Failed to load image
ဦးဘသန်း (ဘီအေ)
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ဦးဘသန်း (မဟာဝိဇ္ဇာ) [၁၉၃ဝ-၂ဝ၂၂] ရှမ်းပြည်နယ်မြောက်ပိုင်း ဘော်တွင်းမြို့၌ အဖ ဦးစိန်ရက်၊ အမိ ဒေါစိန်စိန် တို့က ၁၂၉၁ ခုနှစ် တပေါင်းလဆုတ် ၇ ရက် (၂၀ မတ် ၁၉၃၀) ကြာသပတေးနေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်တွင် အကြီးဆုံး၊ အမည်ရင်းမှာ ဦးဘသန်း ဖြစ်သည်။ ၁၉၃၈-၄၂ တွင် မန္တလေးမြို့ စိန့်ပီတာအင်္ဂလိပ်မစ်ရှင်ကျောင်းမှာ မူလတန်းမှ စ၍ အခြေခံပညာ သင်ယူခဲ့သည်။ ၁၉၄၇ တွင် စစ်ကိုင်းဦးတင်ညွန့် အလွတ်ပညာသင်ကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည်။ မန္တလေး ဒီဂရီကောလိပ် (၁၉၄၇-၄၉) နှင့် ရန်ကုန်တက္ကသိုလ် (၁၉၄၉-၅၁) တွင် ဆက်၍ ပညာသင်ကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ [အင်္ဂလိပ်စာ] (၁၉၅၁)၊ ဥပဒေဝိဇ္ဇာဘွဲ့ (၁၉၅၅) ရရှိခဲ့သည်။ ၁၉၆၁-၆၂ တွင် အမေရိကန်ပြည်ထောင်စု ဟားဗတ်တက္ကသိုလ်နှင့် ဝီလျံကောလိပ်မှာ မဟာဝိဇ္ဇာ [စီးပွားဖွံ့ဖြိုးရေး] တက်ရောက်အောင်မြင်ခဲ့သည်။ မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနနည်းပြ (၁၉၅၁-၅၄) အဖြစ် စတင် အမှုထမ်းခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ (အထက်တန်းအဆင့်) အုပ်ချုပ်ရေး လောကတွင် မြို့ပိုင်၊ နယ်ပိုင် (၁၉၅၄-၅၈)၊ လ/ထ အတွင်းဝန်၊ ဒု-အတွင်းဝန် ရာထူး (၁၉၅၈-၆၃) အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ တစ်ဖန် အကောက်ခွန်ဦးစီးဌာန လက်ထောက် အကောက်ခွန်မင်းကြီး (၁၉၆၃-၇၆)၊ ပြည်သူ့အုပ်ချုပ်ရေး ဝန်ထမ်းရေးရာဌာန ညွှန်ကြားရေးမှူးချုပ် (၁၉၇၇-၈၈)၊ ဝန်ထမ်းရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (၁၉၈၈-၉၁) တာဝန်ထမ်းဆောင်ပြီး မတ် ၁၉၉၁ တွင် သက်ပြည့် အငြိမ်းစားယူခဲ့သည်။ ၁၉၈၁၊ ၁၉၉၁ တွင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ စင်ကာပူ နိုင်ငံများသို့ ဝန်ထမ်းလေ့ကျင့် ပညာပေးရေး နိုင်ငံတကာ ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည်။ ပြည်တွင်း၊ ပြည်ပ ဆွေးနွေးပွဲများတွင် သဘာပတိ တာဝန်ယူခဲ့သည်။ အကောက်ခွန် ဝန်ထမ်းဟောင်းများအသင်း နာယက၊ သင်္ဃန်းကျွန်းမြို့နယ် စာပေနှင့် စာနယ်ဇင်းအဖွဲ့ နာယက၊ ဝန်ထမ်းရေးရာဦးစီးဌာန ဝန်ထမ်းဟောင်းများအသင်း နာယက၊ စာပေညီလာခံ ရွေးချယ်တင်မြှောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ပခုက္ကူဦးအုံးဖေစာပေဆုရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအဖွဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ် (၁၉၅၆)၊ စီမံထူးချွန်တံဆိပ် [ပထမအဆင့်] (၁၉၉၁)၊ ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် [ဒုတိအဆင့်] (၂ဝဝ၈) တို့ ချီးမြှင့်ခံရသည်။ ကျောင်းသားဘဝတွင် တက္ကသိုလ်၊ ကောလိပ် နှစ်လည်မဂ္ဂဇင်းများမှာ အင်္ဂလိပ်စာဖြင့် ဆောင်းပါးများ စတင် ရေးသားခဲ့သည်။ အုပ်ချုပ်ရေးနှင့် ဝန်ထမ်းရေးရာဌာနများတွင် ကျင်လည်ခဲ့သည်ဖြစ်ရာ ပြည်သူ့အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ဝန်ထမ်းလေ့ကျင့်ရေး၊ လူ့စွမ်းအားဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်းပါးများစွာကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသား ပြုစုခဲ့သည်။ မြန်မာမှ အင်္ဂလိပ်ဘာသာသို့၊ အင်္ဂလိပ်လိုမှ မြန်မာဘာသာသို့ အတ္ထုပ္ပတ္တိများ၊ ဘာသာရပ် ဆိုင်ရာများကို ဘာသာပြန်ခဲ့သည်။ Guardian Megazine တွင် Ba Than ; သုတပဒေသာ မဂ္ဂဇင်းတွင် “ဦးဘသန်း (မဟာဝိဇ္ဇာ)' အမည်များဖြင့် ပညာပေးဆောင်းပါးများကို လစဉ် ရေးသားခဲ့သည်။ မြန်မာအကြောင်းကို ကမ္ဘာကြီးက သိစေရန် Myanmar Perspective တွင် ပင်တိုင်ဆောင်းပါးရှင် အဖြစ် (၈) နှစ်ကျော်ကြာ ရေးသားခဲ့သည်။ ဦးဆောင်/ပူးတွဲ ပြုစုခဲ့သော စာအုပ်များမှာ မြန်မာနိုင်ငံ ဝန်ထမ်းရွေးချယ်ရေး သမိုင်း [၄-တွဲ] (၁၉၈၅)၊ Myanmar Land of Courtesy and Opportunity ရည်ညွှန်းကျမ်း [၄-တွဲ] (၁၉၉၅) တို့ ဖြစ်ကြသည်။ တစ်ဦးတည်းကိုယ်တိုင်ရေး စာအုပ်အချို့မှာ ဒဗလျူ ဆွန်မာဆက်မွန်၏ ဝတ္ထုတို သုံးပုဒ် [၁၉၉ဝ ပြည့်နှစ်အတွက် စာပေဗိမာန် ဘာသာပြန် စာမူဆု (ပထမဆု)]၊ Myanmar's Attractions and Delights [၂ဝဝ၃ ခုနှစ် ဆရာဝန်တင်ရွှေ စာပေဆု]၊ စုစည်း တင်ပြသော Selected Classical English Poems and Myanmar Recompositions [လက်ရွေးစင်ဂန္ထဝင်အင်္ဂလိပ်ကဗျာများနှင့် မြန်မာပြန်ဆိုဖွဲ့စည်းခြင်း] (၂ဝ၁၇) တို့ ဖြစ်ကြသည်။ ၂ဝ၁၂ ခုနှစ်တွင် ပခုက္ကူ စာပေဆု- “တစ်သက်တာစာပေဆု” ချီးမြှင့်ခံခဲ့ရသည်။ အသက် (၉၂) နှစ် အရွယ်၊ ၂၆ ဖေဖော်ဝါရီ ၂ဝ၂၂ တွင် ကွယ်လွန်ခဲ့သည်။