Failed to load image
မောင်သာနိုး
စာအုပ် 6 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
မောင်သာနိုး (၁၉၃၂-၂ဝ၂၂] စစ်ကိုင်းမြို့ ထုံးဘိုရပ်၌ အဖ မြို့အုပ် ကျောက်ဆောက် ဦးခင်မောင်ကလေး (တောင်ထားဝယ်ဗိုလ် ကျောက်ဆောက် မြို့စား တိုင်တားမင်းကြီး ဦးဖိုး၏ အနွယ်တော်)၊ အမိ ဒေါ် စံမြင့် တို့က ၆ မေ ၁၉၃၂ တွင် မွေးဖွားခဲ့သည်။ မွေးချင်း (၃) ယောက်တွင် ဒုတိယ၊ အမည်ရင်း ဦးကျောက်ဆောက် သာနိုး၊ သို့သော် ကလောင်အမည် “မောင်သာနိုး”သည်ပင် အမည်ရင်းအဖြစ် ထင်ရှားသည်။ ၁၉၄ဝ-၄၁ တွင် စစ်ကိုင်းမြို့ နန္ဒဝန်ကွက်သစ် အစိုးရမူလတန်းကျောင်းမှာ စတင် ပညာဆည်းပူးခဲ့သည်။ ၁၉၄၆ တွင် စစ်ကိုင်းမြို့အစိုးရ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့သင်ယူရာ၊ ၁၉၅ဝ တွင် ကျောင်းထွက်လက်မှတ်ရ စာမေးပွဲနှင့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့သည်။ ၁၉၅၁ တွင် မန္တလေး ဥပစာကောလိပ်သို့ တက်ရောက်ခဲ့သည်။ ၁၉၅၃ တွင် အောက်တိုဘာအရေးတော်ပုံ ကျောင်းသားလှုပ်ရှားမှုကြောင့် အဖမ်းခံ၊ ကျောင်းထုတ် ခံရသည်။ ၁၉၅၆-၅၉ တွင် မန္တလေးတက္ကသိုလ်မှာ ဆက်လက်၍ ပညာသင်ယူခဲ့ပြန်သည်။ ၁၉၆၃ တွင် မန္တလေး တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ စာမေးပွဲကို ပြင်ပကျောင်းသားအဖြစ်နှင့် ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၉၇၆ တွင် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ မဟာဝိဇ္ဇာ (မြန်မာစာ)ဘွဲ့ကို 'ရတုကဗျာ ဖြစ်ထွန်းတိုးတက်လာပုံ လေ့လာချက်” ကျမ်း တင်သွင်းပြီး ရရှိခဲ့သည်။ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ရုရှားဘာသာ ဆည်းပူးခဲ့ပြီး ပြင်သစ်၊ တရုတ်၊ ကိုရီးယား ဘာသာများကိုလည်း လေ့လာလိုက်စားခဲ့သည်။ မန္တလေးခရိုင် ကျောင်းသားများသမဂ္ဂ တွဲဖက် အတွင်းရေးမှူး၊ တစ်ဖန် ဒုဥက္ကဋ္ဌ၊ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဉာဏဗလမှူး၊ တွဲဖက် အတွင်းရေးမှူး၊ အထွေထွေအတွင်းရေးမှူး၊ မန္တလေးတက္ကသိုလ် ညီညွတ်ရေးတပ်ဦး ဒုဥက္ကဋ္ဌ၊ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမှုဆောင်၊ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း တွဲဖက်အတွင်းရေးမှူးနှင့် ၁၉၆၆ အထိ အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်း၏ ဂုဏ်ထူးဆောင် နာယကလည်း ဖြစ်သည်။ ၁၉၅၅-၅၆ တွင် လူထုသတင်းစာ ညအယ်ဒီတာ၊ ၁၉၅၇-၆၃ တွင် မန်းခေတ် (ရွှေမန်းဗမာ့ခေတ်) သတင်းစာ အယ်ဒီတာအဖွဲ့ဝင်အဖြစ် အမှုထမ်းခဲ့သည်။ မန်းခေတ် အယ်ဒီတာအဖြစ်နှင့် ထပ်မံ အဖမ်းခံရပြန်သည်။ ၁၉၅၆ ခုနှစ် တက္ကသိုလ်ကျောင်းသားဘဝမှာပင် အင်္ဂလိပ်စာပြ ဆရာဘဝ စ တင်ခဲ့သည်။ မန္တလေးမြို့ သျှန်တက္ကသိုလ်၊ ပွဲကုန်းကျောင်း၊ ရတနာပုံကျောင်း အပါအဝင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင် အင်္ဂလိပ်စာ သင်ကြား ပို့ချခဲ့သည်။ ၁၉၆၇ တွင် ရန်ကုန်သို့ ပြောင်းခဲ့ပြီး ၂၀၁၅ အထိ အင်္ဂလိပ်စာပြဆရာအဖြစ် အသက်မွေး ဝမ်းကျောင်း ပြုခဲ့သည်။ ၂ဝဝ၄ တွင် အမေရိကန်ပြည်ထောင်စု အိုင်အိုဝါ တက္ကသိုလ် နိုင်ငံတကာစာပေအရေး အသား ညီလာခံ၊ အီလီနွိုင်းတက္ကသိုလ် မြန်မာမှုစာတမ်းဖတ်ပွဲ၊ ၂ဝ၁ဝ တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မာန်ဟဲ ဆရာတော် နှစ်ပတ်လည်စာတမ်းဖတ်ပွဲများသို့ တက်ရောက်ခဲ့သည်။ အထက်တန်းကျောင်းသားဘဝ (၁၉၅ဝ) မှ စ၍ လူထုဂျာနယ်၊ သွေးသောက်မဂ္ဂဇင်းတွင် ကဗျာ၊ စာညွန့်၊ ဘာသာပြန် ဝတ္ထုများကို “မောင်သိင်္ဂါ” ကလောင်အမည်နှင့်၊ ဘာသာရေး ဆောင်းပါးများကို “အဿဇိ-၂”အမည်နှင့် ရေးခဲ့သည်။“ကိုရင်အေး”အမည်ဖြင့် အခြားစာနယ်ဇင်းများတွင်လည်း ဆောင်းပါးများ ရေးခဲ့သည်။ အမျိုးသမီး ကလောင်အမည်များ သုံး၍လည်း ဝတ္ထု၊ ကဗျာများ ရေးခဲ့သည် ဟူသော မှတ်တမ်းလည်း ရှိသည်။ “မောင်သာနိုး”ကလောင်အမည် ကိုမူ တင်မိုး၏ 'လှေတစင်းနှင့် သီချင်းသည်”(၁၉၆၃) ကဗျာစာအုပ် အင်္ဂလိပ်ဘာသာပြန်၌ စတင် အသုံးပြုခဲ့သည်။ ကဗျာ (ပင်ကို/ဘာသာပြန်)၊ ဝတ္ထုတို/ရှည် (ပင်ကို/ဘာသာပြန်)၊ အထွေထွေဆောင်းပါး၊ ဘာသာရေး၊ ဘာသာဗေဒ၊ အင်္ဂလိပ်စာ အင်္ဂလိပ်စကား စသည့် စာအုပ် ပေါင်း (၈၀) ကျော်၊ ဆောင်းပါးပေါင်း (၁ဝဝဝ) ကျော် ပြုစု ရေးသားခဲ့သည်။ ပြုစုထုတ်ဝေခဲ့သော စာအုပ်များအနက် အချို့မှာ ပင်ကိုရေးဖြင့် ဗမာစာ ဗမာစကား(၁၉၇၂)၊ ခိုးစားတဲ့သစ်သီး (မဂ္ဂဇင်းဝတ္ထုတိုများ (၁၉၉၆)၊ အင်္ဂလိပ်ဘာသာမှ မြန်မာပြန်ခြင်းဖြင့် မာ့က်စ်ဝါဒနှင့် ကဗျာ - ကဗျာ သဘောတရား (၁၉၆၆)၊ ထင်းရှူးပင်ရိပ် (၁၉၆၈)၊ အာရှတိုက်ရဲ့ အလင်းရောင် (၁၉၉၂)၊ မဟာကဗျာ လေးပုဒ် (၁၉၉၂)၊ အို မာရ်ခိုက်ယမ်း (၁၉၉၄)၊ နိုင်ငံရပ်ခြား ကဗျာခံစားမှုစာစု (၁၉၉၄)၊ နိရောဓသစ္စာ (၁၉၉၄)၊ တောမှော်ရုံလမ်း (၁၉၉၈)၊ ဆွတ်ပျံ့ဖွယ်အောင် (၂ဝဝ၁)၊ ဆိုင်ရဲ့ ကမ္ဘာ (၂ဝဝ၂)၊ မာယာကော့စကီ - ဘောင်းဘီဝတ်မိုးတိမ် (၂ဝဝ၄)၊ မိုးမခပင်နိုင် (၂၀၁၇)၊ ဝိညာဉ်တောင် (၂ဝ၁၉)၊ မြန်မာမှ အင်္ဂလိပ်ဘာသာပြန်ခြင်းဖြင့် Songster in a Boat by Tin Moe (1963); Red and Blue by Maung Swan Yi (1981); Fundamentals of Insight by Mahasi Sayadaw (1981); Burmese Design Through Drawings by U Aye Myint (1994); 12 Poems by Aung Cheimt (2014) : စံပြ (၂ဝ၁၈)၊ အင်္ဂလိပ်စာ သင်ကြားရေးအတွက် English The Easy Way (ဆဋ္ဌမအကြိမ် ၂၀၀၃) English Grammar For All (စတုတ္ထအကြိမ်၊ ၂၀၀၇)। Reading and Writing in English (၂ဝဝ၃)၊ အင်္ဂလိပ်သဒ္ဒါ နိဒါန်း (ဒုတိယအကြိမ်၊ ၂ဝဝ၁)၊ အင်္ဂလိပ်သဒ္ဓါ အောက်ခြေသိမ်း (ဒုတိယအကြိမ်၊ ၂ဝ၁၃) တို့ ဖြစ်ကြသည်။ မောင်သိင်္ဂါ အမည်နှင့် ပင်ကိုရေး ကဗျာများတွင် “မလင်းပြာ”ကဗျာသည် ထင်ရှားသည်။ “ထင်းရှူးပင်ရိပ်”ကား “ဗမာ ခေတ်ပေါ်ကဗျာ၏ သမ္မာကျမ်းစာ” ပင် ဖြစ်သည်။ ခေတ်ပေါ် တေးဂီတ နယ်ပယ်ထဲသို့ပင် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ထူးအိမ်သင်၏ သီချင်း စာသားများတွင် အထင်အရှား မြင်ရသည်။ အမျိုးသားစာပေ တစ်သက်တာဆု (၂၀၁၆) နှင့် အလင်္ကာကျော်စွာဘွဲ့ (၂ဝ၂၂) တို့ ရရှိခဲ့သည်။ ကဗျာဆရာ၊ အင်္ဂလိပ်စာ ကျူရှင်ဆရာ၊ ဘာသာဗေဒ ပညာရှင်၊ ဘာသာပြန်ဆရာ၊ စာပေပညာရှင် အဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ အသက် (၉ဝ) နှစ် အရွယ်၊ ၁၂ ဇူလိုင် ၂ဝ၂၂ ညနေ ၆း၄၅ နာရီတွင် ရန်ကုန်မြို့ S.S.C ဆေးရုံမှာ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်လေးနွယ် (B.Ed.) ကျန်ရှိခဲ့သည်။