Failed to load image
သာဓု
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
သာဓု [ ၁၉၁၈-၁၉၉၁ ] ပဲခူးမြို့၌ အဖဦးမြမောင်၊ အမိဒေါ်ဖွားမျှင်တို့က ၁၉၁၈ ခုနှစ် စက်တင်ဘာလတွင် ဖွားမြင်သည်။ မွေးချင်း မောင်နှမနှစ်ယောက်တွင် မောင်ငယ် ဖြစ်၍ ကြာသပတေးသားဖြစ်သောကြောင့် အမည်ရင်းမှာ ဦးဖေသန်း ဖြစ်သည်။ ဆင်းရဲသဖြင့် ကျောင်းမနေနိုင်။ သူများက ကျောင်ထားပေး၍ ရန်ကုန်မြို့ လမ်းမတော်မြို့ နယ် ကျုံးကြီးလမ်း ဗုဒ္ဓဘာာ မိန်းကလေးကျောင်းတွင် စတုတ္ထတန်းအောင်သည်အထိ ပညာသင်ခဲ့သည်။ ထို့နောက် ရန်ကုန်အစိုးရဟိုက်စကူးကျောင်းသို့ နဝမတန်း အထိ ပြောင်းရွှေ့ပညာသင်သည်။ ၁၉၃၆ ခု တက္ကသိုလ် သပိတ်တွင် ကျောင်းမှ ထွက်ခဲ့သည်။ ကျောင်းမှထွက်ပြီးနောက် “သခင်ဖေသန်း” အမည်ခံယူကာ ရန်ကုန် အလယ်ပိုင်း (ကုန်ဈေးတန်း) တို့ဗမာအစည်းအရုံးကို ထူထောင်လျက် အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်သည်။ ၁၃ဝဝ ပြည့် ရေနံမြေသပိတ်တွင် အသေခံဗိုလ်အဖြစ် ပါဝင်ချီတက်ခဲ့သည်။ ထို့နောက် နိုင်ငံရေးမှထွက်၍ ဒေါက်တာမြဆေးတိုက်၏ နယ်လှည့်ကိုယ်စားလှယ် လခစား လုပ်၍ ငွေစုပြီးသော် ကိုယ်ပိုင် “သူ” နံ့သာခဲနှင့် “ပူတူတူး” ပေါင်ဒါလုပ်ငန်းကို တည်ထောင်ခဲ့လေသည်။ စစ်ကြီးဖြစ်စတွင် ပူတူတူး ရောင်စုံပုံနှိပ်တိုက်ကိုပင် တိုးချဲ့ လုပ်ကိုင်နိုင်ခဲ့သည်။ တစ်ဆက်တည်းပင် ဘတ်စ်ကား၊ မြင်းလှည်း တည်ထောင်၍ ကိုယ်တိုင်ပင် ဒရိုင်ဘာ လုပ်ခဲ့သည်။ ၁၉၄၈ တွင် ပဒေသာမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ၊ ၁၉၄၉-၅ဝ တွင် စာသဘင်စာအုပ်တိုက် တည်ထောင်သူ၊ သစ္စာမဂ္ဂဇင်း ဦးစီးထုတ်ဝေသူ၊ ၁၉၅ဝ တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်၊ ပဒေသာ မဂ္ဂဇင်းကို တစ်ဦးတည်းပိုင်ဆိုင်သူ စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။ ၁၉၅၉ တွင် ရုပ်ရှင်နယ်သို့ ကူးပြောင်းပြီး “ကကြီးရေက” ရုပ်ရှင်ကားကို ပထမဆုံး ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ ထိုဇာတ်ကားနှင့်ပင် အကောင်းဆုံး ဒါရိုက်တာ အကယ်ဒမီဆုကို ရရှိခဲ့သည်။ ဆက်လက်၍ အငိုလွယ်သည်၊ ဧည့်သည်၊ တာဝန်၊ အကယ်၍သာ၊ ဗိုလ်ကာတွန်း၊ အဖြေ၊ ဖတ်စ်ကလပ်၊ အကြင်တို့လင်မယား စသည့် ရုပ်ရှင် ၁ဝ ကားခန့်ကိုလည်း ရိုက်ကူးခဲ့သည်။ “အငိုလွယ်သည်" ဇာတ်ကားဖြင့် ၁၉၆ဝ ပြည့်နှစ်တွင် အကောင်းဆုံး ဒါရိုက်တာဆုကို ဒုတိယအကြိမ် ဆွတ်ခူးခဲ့ပြန်သည်။ ၁၉၈၁ တွင် ရုပ်ရှင်ကောင်စီ အစည်းအရုံး ကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၁ တွင် ရုပ်ရှင်အစည်းအရုံး နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။ ကိုယ်ပိုင် ဘတ်စ်ကားထောင်၊ ကိုယ်တိုင် ဒရိုင်ဘာ လုပ်ခဲ့သူ ဖြစ်လေရာ ဘတ်စ်ကားလောကအတွင်းရှိ ဒရိုင်ဘာ၊ ပိုင်ရှင်၊ စပယ်ယာ စသူတို့၏ အကျင့်ဆိုးများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့သည်။ ယင်းတို့ကို ပြုပြင်စေလိုသော စေတနာဖြင့် ဒါတွေပြင် စာအုပ်ကို ၁၉၄၆ တွင် ထုတ်ဝေခဲ့သည်။ တစ်ဖန် သွေးသောက် ဦးပြည့်စုံနှင့် တွေ့ဆုံသိကျွမ်းရာမှ ၁၉၄၇ ခုနှစ် သွေးသောက် မဂ္ဂဇင်းတွင် “ဝန်ကြီးတစ်မတ်” ဝတ္ထု ရေး၍ စာပေလောကထဲသို့ ဝင်ရောက် ခဲ့သည်။ ပထမဆုံး လုံးချင်းဝတ္ထု ချစ်စံနမူ ကို ၁၉၄၉ တွင် ထုတ်ဝေခဲ့၏။ ထင်ရှားသော ဝတ္ထုအချို့မှာ အာယု (၁၉၅ဝ)၊ အသက် (၁၉၅၁)၊ တပ်ထဲက မြတ်ကိုကို (၁၉၅၁)၊ ချစ်တက္ကသိုလ် [ချစ်စံနမူ၏အဆက်] (၁၉၅၂)၊ အနှစ် (၁၉၅၂)၊ အနှစ်၏ အနှစ် (၁၉၅၂)၊ နောက်လင် (၁၉၅၃)၊ တဇောက်ကန်း (၁၉၅၄)၊ နောက်မယား (၁၉၅၄)၊ အတာ (၁၉၅၅)၊ သာဓု လူဝါးဝတယ် (၁၉၇၆)၊ ဒီမျက်နှာလေးကိုချစ်တာ (၁၉၈၅) တို့ ဖြစ်ကြသည်။ “တပ်ထဲက မြတ်ကိုကို” ၁၉၅၁ ခုနှစ် မေလတွင် ပထမအကြိမ် ထုတ်ဝေခဲ့သည်။ သုံးနှစ်တာအတွင်း ရှစ်ကြိမ်မြောက်အထိ ပုံနှိပ် ရသည်။ စုစုပေါင်း စောင်ရေ လေးသောင်းနီးပါးမျှ ဖြစ်၍ ထိုကာလတွင် အရောင်းရ အတွင်ကျယ်ဆုံးနှင့် စောင်ရေအများဆုံး လုံးချင်းဝတ္ထု စံချိန်ကို တင်နိုင်ခဲ့သည်။ ၁၉၅၁ ခုနှစ် စာပေဗိမာန်ဆုကို ဆွတ်ခူးခဲ့သည်။ ထို့ပြင် ၁၉၅၃ ခုနှစ်တွင် ရှစ်တန်းအတွက် လည်းကောင်း၊ ၁၉၅၅ ခုနှစ် ဟိုက်စကူးနှင့် တက္ကသိုလ်ဝင် စာမေးပွဲများအတွက် လည်းကောင်း ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းခဲ့သည်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် “သခင်ဖေသန်း” အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် ၁၉၈ဝ ပြည့်နှစ်တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ချီးမြှင့်အပ်နှင်းခံရသည်။ “ကြိုး” ဇာတ်ကားကို ရိုက်ကူးနေဆဲ၊ “တို့ကိုယ်ကျိုး လုံးလုံးမပါ ” လုံးချင်း ဆောင်းပါး စာအုပ်ကို ရေးသားနေဆဲ ကာလမှာပင် ၇ ဧပြီ ၁၉၉၁ တွင် အဆုတ်ကင်ဆာရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။