Failed to load image
မောင်သစ်လွင် (လူထု)
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
မောင်သစ်လွင် (လူထု) (၁၉၃၄-၂ဝ၂၂] မကွေးတိုင်းဒေသကြီး ချောက်မြို့၌ ရေနံ အလုပ်သမားဖြစ်သည့် အဖ ဦးပြန်၊ အမိ ဒေါ်အေးထိုက် တို့က ၁၁ ဩဂုတ် ၁၉၃၄ စနေနေ့တွင် မွေးဖွားခဲ့သည်။ ငယ်မည် မောင်သန်းငွေ၊ အမည်ရင်းဦးသစ်လွင် ဖြစ်သည်။ ချောက်မြို့ မော့တန်းလျားရပ် ဘီအိုစီ မူလတန်းကျောင်းမှာ စတင်၍ ပညာသင်ယူခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်ပြေးဒုက္ခသည်အဖြစ် ဆိတ်ဖြူမြို့၊ စဥ့်ကူးမြို့၊ ချောက်မြို့ ခြင်ထောင်မ ဘုရားကုန်း ရင်ပြင်သို့ ရွှေ့ပြောင်းခိုလှုံခဲ့ရသည်။ စစ်ပြေးနေရင်းနှင့်ပင် ရောက်ရာအရပ်များတွင် ပညာဆည်းပူးခဲ့ရသည်။ စစ်ပြီးသောအခါ ချောက်မြို့ တန်းမြင့်ကျောင်းမှာ ၁ဝ တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၄၆ ခုနှစ် ပြည် လုံးကျွတ် အထွေထွေသပိတ်ကြီးတွင် ကျောင်းသားသမဂ္ဂဝင်အနေနှင့် ပါဝင်ဆင်နွှဲခဲ့သည်။ မန္တလေးလူထုသတင်းစာအယ်ဒီတာအဖြစ် ၁၉၅၇ မှသည် သတင်းစာ ထုတ်ဝေခွင့် ရပ်စဲခံရသည့် ၁၉၆၇ အထိ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ သတင်းစာ ရပ်စဲသွားသော်လည်း လူထုစာအုပ်တိုက်တွင်ပင် အထွေထွေအယ်ဒီတာ အဖြစ် ၁၉၈၅ အထိ ဆောင်ရွက်ခဲ့သည်။ စာနယ်ဇင်းပညာကို လူထုဦးလှ၊ လူထုဒေါ်အမာ၊ အယ်ဒီတာ သူရ (ရှမ်းပြည်)၊ စာပြင်ဆရာကြီး ဦးလေးဟန်တို့ထံမှာ သင်ယူခဲ့သည်။ လူထုသတင်းစာမှာသာ ခေါင်းကြီး၊ နိုင်ငံတကာရေးရာ ဆောင်းပါးနှင့် အခြားဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၈၉-၉ဝ တွင် မန္တလေးထုတ် “ရွှေဝတ်ရည်မဂ္ဂဇင်း”၏ တာဝန်ခံ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ အထက်မြန်မာနိုင်ငံ သတင်းစာဆရာအသင်းတွင် ပါဝင်ခဲ့သည်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းတွင်မူ အမှုဆောင်အဖြစ် တာဝန်ယူခဲ့သည်။ ချောက်မြို့ တန်းမြင့်ကျောင်း လက်ရေးစာစောင်ကို မင်းကျော်၊ မောင်ချော (ပုဂံ စာအုပ် တိုက်) တို့နှင့် ပူးတွဲ ထုတ်ဝေခဲ့သည်။ သွေးသောက် မဂ္ဂဇင်း (၁၉၅၂) က ကျင်းပပြုလုပ်သည့် ထမဆုံး စာညွန့်ပြိုင်ပွဲတွင် “အကောင်း” စာညွန့်ကို “သစ်လွင် (ချောက်)”အမည်နှင့် ဝင်ရောက်ယှဉ်ပြိုင်ရာ ဒုတိယဆု ရရှိပြီး ပုံနှိပ်ဖော်ပြခြင်း ခံရ၏။ ၁၉၅၅-၅၆ တွင် “ထင်လတ်” ကလောင် အမည်ဖြင့် သွေးသောက်မဂ္ဂဇင်း၊ သင့်ဘဝနှင့် မြတ်ရတနာ ဂျာနယ်များ၌ ဝတ္ထုတို၊ ဆောင်းပါး၊ စာညွန့်များ ရေးသားခဲ့သည်။ ၁၃ဝဝ ပြည့် ရေနံမြေ အရေးတော်ပုံ (၁၉၆၇) တွင် မောင်သစ်လွင် (လူထု) ကလောင်အမည် စတင် အသုံးပြုခဲ့သည်။ “မောင်ဝတ်ရည်” “မောင်ချစ်ခင်၊ “အေးအေးမွန်၊ ထွန်းလင်း” “D လူ” “မောင်စာ”စသည့် ကလောင်ခွဲများပါ သုံး၍ စာနယ်ဇင်းမျိုးစုံတွင် စာများစွာ ရေးသားခဲ့သည်။ ထုတ်ဝေခဲ့ပြီး စာအုပ်အချို့မှာ ရှေးဦးမြန်မာသတင်းစာများ (၁၉၇၁)၊ အမှတ်တရ အက္ခရာ စုတ်ချက်များ (၂ဝဝ၉)၊ နဂါးနီနိဒါန်း (၂၀၁၂)၊ တိုက်ပွဲဝင်သတင်းစာများ (၂၀၁၅)၊ နောက်ဆုံးရသတင်းနှစ်ပုဒ်နဲ့ ဆက်စပ်သတင်းပုံရိပ်များ (၂ဝ၁၆)၊ ဆက်နွှယ်နေတဲ့သတင်းစာနဲ့စာရေးဆရာ (၂ဝ၁၉)၊ ဟံသာဝတီမျက်နှာပေါ်က အသံထွက်အက္ခရာများ (၂၀၁၈)၊ အထွတ်မှာရှိတဲ့ဗိုလ်ချုပ် (၂ဝ၁၆)၊ အကျည်းတန်ညများ (၂ဝ၁၈)၊ ငြိမ်းချမ်းရေးပဲ လိုချင်တယ် [ငြိမ်းချမ်းရေးပုံရိပ်စာစု] (၂ဝ၁၉)၊ မယိုင်ဘူး၊ ခိုင်လိုက်တာမှ လွန်သာသွားရော [လူထုဒေါ်အမာ နှစ် ၁ဝဝ ပြည့် အထိမ်း အမှတ်] (၂ဝ၁၅)၊ လူထုသန္ဓေလူထုသန့်စင်လူထုလောကဓံ (ဒီဇင်ဘာ ၂ဝ၂၄) တို့ ဖြစ်ကြသည်။ ၂ဝဝဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ချီးမြှင့်သော တစ်သက်တာ သတင်းစာဆရာဆု ရရှိခဲ့သည်။ အသက် (၉ဝ) အရွယ်၊ ၂ဝ သြဂုတ် ၂ဝ၂၂ စနေနေ့ ညနေ ၄းဝဝ နာရီတွင် ၉၆ ပါး ရောဂါဖြင့် မန္တလေးမြို့မှာ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သမက် ကိုတင်ကိုဦး၊ သမီးများ ဖြစ်ကြသည့် မအေးအေးမွန်နှင့် မအိအိလှိုင်၊ မြေး မောင်ဖြိုးခန့်တို့ ကျန်ရစ်ခဲ့သည်။