Failed to load image
ဇေယျ
စာအုပ် 3 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ဇေယျ [ ၁၉၀၀-၁၉၈၂ ] သာယာဝတီခရိုင် ဇီးကုန်းမြို့၌ အဖ ကျက်သရေဆောင် ရွှေစလွယ်ရ သစ်တောဝန်ထောက်ကြီး ဦးခလယ် အမိ ဒေါ်ရွှေကြိုးတို့က ၁၉ဝဝ ပြည့် နှစ် ဇူလိုင်လ ၁ ရက် တနင်္ဂနွေနေ့တွင် မွေးဖွားသည်။ ဇာတာအမည် အောင်မြင့်၊ ခရစ်ယာန်အမည် ယောရှု၊ ငယ်မည် ဖိုးကွန်း၊ ကျောင်းအမည် မောင်ယောမှသည် မောင်ယော (မောင်ရော) ဖြစ်လာသည်။ ဇီးကုန်း အေဘီအမ် အလယ်တန်းကျောင်း၊ သာယာဝတီ အေဘီအမ် အထက်တန်းကျောင်း၊ ပြည် အစိုးရအထက်တန်းကျောင်းများတွင် ပညာသင်ခဲ့သည်။ ၁၉၂ဝ တွင် အင်္ဂလိပ်စာ၊ ပထဝီဝင်၊ ကျန်းမာခြင်း ဟူသော သုံးဘာသာ ဂုဏ်ထူးဖြင့် ဆယ်တန်းအောင်ခဲ့သည်။ ၁၉၂ဝ မှာပင် ဒဂုန်မဂ္ဂဇင်းတွင် လက်ထောက်အယ်ဒီတာ ဝင်လုပ်သည်။ မြန်မာအဆွေ ရုပ်ရှင်ကုမ္ပဏီအတွက် ဝတ္ထုဇာတ်ညွှန်းများ ရေးသည်။ ၁၉၂၅ တွင် ကိုယ်ပိုင် ဇေယျသတင်းစာကို ထုတ်သည်။ ဇေယျသတင်းစာ ရပ်ပြီးနောက် လန်ဒန်အတ် မဂ္ဂဇင်း၊ ဗြိတိသျှဘားမား မဂ္ဂဇင်း၊ ဓူဝံမဂ္ဂဇင်း၊ ဓူဝံဂျာနယ်နှင့် သူကြီးဂေဇက် သတင်းစာတို့တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ် ပြီးသည့် နောက်ပိုင်းတွင် ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန်အဆင့် အထိ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူသည်။ ထို့နောက် မြန်မာနိုင်ငံ သမိုင်းကော်မရှင်၊ ယဉ်ကျေးမှုကောင်စီ၊ မြန်မာစာပေ ပြုစုရေးနှင့် ဘာသာပြန်ကော်မရှင် စသည့် စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ အစိုးရအဖွဲ့အစည်းများတွင် ဝင်ရောက် ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ သုတေသနအသင်း၊ တက္ကသိုလ် မြန်မာစာ သင်ကြားရေးအဖွဲ့တို့တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ဝဏ္ဏကျော်ထင်ဘွဲ့ (၁၉၅၀)၊ သီရိပျံချီ (၁၉၅၅) တို့ ချီးမြှင့်ခံရသည်။ ၁၉၅၉ ဇူလိုင်လတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ယဉ်ကျေးမှု မစ်ရှင်အဖွဲ့ကို ခေါင်းဆောင်၍ သွားရောက်ခဲ့သည်။ ဒဂုန်မဂ္ဂဇင်း၊ တွဲ ၁၊ မှတ် ၁ (စက်တင်ဘာ ၁၉၂ဝ) တွင် “ဗိုလ်ရန်အောင်ဝတ္ထုတိုကို “ဒဂုန်ဇေယျ” ကလောင်အမည်နှင့် စ ရေးသည်။ တောကြီးမာယာ၊ လိုက်တော်မူ တို့ကို “ဇေယျ” အမည်နှင့် ထုတ်ဝေခဲ့သည်။ ထင်ရှားသည့် စာအုပ် အချို့မှာ ဆောင်းဟေမန် ( ? )၊ ဇေယျဝတ္ထုတိုများ (၁၉၆၂)၊ မြန်မာ့မျက်ပွင့် (ရွာ ဓလေ့၊ လူ့ဓလေ့] (၁၉၆၁)၊ မြန်မာ့မျက်ပွင့် [စာဓလေ့] (၁၉၆၂)၊ သိန်းလေးဆယ် (၁၉၆၆)၊ မြတ်လေးရွှေဓားဗိုလ် (၂ ကြိမ်၊ ၁၉၆၆)၊ စာတွေ့ ငါတွေ့ (၁၉၆၇)၊ ဇေယျ၏ စာစုများ (၁၊ ၂] (၂ဝဝဝ) တို့ ဖြစ်ကြသည်။ လူ (History of Mankind by Van Loon) ပထမပိုင်းကို ဘာသာပြန်ခဲ့သည်။ “မြန်မာ့မျက်ပွင့်” (ရွာဓလေ့၊ လူ့ဓလေ့) ဖြင့် ၁၉၆၁ ခုနှစ် စာပေဗိမာန် စာပဒေသာဆု ရရှိခဲ့သည်။ ‘မင်းလက်ျာ၊ ‘သီလဝင်” ကလောင်အမည်ခွဲများနှင့်လည်း ရေးခဲ့သည်။ ၄ အောက်တိုဘာ ၁၉၈၂ တွင် ရန်ကုန်မြို့ စမ်းချောင်း ချမ်းသာလမ်း နေအိမ်၌ ကွယ်လွန်သည်။