Failed to load image
မာဂဓီ(သာစည်)
စာအုပ် 2 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
မာဂဓီ-သာစည် [ ၁၉၃၅-၂ဝ၁၂ ] မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် နှမ်းကန်ကျေးရွာ၌ ခမည်းတော် ဦးညိုမြ၊ မယ်တော် ဒေါ်ဂေါက် တို့က ၁၂၉၇ ခု ဝါဆိုလဆန်း ၅ ရက် (၄ ဇူလိုင် ၁၉၃၅) ကြာသပတေး နေ့တွင် ဖွားမြင်တော်မူသည်။ မွေးချင်း လေးယောက်တွင် ဒုတိယမြောက်၊ ငယ်မည်မှာ မောင် ဖြူဥ ဖြစ်သည်။ ၁၃ဝ၇ ခုနှစ် (ခရစ်နှစ် ၁၉၄၅) တွင် သာစည်မြို့နယ် နှမ်းကန်ကျေးရွာကျောင်း ဆရာတော် ဘဒ္ဒန္တပညာဝံသထံ အပ်နှံ၍ ရှင်သာမဏေပြုသည်။ ရှင်ဘွဲ့မှာ “ရှင်ပညာသာမိ”ဖြစ်သည်။ ၁၃၁၇ ခုနှစ် ကဆုန်လပြည့် (၆ မေ ၁၉၅၅) နေ့တွင် နှမ်းကန်ရွာကျောင်း ခဏ္ဍသိမ်၌ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် တိုက်အုပ်ဆရာတော် ကျမ်းပြုအကျော် ဘဒ္ဒန္တနန္ဒိယကို ဥပဇ္ဈာယ်ပြုလျက် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းဘဝသို့ ရောက်သည်။ နှမ်းကန်ကျေးရွာကျောင်း၊ ပခုက္ကူ မြို့ မဟာဝိသုတာရာမတိုက်၊ မန္တလေးမြို့ မိုးကောင်းတိုက်များတွင် ပရိယတ္တိစာပေများ သင်ကြားခဲ့သည်။ ၁၃၁၇ တွင် အစိုးရ ပထမကြီးတန်းကို အောင်မြင်သည်။ အစိုးရ ဓမ္မာစရိယ စာမေးပွဲကို အသက် ၂၂ နှစ် အရွယ်၊ ၁၃၁၉ ခုနှစ်တွင်ဖြေဆိုအောင်မြင်၍ ၁၃၂ဝ ပြည့်နှစ် နတ်တော်လပြည့်နေ့ (၂၅ ဒီဇင်ဘာ ၁၉၅၈) တွင် 'သာသနဓဇ ဓမ္မာစရိယဘွဲ့' ကို ရရှိသည်။ ထို့နောက် သာစည်မြို့ ရေလယ်ကျောင်းတိုက်တွင် စာချဆရာတော် အဖြစ် ဆောင်ရွက်သည်။ ၁၃၃၃ တွင် သာစည်မြို့နယ် သာယာကုန်းရွာ၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘ၊ က) ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ ခရစ်နှစ် ၁၉၈၁ တွင် 'လူသေ လူဖြစ်”ဝါဒကို အဓမ္မဝါဒအဖြစ် ဆုံးဖြတ်နိုင်ရန် နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂) သို့ တင်ပြသည့် စောဒက ဆရာတော် လေးပါးတွင် တစ်ပါး အပါအဝင် ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်သံဃ မဟာနာယအဖွဲ့ ပိဋကတ်တိုက်မှူး၊ သာသနာရေးဝန်ကြီးဌာန ကမ္ဘာအေး အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း နည်းပြ၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် မာဂဓီ-သာစည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တည်ထောင်အုပ်ချုပ် သင်ပြသည့် ဆရာတော် စသည့် သာသနာ့ဝန်များကို သယ်ပိုးဆောင်ရွက်တော်မူသည်။ ၁ အောက်တိုဘာ ၁၉၅၉ ထုတ် ‘သင့်ဘဝမဂ္ဂဇင်း”တွင် “ကဗျာကောင်းဟူသည်" ဆောင်းပါး ရေး၍ စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ မြတ်ရတနာ၊ ဓာတ်ပုံရုပ်စုံ၊ မြဝတီ၊ ငွေတာရီ၊ ချိုတေးသံ၊ သင့်ဘဝ စသည့် မဂ္ဂဇင်းများ၊ တိုင်းရင်းမေ၊ အိုးဝေ စသည့် ဂျာနယ်များ၊ ဗိုလ်တထောင်၊ ဟံသာဝတီ၊ လုပ်သား ပြည်သူ့နေ့စဉ် စသည့် သတင်းစာများ၊ သာသနာ့ရောင်ခြည်၊ ဗုဒ္ဓဓမ္မလောက၊ ဗောဓိ၊ ဉာဏ်လင်း ဓမ္မပဒေသာ၊ ရတနာမွန်၊ မြတ်ဆုမွန်၊ မြတ်မင်္ဂလာ စသည့် ဘာသာရေး စာစောင်များတွင် မာဂဓီ၊ စပယ်၊ ခင်စပယ် (ပခုက္ကူ)၊ ကိုပညာ-သာစည်၊ မာဂဓီ-သာစည် ကလောင်အမည်များဖြင့် ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး ပုဒ်ရေ ၃၅ဝ ကျော်နှင့် ကျမ်းစာအုပ် ၂ဝ ကျော် ရေးသားခဲ့သည်။ ထင်ရှားသည့် စာအုပ်အချို့မှာ ဆယ်စောင်တွဲ သင်တန်း မြန်မာပြန် (၁၉၈၉)၊ အခါတော်နေ့များ (၁၉၈၆-၈၇)၊ ပဋ္ဌာန်းပူဇော်ပွဲ (၁၉၈၄)၊ တိပိဋကဓရ ပူဇော်ပွဲ အောင်မြင်ခြင်း မှတ်တမ်းနှင့် သာစည်အကြောင်း သိကောင်းစရာများ (၁၉၈၀)၊ သြကာသရှင်းတမ်း (၁၉၈၄)၊ လှူပုံထူးလှ မြတ်ဒါန (၁၉၈၄)၊ ဂုဏ်တော်ရှုပွား အကျိုးများ (၁၉၈၆)၊ လူငယ်မျက်ရှု ယဉ်ကျေးမှု (၁၉၈၈)၊ နှမ်းကန်သာသနာ (၁၉၉၃)၊ ဘုန်းဘုန်းအာဏာ နှင့် ရွှေမန်းမေတ္တာ (၁၉၉၆)၊ နယ်ချဲ့တော်လှန်ရေးသမားကြီး ဗိုလ်စံဖဲ (၁၉၉၉) [၁၉၉၇ ခုနှစ် စာပေဗိမာန်စာမူဆု၊ စာပဒေသာ ပထမဆုရ] တို့ ဖြစ်ကြသည်။ နိုင်ငံတော်အစိုးရက ၁၃၅၃ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ (၂၁ နိုဝင် ဘာ ၁၉၉၁) တွင် 'မဟာသဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်ဖြင့် လည်းကောင်း၊ ခရစ်နှစ် ၂ဝဝဝ ပြည့်တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ”ဘွဲ့တံဆိပ်ဖြင့် လည်းကောင်း၊ ခရစ်နှစ် ၂၀၀၈ တွင် ‘အဂ္ဂမဟာပဏ္ဍိတ”ဘွဲ့တံဆိပ်ဖြင့် လည်းကောင်း ဆက်ကပ် လှူဒါန်းတော်မူခဲ့သည်။ ၁၃၇၃ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ဝ ရက် (၁၇ ဖေဖော်ဝါရီ ၂၀၁၂) တွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။