Failed to load image
ဦးအေးမောင်
စာအုပ် 4 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ဦးအေးမောင် (စာပေဗိမာန်) [ ၁၉၁၄-၂၀၀၂ ] မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌ အဖ ဦးသိန်းကျော်၊ အမိ ဒေါ်သင် တို့က ၂ ဖေဖော်ဝါရီ ၁၉၁၄ တွင် ဖွားမြင်ခဲ့သည်။ မန္တလေးမြို့ ဝက်စလီကျောင်း၌ ပညာသင်ကြားခဲ့ရာ၊ ၁၉၃၂ တွင် ဆယ်တန်း အောင်ခဲ့သည်။ ထို့နောက် ရန်ကုန်ဆရာဖြစ်သင်ကောလိပ်သို့ တက်ရောက် သည်။ ၁၉၃၇ တွင် ဆရာဖြစ် စာမေးပွဲ အောင်မြင်သည်။ မုံရွာမြို့ ဝက်စလီကျောင်းတွင် သုံးနှစ် (၁၉၃၈-၄ဝ) ကြာ ကျောင်းဆရာအဖြစ် အမှုထမ်းသည်။ တစ်ဖန် ရန်ကုန်ဆရာဖြစ်သင်ကောလိပ် လေ့ကျင့်ရေးကျောင်းသို့ ပြောင်းရွှေ့ကာ ၂ နှစ်ကြာမျှ ဆရာအဖြစ် လုပ်ကိုင်သည်။ စစ်ပြီးခေတ်တွင်မူ စာပေဗိမာန်ဘာသာပြန် စာပေအသင်း၌ ၁၉၄၉ မှ ၁၉၅၇ အထိလက်ထောက်အယ်ဒီတာ တာဝန်ယူခဲ့သည်။ ၁၉၇၅ တွင် သက်ပြည့်အငြိမ်းစား ယူခဲ့သည်။ “ဦးအေးမောင် (စာပေဗိမာန်)” ကလောင်အမည်ဖြင့် စာပေဗိမာန် မဂ္ဂဇင်း၊ မြဝတီ မဂ္ဂဇင်း၊ သင့်ဘဝ မဂ္ဂဇင်း၊ လုပ်သားပြည်သူ့နေ့စဉ် (မြန်မာ၊ အင်္ဂလိပ်) သတင်းစာ၊ ဂါးဒီးယန်း မဂ္ဂဇင်း စသည်တို့တွင် ဘာသာရေး၊ စိတ်ပညာ၊ ဒဿန၊ သိပ္ပံပညာနှင့် အခြား ပညာရေးဆောင်းပါးများကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ နှင့် နှစ်ပေါင်း ၂ဝ ကျော်မျှ ရေးသားခဲ့သည်။ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ သုံးတွဲ] (၁၉၆၃-၆၄၊ ပထမအကြိမ်)၊ စိတ်ဝိညာဉ် ဆိုင်ရာ လေ့လာတွေ့ရှိချက်များ (၁၉၆၆၊ ဒုတိယအကြိမ်)၊ စိတ်ပညာနှင့် ကိုယ်ကျင့်တရား (၁၉၉၈၊ ဒုတိယအကြိမ်)၊ ပိဋကတ်မှ ဗုဒ္ဓနှင့် ဓမ္မ (၁၉၉၉၊ ဒုတိယအကြိမ်)၊ လူ့ဘဝ လောကအမြင် [နှစ်တွဲ] (၂ဝဝဝ၊ ပထမအကြိမ်)၊ လူ့စိတ် သဘာဝ (၂၀၀၀၊ ဒုတိယအကြိမ်)၊ ဗုဒ္ဓအမြင် လူသားစွမ်းအင် (၂၀၀၁၊ ပထမ အကြိမ်)၊ ဗီစနှင့် ပတ်ဝန်းကျင် (၂၀ဝ၂၊ တတိယအကြိမ်)၊ ဘဝဆည်းဆာ (၂ဝဝ၂၊ တတိယအကြိမ်)၊ သေသည်၏အခြားမဲ့၌ ဦးဝင်းမောင်နှင့် တွဲဖက်၍ (၂ဝဝ၂၊ ဆဋ္ဌမအကြိမ်)၊ လူတစ်ယောက်၏ခွန်အား (၂ဝဝ၃၊ ပထမအကြိမ်)၊ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ၏ ထူးခြားချက်များ (၂၀၀၅၊ ပထမအကြိမ်)၊ သိပ္ပံနည်း စူးစမ်းမှု နှင့် သိပ္ပံပညာသဘော (၂၀၀၅၊ ဒုတိယအကြိမ်) စသည့် စာအုပ်များကို ပြုစုခဲ့သည်။ ထို့ပြင် မဟာစည် ဆရာတော်၏ တရားစာအုပ် ငါးအုပ်၊ သာသနာရေး ဝန်ကြီးဌာန ပိဋကတ် ဘာသာပြန်စာပေ ဖြန့်ချိရေးအဖွဲ့အတွက် မဇ္ဈိမနိကာယ် (မူလပဏ္ဏာသ)၊ ထေရာပဒါန် (ပထမပိုင်း) နှင့် မင်းကွန်းဆရာတော်ကြီး၏ မဟာဗုဒ္ဓဝင် (စတုတ္ထတွဲ) တို့ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ “ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ” သုံးတွဲ]ကို ပေါင်းချုပ်အဖြစ် ပြန်လည် တည်းဖြတ် ရေးသားပြီးနောက် Buddha and Buddhism အမည်နှင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ရေးသား ခဲ့သည်။ ၁၁ မေ ၂၀ဝ၂၊ စနေနေ့၊ ညနေ ၄:၃၅ နာရီတွင် ရန်ကုန်မြို့ နေအိမ်၌ကွယ်လွန်ခဲ့သည်။