Failed to load image
ကျော်အောင်
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ကျော်အောင် [ ၁၉၂၈-၂ဝဝဝ ] ပခုက္ကူမြို့ ပေါင်းလောင်းရှင်ရပ် အဖ ဒိစတြိတ်ကောင်စီ အတွင်းရေးမှူး ဦးကြင်မောင်၊ အမိ ဒေါ်တင်မြင့်တို့က ၁၉၂၈ ခုနှစ် ဇန်နဝါရီ ၂၉ ရက် တနင်္ဂနွေနေ့တွင် မွေးဖွားသည်။ မွေးချင်း နှစ်ယောက် ရှိသည့်အနက် အငယ် ဖြစ်သည်။ ငယ်မည်မှာ အောင်ကြည်၊ အမည်ရင်း ဦးကျော်အောင် ဖြစ်သည်။ ငါးနှစ်အရွယ်မှ ရှစ်တန်းအောင်သည် အထိ ပခုက္ကူမြို့ ဝက်စလီယံအထက်တန်း ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ရှစ်တန်းအောင်သည့်နှစ်တွင် စစ်ဖြစ်သည်။ ၁၉၄၆ တွင်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ဆေးတက္ကသိုလ်သို့ တက်ရောက် ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဝိဇ္ဇာပညာရပ်သို့ ပြောင်းလဲ သင်ကြားခဲ့သည်။ ၁၉၅၄ တွင် ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၁၉၄၄ ခုတွင် ဗမာ့တပ်မတော်သို့ ဝင်သည်။ ပဉ္စမပတ် ဗိုလ်သင်တန်း တက်သည်။ ၁၉၄၅ ခု ဖက်ဆစ်တော်လှန်ရေးတွင် တိုင်း(၁) ၁ဝ၉ တပ်ရင်း၌ ပါဝင်တိုက်ခိုက်ခဲ့သည်။ ပခုက္ကူခရိုင် ပြည်သူ့ ရဲဘော်အဖွဲ့ အတွင်းရေးမှူး(၁၉၄၆)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အမှုဆောင် (၁၉၄၇-၄၉)၊ စာပေသစ်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင် (၁၉၅ဝ)၊ ဆေးသိပ္ပံမဂ္ဂဇင်း(၁၉၅၀-၅၁) မြန်မာစာတည်း၊ ဆေးကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး(၁၉၅၁-၅၂)၊ မြန်မာ- ဆိုဗီယက် ယဉ်ကျေးမှုအသင်း၏ အတွင်းရေးမှူး (၁၉၅၂-၅၃)၊ တက္ကသိုလ် ဘာသာပြန်ဌာန (၁၉၅၅-၅၆)၊ သမိုင်းကော်မရှင် (၁၉၅၆-၅၇)၊ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန(၁၉၅၇-၈၇)တွင် လက်ထောက် စာတည်း၊ စာတည်း၊ စာတည်းမှူး စသည် ထမ်းဆောင်ခဲ့ပြီး၊ ၁၉၈၇ တွင် စာတည်းမှူး အဖြစ်မှ သက်ပြည့်ပင်စင်ယူခဲ့သည်။ ထို့နောက် မြန်မာစာအဖွဲ့ အဖွဲ့ဝင်၊ ပခုက္ကူဦးအုံးဖေ စာပေဆု ရွေးချယ်ရေးအဖွဲ့ဝင်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌ (၂၂- ၆- ၉၈ မှ ၁၃- ၂- ၂၀၀၀ ထိ) ဆောင်ရွက်ခဲ့သည်။ ဂျပန်၊ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံများသို့ သွားရောက်ခဲ့သည်။ ၁၉၄၅ ခု နှောင်းပိုင်းတွင် သုံးဆယ်မြို့၌ ဓူဝံ စာစောင်ထုတ်ဝေပြီး ကလောင် မွေးခဲ့သည်။ ၁၉၄၇ တွင် ပြည်သူ့ ရဲဘော်ဂျာနယ်၌ စာ စတင်ရေးသည်။ ပင်ကိုရေး ဝတ္ထုများတွင် အနီထဲက ကြယ်ဖြူပွင့် (၁၉၆၄)၊ နိဗ္ဗာန်ဘုံ ပျောက်ဆုံးခြင်း(၁၉၆၉)နှင့် သမဂ္ဂအလံတော်အောက်ဝယ်(၁၉၆၉) တို့သည် လည်းကောင်း၊ ဘာသာပြန်ဝတ္ထုများတွင် ကူလီ (၁၉၅၄)၊ နှလုံးလှဆရာဝန် (၁၉၆၅)၊ မြစ်ကမ်းပေါ်က စက်ရုံကလေး(၁၉၇၂)၊ အမှောင်ခေတ်က ချစ်သူများ (၁၉၇၃)၊ အကောင်းမြင်သမား(၁၉၇၆)၊ သင်၏ သစ္စာ မရှိသော (၁၉၇၇)၊ ပြိုင်ချင်ဆိုင်ချင် နိုင်ချင် (၁၉၇၇)၊ မြန်မာပြည်အတွေ့အကြုံများ (၁၉၈၄)၊မာကိုပိုလို (၁၉၉၂) တို့သည် လည်းကောင်း၊ ကျမ်းစာအုပ်များတွင် ကမ္ဘာ့ဂန္တဝင် တစ်ဆယ် (၁၉၇၄)နှင့် ကမ္ဘာကျော်စာအုပ် ၁ဝဝ [ မင်းကျော်၊ ညွန့်ကြူးနှင့် တွဲ၍ “နွယ်သစ်” ကလောင်အမည်ဖြင့်](၁၉၇၅) တို့သည် လည်းကောင်း ထင်ရှားသည်။ တောရိုင်းမြေ [၁၉၆၇ အမျိုးသားစာပေဆု(ဘာသာပြန်)]၊ အရေးကြီးပြီ သွေးစည်းကြစို့ [၁၉၇၁ အမျိုးသားစာပေဆု(ဝတ္ထုရှည်)]၊ အို ဂျေရုဆလင် [၁၉၉၅ အမျိုးသားစာပေဆု (ဘာသာပြန်၊ သုတ)]၊ နေဝင်ဘုရင်များ[၁၉၉၈ အမျိုးသားစာပေဆု (ဘာသာပြန်၊ သုတ)] ရရှိခဲ့သည်။ ၁၉၈၆ တွင် နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့်၊ အရှေ့တောင်အာရှ စာပေဆု (S. E. A Writers Award) [၁၉၉၉] ချီးမြှင့်ခံခဲ့ရသည်။ ၂ဝဝဝ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။