Failed to load image
မင်းလူ
စာအုပ် 16 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
မင်းလူ [ ၁၉၅၄-၂၀၁၃ ] ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၇ လမ်း၌ အဖ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ သာဓု (သခင်ဖေသန်း)၊ အမိ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညိုတို့က ၁၈ မေ ၁၉၅၄ အင်္ဂါနေ့တွင် ဖွားမြင်သည်။ မွေးချင်း ၄ ယောက်တွင် အငယ်ဆုံး ဖြစ်သည်။ အစ်ကိုများမှာ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ၊ စာရေးဆရာ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် သုမောင်နှင့် ရုပ်ရှင်သရုပ်ဆောင် ရူပ တို့ ဖြစ်ကြ သည်။ ဇာတာအမည်မှာ ဉာဏ်လင်း၊ အမည်ရင်းမှာ ဉာဏ်ပေါ် ဖြစ်သည်။ ၁၉၅၆-၆၈ တွင် စိန်ပေါလ် အထက်တန်းကျောင်း (အထက ၆၊ ဗိုလ် တထောင်) ၌ သူငယ်တန်းမှ ရှစ်တန်းအထိ၊ ၁၉၆၉-၇၂ တွင် အထက (၁) သင်္ဃန်းကျွန်း၌ ကိုးတန်းနှင့် ဒသမတန်း ပညာသင်ခဲ့သည်။ ၁၉၇၂ တွင် ဆယ် တန်း အောင်သည်။ ထိုနှစ်တွင်ပင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်သို့ တက် ရောက်သည်။ ၁၉၇၇ တွင် ဝိဇ္ဇာဘွဲ့ (ဒဿနိက) ရရှိသည်။ အထက (၁) သင်္ဃန်းကျွန်း ကျောင်းသားဘဝတွင် စာပေဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် သိပ္ပံပညာအသင်း တွဲဖက်အတွင်းရေးမှူး အဖြစ် ဆောင်ရွက်သည်။ ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ယူနေစဉ် စာအုပ်ထုတ်ဝေရေးလုပ်ငန်း လုပ်ဆောင်သည်။ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ထို့ကြောင့် ခေတ္တ အထိန်းသိမ်းခံရသည်။ ၁၉၈၈ ခု ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် စာနယ်ဇင်းသမဂ္ဂ အမှုဆောင်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉ဝ တွင် ကဗျာကိစ္စဖြင့် ထပ်မံ အထိန်းသိမ်းခံရသည်။ရန်ကုန်တက္ကသိုလ်တွင် ကျင်လည်နေစဉ် တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းနှင့် နံရံကပ်စာစောင်၊ လက်ရေးစာစောင်များတွင် “တောကျောင်းဘုန်းကြီး” ကလောင်အမည်ဖြင့် ကဗျာများ စတင်ရေးသားသည်။ ၁၉၇၆ ခု နိုဝင်ဘာလ ထုတ် ရုပ်ရှင်ပဒေသာ မဂ္ဂဇင်းတွင် 'နေဝင်သွားတော့ လ ထွက်သည်”ဝတ္ထုတိုကို “မင်းလူ ” ကလောင်အမည်နှင့် ရေး၍ စာပေနယ်သို့ ဝင်ခဲ့သည်။ ၁၉၇၇ ထုတ် ပန်းကျောင်းမှာ ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်သည်။ လုံးချင်းဝတ္ထု (၆ဝ) ကျော်ခန့် ရေးခဲ့သည်။ ယင်းတို့အနက် အချို့မှာ ဗန်းကျောင်း (၁၉၇၇)၊ ချစ်သော ပန်းကလေး (၁၉၇၉)၊ အမုန်းအလိုမရှိ (၁၉၈၀)၊ ငှက်ကလေး (၁၉၈၁)၊ နှစ် ကိုယ်ခွဲ (၁၉၈၂)၊ သံယောစဉ်အဖွဲ့ (၁၉၈၃)၊ လွမ်းရအောင် (၁၉၈၄)၊ ကျွန်တော် ကျွန်မတို့သည် (၁၉၈၅)၊ ခုနစ်စဉ်အလွမ်း (၁၉၈၆)၊ ရယ်စရာ မောစရာ (၁၉၈၇)၊ ရင်ခုန်သူများ (၁၉၈၈)၊ ရင်ထဲကဆောင်းရာသီ (၁၉၈၉)၊ သူငယ်ချင်းတစ်ယောက် အကြောင်း (၁၉၉ဝ)၊ အချစ်ရူးကြီး ရူးတော့သည် (၁၉၉၄)၊ အတွေ့လေးရယ်မှ အိုအကြုံ (၁၉၉၆)၊ ယမကာလုလင် (၁၉၉၉)၊ အက်ဆေးချစ်သူ (၂၀၀၁)၊ အသပြာ လုလင် (၂ဝဝ၃)၊ စာပေကယ်ရီကေးချား (၂ဝဝ၆)၊ စိုးခိုးခစ်ခစ် (၂ဝဝ၉)၊ အောင် – ဘာလေ (၂၀၁၀)၊ ပြန်ခေါ်သက်သေ (၂၀၁၁) တို့ ဖြစ်ကြသည်။ သာဓု၊ မောင်ဝဏ္ဏ၊ သုမောင်တို့နှင့် တွဲ၍ သာဓုအင်ဆန်း(စ်) (၁၉၇၈) ကိုလည်း ထုတ်ဝေခဲ့သည်။ ဝတ္ထုတို၊ ရှည် လုံးချင်းဝတ္ထုများနှင့်အတူ ကဗျာများကိုလည်း ရေးသား ထုတ်ဝေခဲ့သည်။ ယင်းတို့မှာ “အချစ်လားပော့ ဝင်ခဲ့လေကွယ်”(၁၉၇၈)၊ “ဦးမင်းလူ ကောင်းမှု”(၁၉၉၇) တို့အပြင် တိုးမိုး၊ မြင့်ကောင်း၊ မျိုးရာဇာညွန့်၊ မောင်မောင် စနေတို့နှင့် ပူးပေါင်း၍ ၁၉၇၈ တွင် ချစ်ဒုက္ခ” “အချစ်မြို့သားများ၊ “နွေသစ် ရွက်”(၁၉၇၉)၊ သားကြီး မောင်ဇေယျနှင့် တွဲ၍ “ရွှေနှလုံးသား” (၁၉၈၁) တို့ ဖြစ်ကြသည်။ ၂ဝဝ၉ တွင် “မင်းကိုဉာဏ်"ကလောင်အမည်ဖြင့် ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းမှာ ဖတ်ကြည့်ပါ”စာအုပ်အညွှန်းကဏ္ဍကို စတင် ရေးခဲ့သည်။ ၁၉၈၉ တွင် ဗီဒီယိုဇာတ်ညွှန်း၊ ၁၉၉၄ တွင် ရုပ်ရှင်ဇာတ်ညွှန်း စတင် ရေးခဲ့သည်။ မင်းလူ၏ ဝတ္ထု (၆) ပုဒ်ခန့်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ကြသည်။ ၁၄ ဩဂုတ် ၂၀၁၃ (ဗုဒ္ဓဟူးနေ့) ည ၁၁း၃ဝ နာရီတွင် ရန်ကုန်မြို့ ဝိတိုရိယဆေးရုံ၌ ကွယ်လွန်သည်။