Failed to load image
ဦးဖေမောင်တင်
စာအုပ် 4 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ဦးဖေမောင်တင် [ ၁၈၈၈-၁၉၇၃ ] ရန်ကုန်မြို့ အင်းစိန် ပေါက်တောရပ် ၌ အဖ တိရစ္ဆာန်ဆေးကုဌာန ဝန်ထောက် ဦးဖေ၊ အမိဒေါမြိုင်တို့က ၂၄ ဧပြီ ၁၈၈၈ အင်္ဂါနေ့တွင် ဖွားမြင်သည်။ မွေးချင်းခြောက်ယောက်တွင် ပဉ္စမမြောက်ဖြစ်သည်။ ငယ်မည် မောင်ဘတင်၊ နောင်တွင် မောင်တင် မှသည် ဘေမောင်တင်၊ ဖေမောင်တင်ဟု အမည်ပြောင်းသည်။အင်းစိန် ပေါက်တောရပ် ဆရာကိုရင်ကြီး၏ မြန်မာအလွတ်ပညာသင် ကျောင်း၊ ရန်ကုန် အစိုးရ ဟိုက်စကူးကျောင်း၊ ရန်ကုန်ကောလိပ်၊ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ် အိပ်ဇီတာကောလိပ်တို့တွင် ပညာသင်ခဲ့သည်။ ခုနစ်တန်းတွင် ပထမရ၍ အစိုးရ စကောလားရှစ်ဆု၊ နဝမတန်းတွင် ပထမရ၍ ရနောင်းဘုရင်ခံဆု၊ တက္ကသိုလ် ပညာသင်ဆု၊ ဥပစာတန်းတွင် ပထမရ၍ ဂျာဒင်း ဆု၊ ကာလကတ္တား တက္ကသိုလ်၏ ဒတ်စကောလားရှစ်ဆုတို့ကို ရရှိခဲ့သည်။ ရန်ကုန်ကောလိပ်မှ ဝိဇ္ဇာဘွဲ့ (၁၉ဝ၉)၊ ကာလကတ္တား တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ (၁၉၁၁)၊ အိပ်ဇီတာကောလိပ်မှ စာပေဝိဇ္ဇာ (ဘီလစ်)ဘွဲ့ (၁၉၂၄) များ ဆွတ်ခူးခဲ့သည်။ ၁၉၅၂ တွင် ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူ (အယ်လ်၊ အယ်လ်၊ ဒီ) ဘွဲ့၊ ၁၉၅၈ တွင် အမေရိကန်ပြည်ထောင်စု ချီကာဂို တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူ (ပီ၊ အိပ်ချ်၊ ဒီ) ဘွဲ့များ ချီးမြှင့်ခံရသည်။ ရန်ကုန် စိန့်ပေါလ် အထက်တန်းကျောင်း အထက်တန်းပြဆရာ (၁၉၁၁ -၁၂)၊ ရန်ကုန်ကောလိပ် ပါဠိပါမောက္ခ (၁၉၁၂-၂ဝ)၊ ရန်ကုန်တက္ကသိုလ် အရှေ့ တိုင်း ဘာသန္တရပါမောက္ခ (၁၉၂၄-၃၆)၊ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး (၁၉၃၆-၄၁)၊ ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (၁၉၄၁-၄၅)၊ သက်ကြီးတက္ကသိုလ် ကျောင်းအုပ်ကြီး (၁၉၄၇-၄၈)၊ ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင် ပါဠိပါမောက္ခ (၁၉၄၈-၅ဝ)၊ အမေရိကန်ပြည်ထောင်စု ချီကာဂိုတက္ကသိုလ် ခရစ်ယာန် သမ္မာကျမ်းစာဌာန ဗုဒ္ဓဘာသာဆိုင်ရာ ဧည့်ပါမောက္ခ (၁၉၅၇-၅၉)၊ ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင် မြန်မာစာ ပါမောက္ခ (၁၉၆၀-၆၁)၊ မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဋ္ဌ (၁၉၆ဝ-၆၄) အဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်စဉ် ဗားနတ် ပိဋကတ် တိုက်အုပ်၊ လန်ဒန် ပါဠိစာပေအသင်း အကျိုးဆောင် ကိုယ်စားလှယ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲ စစ်ဆေးရေးအရာရှိ၊ မြန်မာစာညွန့်ပေါင်းကျမ်း ပြုစုရေး အကြံပေး ဘုတ်အဖွဲ့ဝင် (၁၉၁၆)၊ မြန်မာနိုင်ငံ သုတေသနအသင်း စာအုပ် ထုတ်ဝေရေး ဆပ်ကော်မတီ စာတည်းချုပ်၊ မြန်မာနိုင်ငံ သုတေသနအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် အယ်ဒီတာ၊ မြန်မာနိုင်ငံ ပညာ ပြန့်ပွားရေးအသင်း တည်ထောင်သူနှင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခရစ်ယာန်စာပေ အသင်း ညွှန်ကြားရေးမှူး (၁၉၄၅)၊ ရန်ကုန်တက္ကသိုလ် ဘာသာပြန် သုခမိန် အဖွဲ့ ဥက္ကဋ္ဌ (၁၉၄၈)၊ မြန်မာ့စွယ်စုံကျမ်း စီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာစာပေ ပြုစုရေးနှင့် ဘာသာပြန်ကော်မရှင် ဥက္ကဋ္ဌ (၁၉၆၃) စသည့် တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် အတွဲ ၁၊ အမှတ် ၁ (ဇွန် ၁၉၁၁) တွင် Missionary Burmese ဆောင်းပါးကို Maung Tin, B.A. အမည်နှင့် ရေးသည်ကို စတင် တွေ့ရသည်။ သူငယ်တန်းမှ ပဉ္စမတန်းအထိ မြန်မာဖတ်စာများ (၁၉၂၇-၃၉)၊ မြန်မာကြည့်စာ (သုံးတွဲ] (၁၉၂၉)၊ ပါဠိဖတ်စာ (၁၉၃၄)၊ မြန်မာဝါကျဖွဲ့ထုံးကျမ်း (၁၉၅၁)၊ မြန်မာသဒ္ဓါ (၁၉၅၄)၊ ကျောင်းသုံးမြန်မာသဒ္ဒါ (၁၉၅၅)၊ အလယ်တန်း မြန်မာသဒ္ဒါ (၁၉၅၅)၊ မြန်မာသဒ္ဒါနှင့် အသုံး အနှုန်း (၁၉၅၆)၊ ဘာသာလောကကျမ်း (၁၉၅၇)၊ မြန်မာဝတ္ထုသမိုင်းအစနှင့် သုတေသနစာတမ်းများ (၁၉၆၉) စသည်တို့ကို မြန်မာဘာသာဖြင့် လည်း ကောင်း၊ အဏုမြူ (၁၉၂၈)၊ အဏုမြူဒီပနီ (၁၉၂၉)၊ မြစေတီ မွန်ကျောက်စာ (၁၉၅၅)၊ ရွှေစည်းခုံ မွန်ကျောက်စာ (၁၉၅၆)၊ ကျန်စစ်သား မင်းတရားကြီး၏ နန်းတော် မွန်ကျောက်စာ (၁၉၅၇) စသည်တို့ကို မြန်မာဘာသာပြန်၍ လည်း ကောင်း၊ ပုဂံကျောက်စာ ညွန့်ပေါင်းကျမ်း (၁၉၂၈) [ဂျီ၊ အိပ်ချ်၊ လုစ်နှင့်] တိုင်းရင်းမြန်မာ ကျောက်စာများ (ငါးထုပ်) (၁၉၃၃-၅၆) [ဂျီ၊ အိပ်ချ်၊ လုစ်နှင့်၊ ရာဇဝင်ကျော် (၁၉၃၄)၊ ဦးကြင်ဥ၏ ပဒေသာသီချင်းများ (၁၉၃၄)၊ ခေတ်စမ်း ပုံပြင်များ (၁၉၃၄)၊ စမ္ဗူဒီပ ဥဆောင်းကျမ်း (၁၉၆ဝ) [ဂျေ၊ အက်စ်၊ ဖာနီဗယ် နှင့်]၊ စလင်းမင်း မောင်ပေါင်းချောင် ဧချင်း (၁၉၆၂) စသည်တို့ကို တည်းဖြတ် ၍ လည်းကောင်း၊ ဒီပဝံသမှတ်စု (၁၉၁၂)၊ အခြေပြုပါဠိသဒ္ဓါ (၁၉၁၄)၊ ဓမ္မပဒ (၁၉၁၄)၊ ခုဒ္ဒကပါဋ္ဌ (၁၉၁၅)၊ မိလိန္ဒပဉှာ (၁၉၁၅)၊ ပါဠိဖတ်စာ (၁၉၁၈)၊ ကျောင်းသားကိုင် ပါဠိ-အင်္ဂလိပ် အဘိဓာန် (၁၉၂ဝ)၊ အဋ္ဌသာလိနီ၊ နှစ်တွဲ (၁၉၂ဝ-၂၁)၊ ဝိသုဒ္ဓိမဂ်၊ သုံးတွဲ (၁၉၂၃-၃၁)၊ မှန်နန်းရာဇဝင် (၁၉၂၃) [ဂျီ၊ အိပ်ချ်၊ လုစ်နှင့်]၊ မြန်မာသဒ္ဒဗေဒဖတ်စာ (၁၉၂၅) [မစ္စစ်အီး၊ အမ်းစထရောင်း နှင့်)၊ ဗုဒ္ဓဘာသာ ဆုတောင်းပုံနှင့် ဘာဝနာပွားပုံ (၁၉၆၄)၊ ဓမ္မစက္က ပဝတ္တနသုတ် နှင့် အနတ္တလက္ခဏသုတ် (၁၉၇၃) စသည်တို့ကို အင်္ဂလိပ်ဘာသာနှင့် ပြုစု ပြန်ဆို၍ လည်းကောင်း ပြုစုခဲ့သည်။