Failed to load image
နီကိုရဲ
စာအုပ် 29 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
နီကိုရဲ (၁၉၆၆-၂၀ဝ၉) ရန်ကုန်မြို့၌ အဖ ဦးတင်ဝင်း၊ အမိ ဒေါ်မြကြည်တို့က ၂ နိုဝင်ဘာ ၁၉၆၆ တွင် မွေးဖွားခဲ့သည်။ မွေးချင်း (၂) ယောက်တွင် အကြီး၊ အမည်ရင်း ဦးရဲဝင်း ဖြစ်သည်။ ၁၉၉၂ တွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံဘွဲ့ (ရုက္ခဗေဒ) ရရှိခဲ့သည်။ အသက် (၂၇) နှစ် အရွယ် (၁၉၉၃) တွင် ရုပ်ရှင်အောင်လံမဂ္ဂဇင်း၌ “တိတ်ဆိတ်ခြင်း တံတားပေါ်မှာ” ဝတ္ထုတို ရေး၍ စာပေလောကသို့ ဝင်ခဲ့သည်။ မဂ္ဂဇင်းအချို့တွင် ကဗျာနှင့် ဝတ္ထုတို သုံးလေးပုဒ်ခန့် ဆက်လက် ရေးသားခဲ့သည်။ “အဓိပ္ပာယ်လေးနက်တဲ့ စကားလုံးတွေကို ငါသဘောကျတဲ့ ကောင်မလေးတစ်ယောက်ရှေ့မှာ ဖြည်းဖြည်းချင်း ပြောပြချင်နေတယ်။ အဲဒီကောင်မလေးဟာ မင်းပဲ မကြည်ပြာ” ဟူသော လူငယ်ထု၏ ရင်ထဲကို တိုက်ရိုက် ထိုးဖောက်ထိရှဝင်ရောက်နိုင်မည့် စကားလုံးများနှင့် ဖန်တီးရေးဖွဲ့ထားသော ဟန်သစ်မဂ္ဂဇင်းပါ အခန်းဆက်ဝတ္ထုရှည် “ကြည်ပြာရောင် နဂ္ဂတစ်များ”နှင့် “ကျွန်တော်နှင့် ချစ်ခြင်းနဂ္ဂတစ်များ” ဖြင့် တစ်ဟုန်ထိုး ကျော်ကြားသည့် စာရေးဆရာဘဝကို ရောက်ရှိခဲ့သည်။ ပထမဆုံးလုံးချင်းဝတ္ထုမှာ တောင်ပံမပါတဲ့ ပန်းအကြောင်း (၁၉၉၈) ဖြစ်သည်။ ဟာသနှော လူ့ဘဝအမော သရုပ်ဖော် ဝတ္ထုများဖြင့် ၂ဝဝ၂ ဝန်းကျင်မှစ၍ အအောင်မြင်ဆုံး မှတ်တိုင်ထူခဲ့သည်။ စာရေးဆရာ၊ ဇာတ်ညွှန်းရေးသူ၊ ဗွီဒီယိုနှင့် ရုပ်ရှင်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည်။ ဒါရိုက်တာမောင်မျိုးမင်းနှင့် တွဲဖက်၍ ရုပ်ရှင်ဇာတ်ကားကြီး (၄) ကားနှင့် ဗွီဒီယိုကား (၄ဝ) ခန့် ရိုက်ကူးခဲ့သည်။ ရုပ်ရှင်၊ ဗွီဒီယို၊ ရေဒီယို ဇာတ်ညွှန်းပေါင်း (၁ဝဝ) ကျော် ရေးသားခဲ့သည်။ ဗွီဒီယို ဇာတ်ကားများကို ကိုယ်တိုင်ရိုက်ကူးခဲ့သည့်အပြင် ဝတ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် ဒွေး၊ ထက်ထက်မိုးဦး ပါဝင်သော ‘သစ်ခက်ငါး” ဇာတ်ကားကို ရိုက်ကူးခဲ့သည်။ ရေးသား ထုတ်ဝေခဲ့သော စာအုပ်အချို့မှာ မကြည်ပြာနှင့် ချစ်ခြင်း၏နဂ္ဂတစ် ( ? ) ပန်းပွင့်နဲ့ အိပ်မက်မျှားသူ [ဝတ္ထုတိုများ] (၂ဝဝ၁)၊ ဇွတ် (၂ဝဝ၅)၊ မုန့်လုံးရေပေါ် (၂၀၀၉)၊ နတ်သမီးထောင်ချောက် (၂၀၁၀)၊ သူရာထောင့်မှ အလွဲများ [၁] (၂ဝ၁၁)၊ နီကိုရဲ အလွဲပေါင်းချုပ် (၂ဝ၁၆)၊ နှလုံးသားထဲ ကြွက်ဝင်နေသည် ( ? )၊ ကျွန်တော်နှင့် လက်တွဲဖော်များ ( ? )၊ သိကြားနှင့် အသူရာ [ယောက္ခမဆိုတာ တစ်ခါက သမက်ပါ] ( ? )၊ ပန်းပွင့်ကိုဖယ်ကြည့်မှ မြင်ရမဲ့လမင်း ( ? )၊ သံစုံကျူးတဲ့ည ( ? )၊ နတ်ဆိုးတစ်ကောင်နှင့် ရင်လွဲသူ ( ? )၊ စိတ်အိုင်ပက်သူ ( ? )၊ နှလုံးသားနဲ့ ကန်တဲ့ဘောလုံး [၁၊ ၂၊ ၃] ( ? )၊ အူကြောင်ကြား ( ? )၊ ငတုံး ( ? ) တို့ ဖြစ်ကြသည်။ အသက် (၄၃) နှစ်အရွယ်၊ ၂၄ အောက်တိုဘာ ၂ဝဝ၉ ရက် စနေနေ့ နံနက် ဝဝး၃ဝ နာရီတွင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် လုမ္ဗိနီအထူးကုဆေးခန်းမှာ မွေးရာပါ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်စဉ် ဇနီးဒေါ်နိုင်နိုင်ဝင်းနှင့် သားမောင်လင်းမြတ် (၇ နှစ်) တို့ ကျန်ရစ်ခဲ့သည်။