Failed to load image
မှော်ဘီဆရာသိန်း
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
မှော်ဘီဆရာသိန်း [ ၁၈၆၂-၁၉၄၂ ] မှော်ဘီမြို့နယ် မင်းရွာ၌ အဖလယ်သမားကြီး ဦးရွှေကြူ၊ အမိ ဒေါ်ငွေ တို့က ၃၁ မတ် ၁၈၆၂ တနင်္လာနေ့ တွင် မွေးသည်။ မွေးချင်း လေးဦးတွင် ဒုတိယမြောက်သား၊ ငယ်မည် မောင်ဖိုးသိန်း ဖြစ်သည်။ မင်းရွာ ကိုရွှေမိတ်ထံတွင် သင်ပုန်းကြီး၊ ဦးပိုက်ထံတွင် အခြေခံ ဘာသာရေး သင်ရိုးစာများ၊ ကန်ကုန်း ဘုန်းကြီး ဦးဝဏ္ဏထံတွင် ပရိတ်ကြီး နှင့် ဇာတ် အဋ္ဌကထာ နိဿယများကို လေ့လာခဲ့သည်။ သန်လျင် ညောင်ဝိုင်း ကျောင်း (သိမ်ကျောင်း) ဘုန်းကြီး ဦးနန္ဒမာလာထံတွင် ဘာသာရေး စာများသာမက ပျို့၊ ကဗျာ၊ လင်္ကာ၊ မေတ္တာစာ၊ ဓမ္မသတ်နှင့် ဦးပုညဝတ္ထု တရားစာများကိုပါ ဖတ်ရှုခဲ့သည်။ ပြဇာတ်ရေးဆရာ ရှေ့နေ ဦးပုတ်နီထံတွင် ပြဇာတ် သဘော သဘာဝကို လည်းကောင်း၊ မလွန်မင်းသားကြီး၏ အကြီးတော် ဦးသံမှိုထံတွင် နန်းတွင်းရေး၊ ရာဇဝင်ရေး ဗဟုသုတများကို လည်းကောင်း၊ ရှေ့နေ ဦးရေးထံတွင် မြန်မာစာပေဆိုင်ရာကို လည်းကောင်း၊ ဟင်္သာတ ဆရာမှဲ့ထံတွင် ကဗျာလင်္ကာ အကြောင်းကို လည်းကောင်း၊ ပျဉ်းမနား တောအုပ်ကြီး ဦးပန်းဒွေးထံတွင် ရကန် ဖျက် ဦးလန်း၏ ကဗျာများအကြောင်းကို လည်းကောင်း၊ သံချိုဆရာ ဦးကျော်လှ ထံတွင် သံချိုအကြောင်းကို လည်းကောင်း ဆည်းပူးခဲ့သည်။ ရန်ကုန်မြို့ အင်းစိန် ရွာမကျောင်း ဘုန်းကြီး ဦးနာရဒ၊ ရကန် ဆရာကြွေတို့ထံ၌ လောကီ၊လောကုတ် ဗဟုသုတများ ရှာမှီးသည်။ ဒေသန္တရ ဗဟုသုတအလို့ငှာ မြန်မာပြည် အနှံ့ ခရီးဆန့်ခဲ့သည့်ပြင် ယိုးဒယား၊ ဇင်းမယ်အထိ သွားရောက်ခဲ့သည်။ ကိုးနှစ်၊ ဆယ်နှစ်သား အရွယ်ကပင် နွားကျောင်း၊ ကျွဲကျောင်း၊ ဆီဆုံလှည့်၊ ထမင်းပို့ အလုပ်များကို စပါးပေး လုပ်ကိုင်ခဲ့သည်။ ဟံသာဝတီအရေးပိုင် အယ်လင်၏ ဘဏ္ဍာစိုး၊ ကြေးတိုင်ဝန် ပဲရော့ထံတွင် စားပွဲထိုး၊ ဟံသာဝတီ ကြေးတိုင်ရုံး လျှောက်လွှာစာရေး (၁၅ ဧပြီ ၁၈၈ဝ)၊ အင်္ဂပူမြို့ တရားမမြို့အုပ်ရုံး တံဆိပ်ခေါင်းရောင်း စာရေး (၁၈၈၄)၊ မှော်ဘီ မြို့အုပ်ရုံး ဒုစာရေး (၁၈ မတ် ၁၈၈၅)၊ ကွမ်းခြံကုန်း မြို့အုပ်ရုံး စာရေးအဖြစ် အမှုထမ်းခဲ့ပြီး ၁၃ ဧပြီ ၁၈၉၆ တွင် အလုပ်မှ ထွက်ခဲ့သည်။ ထို့နောက် ဟံသာဝတီ ပုံနှိပ်တိုက်တွင် စာပြင်၊ မြန်မာနိုင်ငံ ကမ္ပည်း ကျောက်စာရုံး၌ ကျောက်စာ အဖတ်၊ အရေး။ ပျဉ်းမနားတွင် သစ်စက်သူဌေး ကိုယ်စားလှယ် (၁၉ဝဝ ပြည့်)၊ မဟာဗောဓိသတင်းစာ၊ ဧရာဝတီ ပုံနှိပ်တိုက်၊ အင်္ဂလိပ် မြန်မာ ပုံနှိပ်တိုက်များတွင်လည်း လုပ်ကိုင်ခဲ့သည်။ မြန်မာနိုင်ငံ သုတေသနအသင်းအတွက် စာဟောင်း ပေဟောင်း စုဆောင်းရှာဖွေသူ၊ ၁၉၁၆-၁၇ မြန်မာစာညွန့်ပေါင်းကျမ်း စုဆောင်းရေး အကြံပေး ဘုတ်အဖွဲ့တွင် လက်ထောက် အယ်ဒီတာ အဖြစ် အမှုထမ်းခဲ့သည်။ အင်္ဂလိပ် အရာရှိကြီးများ၏ မြန်မာစာပြဆရာ၊ အင်းစိန်နှင့် ဟံသာဝတီ စီရင်စု တွင် သမဝါယမလုပ်ငန်း၊ ငွေစုငွေချေးလုပ်ငန်း ဝါဒဖြန့်ချိရေး အကျိုးဆောင် တရားဟောဆရာ စသည် လုပ်ကိုင်ခဲ့သည်။ ၁၈၈ဝ ပြည့်နှစ်တစ်ဝိုက် ပဲခူး ကြေးတိုင်ရုံး စာရေးလေးဘဝတွင် “ထွန်းဖေ ဂွန်းမေ”အမည်ရှိ ပြဇာတ်တိုတစ်ပုဒ်ကို စမ်းရေးခဲ့သည်။ ပထမပုံနှိပ် စာအုပ်မှာ ပေါရာဏဒီပနီ [ပထမတွဲ] (၁၈၉၆)၊ မကွယ်လွန်မီ တစ်နှစ်အလို (၁၉၄၁) ခုထိ ရေးသားခဲ့သည်များအနက် ထင်ရှားသော စာအုပ်များမှာ ပေါရာဏဒီပနီ [ဒုတိယတွဲ] (၁၉၁၃)၊ ဒွန်းစဏ္ဍားနှင့် မင်းသမီး ညားပုံ [ယျလေးလုံး ပုံပြင်စာတမ်း] (၁၉၂၃)၊ ဂီတလင်္ကာရဒီပနီ (၁၉၂၄)၊ ပါးစပ်ရာဇဝင် [ပထမတွဲ] (၁၉၂၆)၊ [ဒုတိယတွဲ] (၁၉၂၇ ခန့်)၊ ဘုရားသမိုင်းပေါင်းချုပ် (၁၉၃၄)၊ ရှေးဖြစ်စာတမ်း (၁၉၃၅ ခန့်)၊ ရှေးဟောင်း ရှေးဖြစ် စာတမ်း (၁၉၃၅ ခန့်)၊ ဘိန်းပုံရာဇာနှင့် ကွမ်းပုံကုမ္မာပြဇာတ် တည်းဖြတ်] (၁၉၃၆)၊ ရှေးတံဆိပ်တော်ရ ဆရာတော်တို့ စာတမ်း (စာပြီး-၁၉၃၆၊ ပုံနှိပ်-၂၀ဝ၉)၊ နှောင်းဖြစ်စာတမ်း (၁၉၃၇ ခန့်)၊ စကား ပဒေသာစာတမ်း၊ အရူးလွယ်အိတ်၊ ဗျိုင်းနား မင်္ဂလာစာတမ်း (၃ ကြိမ်၊ ၁၉၅၃)၊ ဗဟုသုတဟင်းလေးအိုး (၁၉၅၄) နှင့် မြန်မာ့ ဇာတ်ပွဲသဘင်နှင့် မြန်မာပြဇာတ် စာအုပ်များ (၁၉၆၅) တို့ ဖြစ်ကြသည်။ ၁ ဇန်နဝါရီ ၁၉၄၂ ခု ညနေ ၆ နာရီ ၂၅ မိနစ်တွင် မှော်ဘီမြို့မှာ ကွယ်လွန်သည်။