Failed to load image
ဦးသော်ဇင်
စာအုပ် 18 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
၁၉၃၁ ခု ဖေဖော်ဝါရီ ၂၁ ရက်တွင် ပုသိမ်ခရိုင် ရေကြည်မြို့ ဇရပ်လှကျေးရွာတွင် မွေးဖွားခဲ့သည်။ အဖ ဦးရွက်ကြီး အမိဒေါ်နက်ကျော်(မယ်နက်ကျော်)ဖြစ်သည်။ အမည်ရင်း ဦးသော်ဇင်ဖြစ်သည်။ ၁၉၃၃-၄၀ တွင် ရဟန်ူဝတ်ဖြင့် မန္တလေးမြို့၌ ဘုရားကြီးတိုက်၊ စကုတိုက်၊ အနောက်ထီးလင်းတိုက်၊ အမရပူရ မင်္ဂလာတိုက်သစ်များတွင် ပရိယတ္တိစာပေများကိုလည်းကောင်း၊ မိုးကုတ်ဆရာတော်ထံတွင် ပဋ္ဌာန်းဒေသနာတော်ကိုလည်းကောင်း၊ ထီးလင်းတိုက်တွင် နေစဥ် သက္ကတ၊ ဟင်ဒီ၊ ဗင်္ဂလီစာပေများကို သင်ယူခဲ့သည်။ ၁၉၄၀-၄၅ ဒုတိယကမ္ဘာစစ်အတွင်း လူဝတ်လဲခဲ့သည်။ ၁၉၄၉ ခုနှစ်မေလတွင် ဟင်္သာတမြို့ ၌ ထုတ်တေသော "လူထုအာဘော်" သတင်းစာတွင် အယ်ဒီတာချုပ်သုခမိန်အမည်ခံ၍ ဆောင်ရွက်ခဲ့သည်။ ၁၉၅၁ ခု ဇူလိုင်တွင် "ဟင်္သာတနေ့စဥ် သတင်းစာကို အယ်ဒီတာဦးဟန်တင်အမည်ဖြင့် ထုတ်ဝေခဲ့သည်။ ၁၉၅၄ ခု ဖေဖော်ဝါရီတွင် "ဟင်္သာတနေ့စဥ်"ကို ပြန်ထုတ်ခဲ့သော်လည်း မတ်လတွင် ရပ်ဆိုင်းခဲ့သည်။ သမဝါယမကထုတ်ဝေသည့် သက်လျာမဂ္ဂဇင်းစာတည်း (၁၉၅၉) တာဝန်ခံ၊ တိုင်းရင်းမေဂျာနယ်တာဝန်ခံအယ်ဒီတာ၊ သင့်ဘဝမဂ္ဂဇင်းတွင် အကြံပေးအယ်ဒီတာ (၁၉၅၅-၅၇)၊ ၁၉၅၉ မှ ၁၉၆၃ ခုနှစ်အထိ မြန်မာနိုင်ငံစာပေပြန့်ပွားရေး (မြန်စာပြန့်) အသင်းတွင် ဒုတိယဥကဋ္ဌ၊ ၁၉၇၁ ခုနှစ်မှစ၍ မြန်မာစာကော်မရှင်အဖွဲ့ဝင်၊ ၁၉၈၃ မှ ၁၉၉၀ ပြည့်နှစ်အထိ မြန်မာစာ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၉ ထုတ် ဂန္ထျလာက မဂ္ဂဇင်း၌ "ရှင်သောဘိက္ခု" ကလာင်အမည်ဖြင့် "သရက်ချဥ်" ဆောင်းပါးကိုရေးပြီး စာပေနယ်ပယ်သို့ ဝင်ခဲ့သည်။ ၁၊ ၅၊ ၅၁ မှ ၁၊ ၅၊ ၅၂ အထိ တိုင်းရင်းမေဂျာနယ်တွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်စဥ် 'သောမ' ကလောင်အမည်မှ 'ဦးသော်ဇင်' သို့ ပြောင်းခဲ့သည်။ လုံးချင်းစာအုပ်ပေါင်း ၇၀ တိတိရှိခဲ့သည်။ ပြဇာတ်သမိုင်း (၁၉၆၅)၊ ကဗျာလမ်းညွှန် (၁၉၆၅)၊ မိလိန္ဒပဥာ(၁၉၆၅)၊ ဇင်းမယ်ပြန် (၁၉၆၇)၊ စာဥယျာဥ် (၁၉၆၉)၊ ဟိန္ဒူဒဿန (၁၆၇၀)၊ အဘိဓမ္မာ (၁၉၇၀)၊ နန်းစဥ်ပုစ္ဆာ (၁၉၇၀)၊ ပြဇာတ်ကထာ (၁၉၈၁)၊ ဂီတဥ္ဇလီ (၁၉၈၄)၊ ဝိမုတ္တိရသ (၁၉၆၈)၊ စာပေရေးရာအလင်္ကာ (၁၉၆၇) စသည့် စာပေ၊ ယဥ်ကျေးမှု၊ ဘာသာရေးကျမ်းများမှာ ထင်ရှားသည်။ စာဥယျာဥ်ဖြင့် ၁၉၆၉ ခုနှစ်တွင် အမျိုးသားစာပေဆု စာပဒေသာဆု ရရှိခဲ့သည်။ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာ ၁၃ ရက် ည ၈း၁၅ နာရီတွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။