Failed to load image
မြဝင်း (ဒဿန)
စာအုပ် 2 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
မြဝင်း(ဒဿန) (၁၉၄၅-၂၀၂၁) မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ရသစ်ရွာ၌ ဦးဘချစ်၊ အမိ ဒေါ်စိန်ပု တို့က ၂၈ ဖေဖော်ဝါရီ ၁၉၄၅ တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးမြဝင်း ဖြစ်သည်။ ၁၉၆ဝ တွင် တောင်သာမြို့နယ် တလိုင်းရပ် ရွာသစ် အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဒဿနိကဗေဒ ဝိဇ္ဇာ[ဂုဏ်ထူး)ဘွဲ့ (၁၉၆၆)၊ မဟာဝိဇ္ဇာဘွဲ့ (၁၉၇၇) ရရှိခဲ့သည်။ ‘ရသပညာ’ အထူးပြု လေ့လာခဲ့၍ မဟာဝိဇ္ဇာဘွဲ့ လိုအပ်ချက်အတွက် “ဇော်ဂျီ၏ ရသပညာကို လေ့လာခြင်း” ကျမ်းပြုစု တင်သွင်းခဲ့သည်။ မဟာဝိဇ္ဇာတန်းကို ဂုဏ်ထူးဖြင့် အောင်မြင်၍ အဆင့်အလိုက် ပထမ ရခဲ့သည်။ ၁၉၆၇ တွင် ရန်ကုန် လုပ်သားများကောလိပ် ဒဿနိကဗေဒဌာန၌ နည်းပြဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ပုသိမ်ကောလိပ်၊ ရန်ကုန်တက္ကသိုလ်၊ ရေနံချောင်း ဒီဂရီ ကောလိပ်များသို့ ဒဿနိကဗေဒ နည်းပြဆရာအဖြစ် ပြောင်းရွှေ့ အမှုထမ်းခဲ့သည်။ ရေနံချောင်းဒီဂရီကောလိပ်တွင် အမှုထမ်းနေစဉ် နည်းပြ၊ လက်ထောက်ကထိက၊ ကထိက၊ ကျောင်းအုပ်ကြီးအထိ တိုးမြှင့်ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် ပြည်ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး (၁၉၉၆)၊ တစ်ဖန် ပြည်တက္ကသိုလ်ပါမောက္ခချုပ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂ဝဝ၇ တွင် အဆိုပါ ရာထူးဖြင့်ပင် အငြိမ်းစားယူကာ ပြည်မြို့၌ မိသားစုနှင့်အတူ အခြေချနေထိုင်ခဲ့သည်။ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့၊ စာပေဗိမာန် စာမူဆု ရွေးချယ်ရေး အဖွဲ့တို့တွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ငွေတာရီ မဂ္ဂဇင်း (၁၉၇၂) တွင် “မောင်လင်းကြည်” ကလောင်အမည်ဖြင့် “ရွာအပြန်” ကဗျာကို ရေး၍ စာပေလောကသို့ ဝင်ခဲ့သည်။ မိုးဝေမဂ္ဂဇင်းတွင် “မြဝင်း”အမည်ဖြင့် ဆောင်းပါး စ ရေးခဲ့သည်။ နောင်သော် “မြဝင်း (ဒဿန)”အမည်နှင့် ဆောင်းပါးများ ဆက်လက် ရေးခဲ့သည်။ ဒဿနပညာကို အထူးပြု လေ့လာခဲ့သူ ဖြစ်သည့်အလျောက် ဒဿန ဆောင်းပါးများ၊ ရသပညာ ဆောင်းပါးများကို ဦးစားပေး ရေးခဲ့သည်။ “မောင်လင်းကြည်” အမည်နှင့် ကဗျာ ရေးခြင်းနှင့်အတူ အသက်အရွယ်ရလာသည်ဖြစ်ရာ ဘာသာရေးစာပေများ လေ့လာအားကြီးသည် နှင့်အမျှ ဘာသာရေးဆောင်းပါးများကိုလည်း မြဝင်း (ဒဿန) အမည်နှင့် ရေးသားခဲ့သည်။ ပြုစုခဲ့သော စာအုပ်အချို့မှာ ကျေးဇူးရှင် ဆရာတော်ကြီးများ၏ အရွယ်နှင့် စပ်လျဉ်းသော အမြင်များ (၁ ဇူလိုင် ၁၉၉၆)၊ ဘဝကို ပြောင်းလဲစေသော အဆုံးအမများ (၁၉၉၇)၊ ရသပညာနိဒါန်း (၁၉၉၉)၊ ဘယ်သို့ လွမ်းရပါ့ (၂ဝဝဝ)၊ စရေရိပ် စကားဝိုင်း (၂၀၀၁)၊ ရွှေဘုံသာမုနိ စေတီတော်သမိုင်း(၂၀၀၂)၊ ဒဿန စာတမ်းများ (၂၀ဝ၃)၊ စကားတစ်စွန်း ထညွှန်းများစွာ (၂၀၀၅)၊ သူတော်ကောင်း စကား အပ်ဖျားရေစက် အနက်ပင်လယ် (၂၀ဝ၅)၊ မြတ်ဆရာ ကဗျာများ ('မောင်လင်းကြည် အမည်)နှင့် (၂၀၀၆)၊ ဗော်ဂျီ ဒဿနစာ၊ ရသစာ (၂၀၀၇)၊ အနုသဘင်နှင့် ရသအပြင် (၂၀၀၀)၊ ရွှေလိုဝင်းတဲ့ မင်းသုဝဏ် (၂၀၁၂)၊ မိုးဦးလေဦး ကဗျာများ ၂၀၁၄ ခုနှစ် အမျိုးသားစာပေဆု (ကဗျာပေါင်းချုပ်ဆု) (မောင်လင်းကြည်' အမည်နှင့်)၊ နှင်းနုံးနှင့် အခြား စာပေဆောင်းပါ များ (၂ဝ၁၄ ခုနှစ် ဆရာဝန်တင်ရွှေ စာပေဆု၊ ရသတွေ့သူများ အက်ဆေးစုစည်းမှု (၂၀၁၆)၊ တို့၏ ရသပညာ (၂၀၁၈ ခုနှစ် အမျိုးသားစာပေဆု (သုတပဒေသာ၊ ဝိဇ္ဇာ) စသည်တို့ ဖြစ်ကြသည်။ “မိုးဦးလေဦး ကဗျာများ” တွင် ကဗျာပုဒ်ရေ (၁ဝ၃) ပုဒ် ပါဝင်သည်။ အသက် ၇၇ နှစ်အရွယ်၊ ၈ မတ် ၂၀၂၁ နံနက်တွင် ပြည်မြို့ ပြည်သာယာရပ်၊ ကိုးသောင်းတိုးချဲ့ (၁) လမ်းနေအိမ်တွင် ကွယ်လွန်ခဲ့သည်။