Failed to load image
စစ်ကိုင်းတောင်ရိးရွှေဟင်္သာဆရာတော်အရှင်ပဏ္ဍိတထေရ်
စာအုပ် 2 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာတိုက်သစ်ဆရာတော် အရှင်ပဏ္ဍိတထေရ် [ ၁၈၉၃-၁၉၉၅ ] ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင် လေးမျက်နှာမြို့ အလယ်ရပ် ၌ ခမည်းတော် ကုန်သည်ကြီး ဦး ကျောက်စိမ်း၊ မယ်တော် ဒေါ်ရွှေသော့ တို့က ၁၂၅၅ ခုနှစ် နတ်တော် လဆန်း ၇ ရက် (၁၄ ဒီဇင်ဘာ ၁၈၉၃) ကြာသပတေးနေ့ည ၉း၃ဝ နာရီတွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ မွေးချင်း ငါးယောက်တွင် ပဉ္စမမြောက် အထွေးဆုံးသား ဖြစ်၍၊ ငယ်မည်မှာ မောင်သန်း ဖြစ်သည်။ ၄ နှစ်သား အရွယ်မှ စ၍ ရန်ကုန် ကမာကဆစ်ရွာ အနောက်ပိုင်းရှိဦးရန်ရှင်းကျောင်း၊ ကမာကဆစ် ဘုန်းကြီးကျောင်း၊ ရန်ကုန် သိမ်ကြီးဈေး မြန်မာစာသင်ကျောင်း၊ ရန်ကုန် အေဘီအမ် ယောက်ျားလေးကျောင်းများတွင် စာသင်ယူခဲ့သည်။ ၁ဝ နှစ်သားမှ စ၍ လေးမျက်နှာမြို့ ဆရာဆင့် အလွတ်ပညာသင်ကျောင်း၌ စတုတ္ထတန်း အောင်သည်အထိ နေခဲ့ပြီး၊ မိကျောင်းရဲဘုန်းကြီးကျောင်းမှာ ဆက်လက် ပညာသင်ယူသည်။ ၁၂၆၉ ခုနှစ် (၁၄ နှစ်သားအရွယ်) တွင် လေးမျက်နှာမြို့ မိကျောင်းရဲကျောင်း ဆရာတော် ဦးအာစာရကို ဥပဇ္ဈာယ် ပြု၍ မိဘများ၏ ပစ္စည်းလေးပါးကို ခံယူကာ၊ ရှင်သာမဏေအဖြစ်သို့ ရောက် တော်မူခဲ့သည်။ ဘွဲ့အမည်မှာ 'ရှင်ပဏ္ဍိတသိရီ'ဖြစ်သည်။ ဆရာများက ပို့လွှတ်၍ ၁၆ နှစ်ရွယ် သာမဏေအဖြစ်နှင့်ပင် မော်လမြိုင် မရန်းကုန်း ပြည်ကျောင်း၌ ၂ နှစ် စာပေသင်ယူရသည်။ ၁၈ နှစ်တွင် ရန်ကုန် ကျောင်းတော်ရာရွှေကျင်တိုက်သို့ ရောက်သည်။ ၎င်းနှစ် နယုန်လတွင် ညောင်တုန်း ရွှေဟင်္သာတောရ တိုက်သို့ ကြွရောက်တော်မူသည်။ ၁၂၇၅ ခုနှစ် ဝါဆိုလဆန်း ၁၄ ရက်နေ့တွင် ကျောင်းတော်ရာ ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ဇေတဝန်ကျောင်း ဒါယကာ လွှထောင် သစ်ကုန်သည် ဦးကျော်ဒွန်း-ဒေါ်ကြည်၊ ဦးချက်-ဒေါ်ဒွန်းတို့က ရဟန်းဒါယကာ ခံယူကာ ညောင်တုန်းမြို့ ရွှေဟင်္သာတောရတိုက် သီလဝိသောဓနီ သိမ်တော်၌ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ရွှေဟင်္သာတောရတိုက် ပထမ စံကျောင်းဆရာတော်၊ ဒုတိယ စံကျောင်းဆရာတော်၊ စံပယ်ရုံကျောင်း ဆရာတော် အရှင်ယုဂန္ဓရတို့ ထံတွင် အခြေခံကျမ်းများမှသည် အထက်တန်းပါဠိအဋ္ဌကထာကျမ်းများအထိ သင်ယူတော်မူသည်။ ဦးမေဓာဝီထံတွင် သင်္ဂြိုဟ်ကို မိမိ စာပါအဖြစ် အစအဆုံး တက်ခဲ့သည်။ ၁၂၇၆ တွင် ပထမငယ်တန်း၊ ၁၂၇၇ တွင် ပထမလတ်တန်းတို့ကို အောင်မြင်တော်မူသည်။ ၁၂၇၈ ခုနှစ် တန်ဆောင်မုန်းလတွင် ဆရာတော်များ၏ ခွင့်ပြုချက်ဖြင့် မန္တလေး အနောက်ပြင် ငါးဆူတိုက်၌ ၂ ဝါ နေ၍ စာပေဗဟုသုတ ဆည်းပူး သည်။ ဝမ်းတွင်းမြို့ ဒေါင်သူတောရ ဆရာတော်ကြီးထံတွင် ၁၅ ရက်ခန့်မျှနှင့် ဆန်းကျမ်းကုန်အောင် သင်ယူပြီး၊ ညောင်တုန်းသို့ ပြန်ကြွခဲ့သည်။ ၁၂၈ဝ ပြည့်နှစ် နယုန်လပြည့်ကျော်မှ စ၍ ဒုတိယစာချ စွယ်တော်ကျောင်း ဘုန်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တစ်ဖန် ၁၂၈၉ ခုနှစ်၊ ရဟန်းသိက္ခာ ၁၄ ဝါအရတွင် အမရပူရ (တောင်မြို့) မင်္ဂလာတိုက် ဆရာတော် ဦးဓမ္မသာမိထံ၌ သီးခြားစာဝါ တောင်း၍၊ ဆိုဝါဖြင့်ပင် ပဋ္ဌာန်းကျမ်းကို ပေါက်ရောက်အောင် လေ့လာခဲ့သည်။ ထိုနှစ်တွင်ပင် စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာချောင်၌ ရွှေဟင်္သာတိုက်ဟောင်းကို သာမဏေနှစ်ပါး၊ ကျောင်းသားတစ်ယောက်နှင့်အတူ ဝါးကျောင်းငယ် တစ်ထပ် ကျောင်း ဆောက်၍ စတင် တည်ထောင်တော်မူသည်။ ၁၂၉၈ ခု တန်ဆောင်မုန်း လဆန်း ၁၀ ရက်နေ့တွင် ရွှေဟင်္သာတိုက်သစ်ကို ပန္နက်ချသည်။ ၁၃ဝ၁ ခုနှစ် တွင် ရွှေဟင်္သာတိုက်သစ်သို့ ပြောင်းရွှေ့ သီတင်းသုံးတော်မူသည်။ ထိုအခါမှ စ၍ “စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာတိုက်သစ် ဆရာတော်” ဟု ထင်ရှား ကျော် ကြားတော်မူသည်။ ပထမပြန် စာမေးပွဲ၌ ပထမလတ် အထိသာ အောင်မြင်ခဲ့သည်။ ကျန်းမာရေး ချို့ယွင်းမှုကြောင့် ပထမကြီးတန်းအတွက် အားမထုတ်နိုင်ခဲ့ချေ။ ပထမကြီးတန်းပင် မအောင်မြင်ခဲ့သော်လည်း ပထမကြီးတန်း စာသင်သားများ သင်ယူကြရသော ကျမ်းစာမျိုးကို ကိုယ်တိုင် ရေးသားနိုင်အောင် စာပေကို အားထုတ်မည် ဟူသော အဓိဋ္ဌာန်ဖြင့် အားထုတ်တော်မူခဲ့ရာ၊ ကျမ်းစာကြီးငယ်ပေါင်း ၄ဝ ကျော် အထိ ပြုစုနိုင်တော်မူခဲ့သည်။ ယင်းတို့အနက် အချို့မှာ ဟိစပနနိပါတတ္ထဒီပနီ (၁၂၈၅)၊ ဥပုသ်သည်လက်စွဲ (၁၂၈၆)၊ ဘုန်းတော်ဖွင့်ထေရုပ္ပတ္တိ [ကျောင်းတော်ရာ ရွှေကျင်ဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိ] (၁၂၈၇)၊ မြန်မာအလင်္ကာကျမ်း (၁၂၉ဝ)၊ ပထမထွဋ်ခေါင်ဆရာတော်အကြောင်း (၁၂၉၃)၊ စာဏကျနီတိပါဌ်နိသျ (၁၂၉၅)၊ ပဒေသာဆုံးမစာ (၁၃ဝ၅)၊ မေတ္တသုတ် မြန်မာဋီကာ (၁၃၀၈)၊ ရှေ့သွားမင်္ဂလာ(၁၃၁၁)၊ မင်္ဂလသုတ်လက်စွဲ (၁၃၁၂)၊ ပရာဘ၀သုတ် မြန်မာဋီကာ (၁၃၁၃)၊ ရွှေဟင်္သာတာရသမိုင်၊ (၁၃၁၆)၊ ဂရုဓမ္မဝတ္ထု (၁၃၁၆)၊ ရွှေကျင်နိကာယသာသနာဝင် [အကျယ်] (၁၃၂၅)၊ ရွှေကျင်နိကာယသာသနာဝင် (အကျဉ်း (၁၃၂၆)၊ ယုဝေါဝါဒ ဆုံးမစာ (၁၃၂၆)၊ ကာယာနုပဿနာ (၁၃၃၂)၊ ဝေဒနာနုပဿနာ (၁၃၃၆)၊ စန္ဒသုတ် မြန်မာဋီကာ (၁၃၃၆)၊ စိတ္တာနုပဿနာ (၁၃၄၃)၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်တရား တော် (၁၃၄၆)၊ ဗုဒ္ဓဂယာသို့ ဘုရားဖူးခရီးသွားမှတ်တမ်း (၁၃၄၇)၊ ၁၃၄၈ ခုနှစ် ခရီးသွားမှတ်တမ်း (၁၃၄၉)၊ လေးမျက်နှာမြို့သို့ သွားသော ခရီးသွားမှတ်တမ်း (၁၃၅၁)၊ စင်ကာပူ ခရီးသွားမှတ်တမ်း (၁၃၅၂) တို့ ဖြစ်ကြသည်။ ၁၃၁၄ ခုနှစ် အဋ္ဌမအကြိမ် ရွှေကျင်ဂိုဏ်း အစည်းအဝေးကြီးက “ဂိုဏ်းလုံး ဝန်ဆောင် နာယက” အဖြစ် လည်းကောင်း၊ ၁၃၃၇ ခုနှစ် ဧကဒသမအကြိမ် ရွှေကျင်ဂိုဏ်း အစည်းအဝေးကြီးက “ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက အဖြစ် လည်းကောင်း၊ ၁၃၅၁ ခုနှစ် နတ်တော်လဆန်း ၁၃ ရက်နေ့တွင် ရွှေကျင် ဂိုဏ်းကြီး၏ ဒွါဒသမမြောက် “ရွှေကျင်နိကာယဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိရွှေကျင်သာသနာပိုင်" အဖြစ် လည်းကောင်း ရွှေးချယ်တင်မြှောက်ခဲ့ပေသည်။ ထို့ပြင် ၁၃၃၇ ခုနှစ်တွင် ညောင်တုန်းမြို့ ရွှေဟင်္သာတောရ အနွယ်ဝင် ထေရ်အရှင် (၅ဝဝ) ကျော် တို့၏ အစည်းအဝေးက “ရွှေဟင်္သာဝံသ သံဃမဟာ နာယကာဓိပတိ” ဟူသော ဘွဲ့တံဆိပ်တော်ကို ကပ်လှူပူဇော်တော်မူခဲ့သည်။ နိုင်ငံတော်ကလည်း ၁၃၂၂ တွင် “အဂ္ဂမဟာပဏ္ဍိတ”၊ ၁၃၄၀ တွင် “အဘိဓဇ မဟာရဋ္ဌဂုရု”၊ ၁၃၅၄ တွင် “အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်များကို ကပ်လှူပူဇော်တော်မူခဲ့သည်။ သက်တော် (၁ဝ၂) နှစ်၊ သိက္ခာတော် (၈၂) ဝါအရ ၁၃၅၇ ခုနှစ် သီတင်း ကျွတ်လပြည့်ကျော် ၁ ရက် (၉ အောက်တိုဘာ ၁၉၉၅) တနင်္လာနေ့ ညနေ ၄း၄၅ နာရီတွင် စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူသည်။