Failed to load image
လယ်တီပဏ္ဍိတဦးမောင်ကြီး
စာအုပ် 7 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
လယ်တီပဏ္ဍိတ ဦးမောင်ကြီး [ ၁၈ရ၉-၁၉၃၉] မုံရွာခရိုင် ချောင်းဦးမြို့အနီး ညောင်ဖြူပင်ရွာ၌ အဖ လယ်ပိုင်ရှင် ဦးရောက်ကလေး (ဦးရောက်)၊ အမိ မင်းတုန်းမင်း၏ အပျိုတော် စာတော်ဖတ် ဒေါ်ထပ်ကြီး (ဒေါ်ထပ်) တို့က ၃ဝ ဇန်နဝါရီ ၁၈၇၉ တွင် ဖွားမြင်သည်။ တစ်ဦးတည်းသော သားဖြစ်၍ ငယ်မည်မှာ မောင်သန့်စင် (မောင်သန့်) ဖြစ်သည်။ ခုနစ်နှစ် အရွယ်၌ ညောင်ဖြူ ပင်ရွာ မရန်းပင်ကျောင်း ဆရာတော် ဦးသီရိထံတွင် စာ စ သင်သည်။ သင်ပုန်းကြီး၊ မင်္ဂလသုတ်၊ ပရိတ် ကြီး၊ လောကနီတိတို့ကို တစ်နှစ်အတွင်း တတ်မြောက်၍ လောကနီတိချိုး၊ ဓမ္မနီတိချိုးတို့ကိုလည်း အာဂုံရသည်။ ကိုးနှစ်သားတွင် ရှင်သာမဏေ ဝတ်သည်။ ရှင်ဘွဲ့မှာ ရှင်ပဏ္ဍိစ္စ ဖြစ်သည်။ ရှင်ပြုပြီး မကြာမီပင် မိခင်ကွယ်လွန်သောကြောင့် ရှင်လိင်ပြန်၍ ဖခင်နှင့်အတူနေသည်။ မရန်းပင်ကျောင်းဆရာတော်ထံ၌ သဒ္ဒါ၊ သင်္ဂြိုဟ် စသည် ဆက်လက် သင်ယူ သည်။ ၁၃ နှစ် အရွယ်တွင် ဖခင် ကွယ်လွန်ပြန်ရာ၊ တစ်ကောင်ကြွက် ဘဝသို့ ရောက်ခဲ့ရသည်။ ကိုရင်ဝတ်လိုက်၊ ရှင်လိင်ပြန်လိုက် ရှိခဲ့ရာမှ ၁၈ နှစ် အရွယ်တွင် စတုတ္ထအကြိမ်မြောက် ကိုရင်ဝတ်ပြီးနောက် မုံရွာ လယ်တီဆရာတော်ထံ ပညာ သင်ယူသည်။ ဘွဲ့မည်မှာ ရှင်ပဏ္ဍိတ ဖြစ်လာသည်။ ဉာဏ်ပညာ ထက်မြက် လွန်းလှသဖြင့် လယ်တီဆရာတော် ကိုယ်တိုင် မကြာခဏ ထုတ်ဖော်ချီးကျူး ရလောက်အောင် ထူးထူးချွန်ချွန် တတ်မြောက်ခဲ့သည်။ ရဟန်းဘဝ ရောက်ပြီး နောက် မကြာမီပင် လယ်တီတိုက်တွင် စာချပုဂ္ဂိုလ် ဖြစ်လာသည်။ “သဒ္ဒါပဏ္ဍိတ” ‘ကဗျာပဏ္ဍိတ” ဟူ၍ ကျော်စောခဲ့သည်။ ရဟန်း သုံးဝါ အရတွင် မန္တလေး ဝိသုဒ္ဓါရုံတိုက်မှာ ပညာဆည်းပူးသည်။ လယ်တီဆရာတော်၏ တပည့်ရင်း၊ လယ်တီတိုက်မှ လာသူ ဖြစ်သောကြောင့် “လယ်တီပဏ္ဍိတ” အမည်တွင်လာ သည်။ ရဟန်း ၉ ဝါ၊ အသက် ၃ဝ တွင် လူဝတ်လဲသည်။ “လယ်တီပဏ္ဍိတ ဦးမောင်ကြီး”အမည် ယူခဲ့သည်။ ပျဉ်းမနားတွင် ၃ နှစ်ခန့်၊ မန္တလေးတွင် တစ်နှစ်ခန့် နေပြီးနောက် ၁၉၁၁ တွင် ရန်ကုန်သို့ ရောက်သည်။ ၁၉၁၂ တွင် မြန်မာ့အလင်းမဂ္ဂဇင်း အယ်ဒီတာ လုပ်သည်။ ထို့နောက် ပညာ့အလင်း မဂ္ဂဇင်း၊ ၁၉၂၃ တွင် ဒဂုန် မဂ္ဂဇင်းနှင့် ၁၉၂၆ တွင် လယ်တီတရား သတင်းစာတို့မှာ အယ်ဒီတာ အဖြစ် ဆောင်ရွက်သည်။ ၁၉၃၉ ခု ဧပြီလတွင် တို့ဗမာအစည်းအရုံး၏ နာယကကြီး အဖြစ် တာဝန်ထမ်းဆောင်သည်။ ရဟန်း ၅ ဝါ အရလောက်ကပင် ပစ္စယမဉ္စရီ၊ ဝီထိမဉ္စရီ၊ သဒ္ဓမဉ္စရီ၊ ပရမတ္ထ သံခိပ်ဋီကာ၊ ပါဠိအဘိဓာန် စသော ကျမ်းများ၊ ယပ်လှဲတရားစာများ ဖြစ်သည့် သောတမာလာ၊ ဒေသနာမဉ္စရီ၊ သာဓုသုန္ဒရီ စသော စာအုပ်များကို ရေးသားခဲ့သည်။ မြန်မာစာပေလောကအတွက် ရာဇဝင်ဝတ္ထုနှင့် ရှစ်လုံးဘွဲ့ ကဗျာများကို တီထွင် ရေးသားခဲ့၍ ပါဠိဂါထာ ကဗျာအဖွဲ့ကိုလည်း မူသစ်ထွင်ခဲ့သည်။ ကျမ်းပေါင်း ၄ဝဝ ကျော် ပြုစုခဲ့သည့်အနက် အချို့မှာ ကဗျာမဉ္စရီ (၁၉၆၂) ကဗျာကျမ်း၊ နီတိမဉ္စရီ (၁၉၂၀)၊ သူရဿတီနီတိ (၂ တွဲ) (၁၉၂၆]၊ သုတ္တန္တနီတိ (ဒုကြိမ်၊ ၁၉၂၈)၊ နီတိမာလာ (၁၉၂၉)၊ စာဏကျနီတိ (၃ တွဲ) ၁၉၂၉]၊ တိပိဋကနီတိ (?) စသော နီတိကျမ်းများ၊ ပါဠိစကားသင်၊ စာရေးသင် (၁၉၅၃) စသော ဘာသာစကား စာအုပ်များ၊ ဘဂဝါဂီတိကျမ်း (၁၉၂၆)၊ ဝေဿန္တရာဂီတိကျမ်း စသော ဂီတိ (ပါဠိကဗျာ) ကျမ်းများ၊ ထေရီဘာသာပြန် (၅ တွဲ) [၁၉၂၆]၊ ထေရာဘာသာပြန် (၄ တွဲ) ၁၉၂၇-၃ဝ] စသော ဘာသာပြန်ကျမ်းများ၊ ဓမ္မစကြာ အမေးအဖြေ (၁၉၂၅)၊ ပဋ္ဌာန်းအမေးအဖြေ (၁၉၂၆) အနတ္တလက္ခဏာသုတ် အမေးအဖြေ၊ မဟာသတိပဋ္ဌာန် အမေးအဖြေ စသော ဓမ္မကျမ်းစာ အမေးအဖြေများ၊ စင်မြင့်ကြီး (၅ တွဲ) [၁၉၁၄]၊ တင်တင်မြ (၃ တွဲ၊ တ-တွဲကို ဒဂုန်ဦးထွန်းမြင့် ရေးသည်) [၁၉၁၆]၊ သန်းသန်း (၄ တွဲ) [၁၉၁၉-၂၁] စသော ဝတ္ထုကြီးများ၊ နတ်သျှင်နောင် (၁၉၁၉)၊ ရွှေပြည်ကြီး (၁၉၂၁)၊ တပင်ရွှေထီး (?)၊ ပန်ထွာမင်းသမီး (?)၊ ဗညားနွဲ့ (? ) စသော ရာဇဝင် ဝတ္ထုရှည်ကြီးများ၊ မြန်မာရာဇဝင်သံခိပ်ကျမ်း (ဒုကြိမ်၊ ၁၉၃ဝ) တို့ ဖြစ်ကြသည်။ ၁၉၃၂ တွင် ရန်ကုန် တက္ကသိုလ်က ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ ချီးမြှင့်ပေးအပ် သည်။ ၂၁ ဧပြီ ၁၉၃၉ တွင် မုံရွာမြို့ နေအိမ်မှာ ကွယ်လွန်သည်။