဆောင် (၁၉၅ဝ)၊ ကမ္မဖလ(၁၉၅၁)၊ လာလုလုငေး(၁၉၅၄)၊ ထား (၁၉၅၇)တို့မှာ ထင်ရှားသည်။ ချစ်လင် (၁၉၄၇)၊ အိုဘယ့်ကံ (၁၉၅၄)၊ အဏ္ဏဝါနှင့် အဘိုးအို (၁၉၆၄)၊ လစန္ဒာနှင့် ခြူးပိုက်ဆံ (၁၉၆၄)၊ ရောမကို အာခံသူ (၁၉၆၅) တို့မှာ ထင်ရှားသည့် ဘာသာပြန်လက်ရာများ ဖြစ်ကြသည်။ “လာလုလုငေး”၊“မကြင်သာသည်”၊ “ကျွန်မ အနုပညာသည်”နှင့် “ထား” တို့ကို ရုပ်ရှင်ဒါရိုက်တာအဖြစ် လည်းကောင်း၊ “ဖြေလျော့ခွေ”၊ “အကျော်အမော်” နှင့် “ဖိုးပြုံးချို” တို့ကို ဇာတ်ညွှန်းရေးသူအဖြစ် လည်းကောင်း ဆောင်ရွက် ခဲ့သည်။ အောင်မြင်၊ ကျော်ဇော၊ ဆရာသြဘာ၊ စိန်တစ်ပွင့်၊ လှပ စသည့် ကလောင် အမည်ခွဲ မြောက်မြားစွာဖြင့် စာမျိုးစုံ ရေးနိုင်သော စာရေးဆရာအဖြစ် ထင်ရှား၏။ ၁၉၅၈ ခုနှစ်တွင် “ပျိုတို့အချစ်တော်” ဝတ္ထုဖြင့် စာပေဗိမာန် ဘာသာပြန်ဆု ရရှိခဲ့သည်။ ၁၉၈ဝ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်နေ့ နေ့လယ် ၃း၄၆ နာရီတွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။