Failed to load image
စိန်စိန်
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
စိန်စိန် [ ၁၉၂၈-၁၉၇၂ ] သာယာဝတီမြို့၌ အဖ လယ်သမားကြီး ဦးမိုးသီး၊ အမိ ဒေါ်ကျီးညိုတို့က ၁၉၂၈ ခု ဇန်နဝါရီ ၁၂ ရက် ကြာသပတေးနေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ရှစ်ယောက်တွင် အငယ်ဆုံးသမီး ဖြစ်သည်။ ငယ်မည် အပု၊ အမည်ရင်း စိန်စိန် ဖြစ်သည်။ ဦးကျောက်လုံး မြန်မာ မူလတန်း ကျောင်း (သာယာဝတီမြို့)၊ ဦးသာဇံ မြန်မာ အလယ်တန်းကျောင်း(ဇီးကုန်းမြို့)၊ အေဘီအမ် အထက်တန်းကျောင်း (သာယာဝတီ မြို့ ) များတွင် ဆယ်တန်းအထိ ပညာသင်ယူခဲ့သည်။ ကျန်းမာရေး အခြေအနေကြောင့် ကျောင်းမှ ထွက်ခဲ့ရသည်။ အသက် ၁၁ နှစ်အရွယ်တွင် ၁၃ဝဝ ပြည့် အရေးတော်ပုံနှင့် ကြုံကြိုက်၍ နိုင်ငံရေးစိတ်ဓာတ် မျိုးစေ့ရခဲ့သည်။ ဂျပန်ခေတ် အေဘီအမ်ကျောင်းတွင် ကျောင်းနေရင်း ဒို့ဗမာအစည်းအရုံးသို့ဝင်ကာ နိုင်ငံရေး စတင်ဆောင်ရွက်ခဲ့သည်။ မြို့နယ်အမျိုးသမီးဌာန အတွင်းရေးမှူးအဖြစ် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ရာ “ရဲရဲတောက် စိန်စိန်” ဟူ၍ အမည်တွင်ခဲ့သည်။ စာလုံးများကို ပေါင်းဖတ်တတ်သည့် အရွယ်မှစ၍ စာနယ်ဇင်းများ ဖတ်ခဲ့သည်။ ၁၂ နှစ်သမီး အရွယ်တွင် ဝတ္ထု၊ ကဗျာများ စတင် ရေးစမ်းခဲ့သည်။ ၁၉၄၇ တွင် အာဇာနည်ကြီးများ ကျဆုံးစဉ် “ဂနိုင်မေ”ကလောင်အမည်ဖြင့် ရေးသည့် “ခရီးဆက်ကြပါစို့' လေးချိုးကြီးမှာ ၁၉၄၇ ခု ဇူလိုင်လထုတ် “တိုင်းရင်းသူဂျာနယ်” တွင် ပါဝင်ခဲ့သည်။ ယင်းမှာ ပထမဆုံး ပုံနှိပ်စာမူပင် ဖြစ်သည်။ စစ်ပြီးခေတ် စာနယ်ဇင်းများတွင် “ဂနိုင်မေ”၊ “အထွေး”၊ “စိန်စိန်” ကလောင်အမည်များဖြင့် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ကဗျာ၊ စာညွန့်ပေါင်း ၁ဝဝ ကျော်မျှ ရေးခဲ့သည်။ သားလိမ္မာ(၁၉၅၄)၊ ချစ်ငြိုးချစ်မာန် (၁၉၆၂)၊ လွမ်းသစ္စာတိုင် (၁၉၆၃)၊ နှင်းသက်ဆယ်ပြန် (၁၉၆၆)၊ မလင်းတစ်ဖုံ လင်းတစ်ဖုံ (၁၉၇ဝ)၊ ရိုးမတောင်ကြီးကိုသာ ဖြိုလိုက်ချင်တော့ (၁၉၇၄) စသည့် ဝတ္ထုများ၊ ခရီးဝင်္ကပါ(၁၉၇၀) ကိုယ်တိုင်ရေး ရသဟန် အတ္ထုပ္ပတ္တိ၊ သိစေချင်ပါသည် (၁၉၆၄) ဝတ္ထုတိုပေါင်းချုပ်၊ ကိုယ်တွေ့ဝိပဿနာ နှင့် ဆိုင်သော စွန်းလွန်းသောဆေးနည်း (၁၉၆၂)၊ ကြုံဖူးမှ ယုံစဖွယ် (၁၉၆၂) တို့မှာ ထင်ရှားကြသည်။ “သားလိမ္မာ” ဖြင့် ၁၉၅၄ ခုနှစ် ရှုမဝတစ်ထောင်ဆု၊ “လွမ်းသစ္စာတိုင်” ဖြင့် ၁၉၅၇ ခုနှစ် ဘားမားစတား ဝတ္ထုရှည်ပြိုင်ပွဲ စာမူဆုနှင့် ၁၉၆၃ ခုနှစ် အနုပညာ စာပေဆိုင်ရာဆုတွင် ဝတ္ထုရှည်ပထမဆု၊ “ရိုးမတောင်ကြီးကိုသာ ဖြိုလိုက်ချင်တော့” ဖြင့် ၁၉၆၆ ခုနှစ် အမျိုးသားစာပေဆုတွင် ဝတ္ထုရှည် စတုတ္ထဆု၊ “ခရီးဝင်္ကပါ”ဖြင့် ၁၉၇ဝ ပြည့်နှစ် အမျိုးသားစာပေဆုတွင် စာပဒေသာဆု ရရှိခဲ့သည်။ “ခရီးဝင်္ကပါ” ကို ဂျပန်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။ “ရိုးမတောင်ကြီးကိုသာ ဖြိုလိုက်ချင်တော့” နှင့် “ခရီးဝင်္ကပါ” တို့သည် အံ့သြဖွယ် လက်ရာများ ဖြစ်ကြသည်ဟု မလိခက ညွှန်းဆို ခဲ့သည်။ ၁၉၇၂ ခု ဇွန်လ ၆ ရက် ည ၇:၄၅ နာရီတွင် သာယာဝတီ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။