Failed to load image
ဝင်းဦး
စာအုပ် 2 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ဝင်းဦး [၁၉၃၅ - ၁၉၈၈] ရန်ကုန်မြို့၌ အဖ သမိုင်းပါမောက္ခ ဦးဘညွန့် (အဆိုတော် ချစ်ဒုက္ခ ဦးဘညွန့်)၊ အမိ ဒေါ်ခင်နှင်းရီ (ဒေါ်မင်နီဘခက်) တို့က ၁၃ မတ် ၁၉၃၅ တွင် မွေးဖွားခဲ့သည်။ ငယ်မည် ဗိုလ်နီ၊ အမည်ရင်းမှာ ဦးလှမြင့်၊ တပ်မတော်တွင် အမှုထမ်းစဉ် ဗိုလ် ကိုဦး အမည်ခံယူခဲ့ရာမှ နောင်တွင် ဦးကိုဦး ဖြစ်လာသည်။ သို့သော် စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်မင်းသား၊ အဆိုတော် ‘ဝင်းဦး”အမည်သည်ပင် နာမည်ရင်းကဲ့သို့ ဖြစ်လာသည်။ ဒုတိယကမ္ဘာစစ်ပြီးသောအခါ ရန်ကုန် ဆရာအတတ်သင် လေ့ကျင့်ရေး အထက်တန်းကျောင်း (တီ၊ တီ၊ စီ) တွင် စတင် ပညာသင်ယူသည်။ ထိုကျောင်းမှာပင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး၊ ရန်ကုန်တက္ကသိုလ်တွင် ဥပစာအထက်တန်းအထိ သင်ကြားခဲ့သည်။ ၁၉၅၂ တွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်း တက်ရောက်သည်။ ဒုဗိုလ်အဖြစ် မေမြို့ (ပြင်ဦးလွင်) တွင် ခုနစ်လကြာ အမှုထမ်းပြီးနောက် တပ် မဟာ (၅)၊ တပ်ရင်း (၇) မော်လမြိုင်သို့ ပြောင်းရွှေ့ရသည်။ ထိုစဉ် မှော်ဘီ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေထီးသင်တန်းသို့ တက်ရောက်ခဲ့သည်။ ၁၉၅၉ တွင် သြစတြေးလျနိုင်ငံသို့ လေထီးပညာသင် သွားရောက်ခဲ့သည်။ ၁၉၆၁ တွင် ဗိုလ်ကြီးအဆင့်ဖြင့် တပ်မတော်မှ နုတ်ထွက်ပြီးနောက် ရှေးဦးစွာ စာပေလောကသို့ ဝင်သည်။ ၁၉၄၉ မှစ၍ “ညိုမင်းလွင်” ကလောင်အမည်ဖြင့် သွေးသောက်မဂ္ဂဇင်း တွင် ကဗျာနှင့် ဝတ္ထုတိုများ စတင် ရေးသားခဲ့သည်။ ညိုမြ၏ ‘ညိုမင်းလွင်” ဝတ္ထုတိုကို စွဲလမ်းနှစ်သက်သောကြောင့် ကလောင်အမည်ကို “ညိုမင်းလွင်” ဟု ခံယူခဲ့ခြင်း ဖြစ်သည်။ ညိုမင်းလွင် အမည်နှင့် ပထမဆုံးရေးသော ဝတ္ထုတိုမှာ ‘ဂျိမ်း”(သွေးသောက်၊ ဇွန် ၁၉၄၉) ဖြစ်သည်။ ၁၉၆ဝ ဇူလိုင်လထုတ် ရှုမဝတွင် ရေးသော “တက္ကသိုလ်ကျောင်းသားတစ်ဦး”ဝတ္ထုရှည်စဆုံးမှ စ၍ အစ်မ တင်တင်ဦး(စာရေးဆရာမ မေယု၊ တက္ကသိုလ်တင်တင်ဦး) နှင့် အစ်ကိုကျော်ဝင်း (ရုပ်ရှင် မင်းသား ဝင်းညွန့်) တို့၏ အမည်ရင်းများမှ နောက်ဆုံးစာလုံးများကို ယူ၍ “ဝင်းဦး” ကလောင်အမည် ယူခဲ့သည်။ ထိုအချိန်မှစ၍ အောင်မြင်သော စာရေးဆရာ ဖြစ်လာသည်။ စာအရေးအဖွဲ့ပုံစံမှာ တက်ထွန်း၊ တင့်တယ်တို့ကို ဆက်ခံသည့် ဟန်မျိုးပင် ဖြစ်သည်။ ရုပ်ရှင်လောကသို့မူ ဇာတ်ညွှန်းရေးဆရာအဖြစ် စတင် ခြေချခဲ့သည်။ “မင်းထင်ရွှေမှန်” ရာဇဝင်ကားတွင် ပထမဆုံး ဇာတ်ညွှန်းရေးခဲ့သည်။ ကိုယ်တိုင် ရေးသည့် ရှုမဝ (စက်တင်ဘာ ၁၉၆၁) ဝတ္ထုရှည်စဆုံး “နှစ်ယောက်ထဲ နေချင်တယ်” ကို ကိုယ်တိုင် ဇာတ်ညွှန်းရေးကာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်လိုက်ရာ ပထမဆုံး ဇာတ်ကားဖြင့်ပင် တစ်ဟုန်ထိုး နာမည်ကြီးခဲ့ တော့သည်။ ထို့နောက် ရုပ်ရှင်ဇာတ်ကား များစွာကို ဆက်တိုက် ရိုက်ကူးခဲ့ပေသည်။ ကနဦး သရုပ်ဆောင် အမူအရာများမှာ အနောက်တိုင်း အဆိုတော် ရုပ်ရှင်မင်းသား အဲလ်ဗက်ပရက်စလေ၏ ဟန်မျိုး တုပသည်ဟု ဆိုနိုင်သည်။ နှောင်းပိုင်းတွင်မူ မိမိ၏ကိုယ်ပိုင်ဟန်ကို ထူထောင်လျက် အတွင်းစိတ်ခံစားမှု သရုပ်ဆောင်ရာတွင် ပြောင်မြောက်ခဲ့သည်။ ကိုယ်ပိုင် စန္ဒာရုပ်ရှင်ကို ထူထောင်ကာ ကိုယ်တိုင် ဒါရိုက်တာ လုပ်၍ ကိုယ်တိုင် ပါဝင် သရုပ်ဆောင်သော “ဆောင်းအိပ်မက်” ဇာတ်ကားဖြင့် ပထမဆုံးသော အကယ်ဒမီ ရွှေစင်ရုပ်ဆု ရရှိခဲ့သည်။ တစ်ဖန် ကိုယ်တိုင် ရေးသား ပါဝင်ရိုက်ကူးသော “မှုန်ရွှေရည်” ဇာတ်ကားဖြင့် ၁၉၇၀ တွင် ဒုတိယအကြိမ် အကယ်ဒမီ ရွှေစင်ရုပ် ရရှိခဲ့ပြန်သည်။ စာပေနှင့် ရုပ်ရှင်တွင် အောင်မြင်မှုတံခွန် စိုက်ခဲ့ရုံမျှမက ဂီတလောက တွင်လည်း အထင်အရှား ထူးထူးခြားခြား မှတ်တိုင်ထူခဲ့သည်။ “နှစ်ယောက်ထဲ နေချင်တယ်” ဇာတ်ကားမှ “မီးပုံပွဲ”သီချင်းသည် လည်းကောင်း၊ “ချစ်သောသူ တစ်ယောက်” ဇာတ်ကားမှ “တေလေငှက်”သီချင်းသည် လည်းကောင်း ပရိသတ် ပါးစပ်ဖျားတွင် ရေပန်းစားသွားသည်မှ စ၍ အချစ်၊ အလွမ်း၊ သဘာဝသရုပ်ဖော်၊ တိုင်းပြုပြည်ပြု သီချင်းများ၊ သီချင်းကြီး၊ သီချင်းခန့်၊ ခေတ်ဟောင်း၊ ခေတ်ပေါ် သီချင်းများစွာကို အောင်မြင်စွာ သီဆို အသံသွင်းခဲ့ပါသည်။ ထို့ပြင် စန္ဒာပုံနှိပ်တိုက် ထူထောင်ပြီး စန္ဒာမဂ္ဂဇင်းကို ဦးစီးထုတ်ဝေခဲ့ ပြန်သည်။ မြန်မာ့မဂ္ဂဇင်း လောကတွင် ရောင်စုံအော့(ဖ်)ဆက်နည်းဖြင့် ပထမဆုံး ထုတ်ဝေသောကြောင့် တစ်မူထူးခြားကာ အရောင်အသွေးစုံစုံနှင့် အလွန်လှပ ခံ့ညား ကျက်သရေရှိလှသည်။ မဂ္ဂဇင်းထုတ်ဝေမှု အလှည့်အပြောင်းတစ်ခုကို ဖန်တီးခဲ့သည်။ လူကြီးလူငယ် ကျား မ မရွေး ကြိုက်နှစ်သက်မှုနှင့်အတူ ဧည့်ခန်း တောင်များတွင် တလေးတစား ဂုဏ်ယူဝင့်ကြွားစွာ ထားသိုရသည်အထိ အောင် မြင်ခဲ့ပေသည်။ ထိုကာလတွင် စောင်ရေအများဆုံး မဂ္ဂဇင်းအဖြစ် မှတ်တမ်းဝင် ခဲ့ပေသည်။ ထင်ရှားသော စာပေလက်ရာအချို့မှာ နုနုငယ်ငယ် (၁၉၆၁)၊ လွမ်းလေသူ အမိုက်အမဲ (ဝတ္ထုတိုများ (၁၉၆၂)၊ ပန်းကြဲတဲ့ ဖဲစက်ရာဝယ် (၁၉၆၃)၊ ယောက်ျား မပီသသူနှင့် ချစ်မိသူ လူတစ်ယောက်အကြောင်း (၁၉၆၉)၊ ငွေလှိုင်းဇာခြည်ပေါ်မှာ (၁၉၇၁)၊ မိန်းမလှအမုန်း (၁၉၇၁)၊ ဆွေး (၁၉၇၁)၊ နောင်အင်းလေး (၁၉၇၂)၊ ချစ်ဦးသူနှင့်ချစ်ဖူးသူ (၁၉၇၂) စသည်တို့ ဖြစ်ကြသည်။ ပုဂ္ဂိုလ်ကျော် ၁၃ ဦး (၁၉၆၂)၊ အာကာသဒုံးယာဉ်လက်နက်များ (၁၉၆၁)၊ သည်ခေတ် သည်အရွယ် သည်လိင်ကိစ္စ [“မိုးကျော်ခေါင်”ကလောင်အမည်နှင့်] တို့ကိုလည်း ဘာသာပြန်ဆိုခဲ့သည်။ စန္ဒာမဂ္ဂဇင်းတွင် “ခင်မောင်ဝင့်'အမည်ခွဲဖြင့် ရုပ်ရှင်ဆောင်းပါးများ၊ “ကိုဦး” အမည်နှင့် အဖွင့်ကဗျာများလည်း ရေးခဲ့သည်။ ဆယ်စုနှစ်တစ်နှစ်စွန်း မန်းသင်္ကြန် (၁၉၇၉) သည် ထင်ရှားသော အမှတ်တရစာစု ဖြစ်သည်။ ၁၄ ဒီဇင်ဘာ ၁၉၈၈ တွင် ရန်ကုန်မြို့မှာ ကွယ်လွန်သည်။