Failed to load image
ယုဝတီခင်စိန်လှိုင်
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ယုဝတီ ခင်စိန်လှိုင် [ ၁၉၃၀-၂၀၀၆ ] မန္တလေးမြို့၌ အဖ အငြိမ်းစား စုံထောက်ရဲမင်းကြီး ဦးခင်မောင်လတ်၊ အမိ ဒေါ်ခင်စောလှ တို့က ၂၄ ဇန်နဝါရီ ၁၉၃ဝ တွင် မွေးဖွားခဲ့သည်။ မွေးချင်း ခြောက်ဦးတွင် ဒုတိယ၊ ငယ်မည် တုတ်တုတ်၊ အမည်ရင်း ဒေါ်ခင်ခင်စိန်၊ ဒဂုန် ခင်ခင်လေး၏ တူမ၊ ရွှေလှံဗိုလ်၏ မြစ်လည်း ဖြစ်သည်။ မန္တလေးမြို့ အေဘီအမ် မိန်းကလေးကျောင်းတွင် စတင် ပညာသင်ယူခဲ့သည်။ ဒုတိယတန်း အောင်မြင်ပြီးနောက် စိန့်ဂျိုးဇက်ကွန်ဗင့်သို့ ပြောင်း၍ ပညာဆည်းပူးခဲ့သည်။ သတ္တမတန်းအရောက် ဒုတိယကမ္ဘာစစ်မီးကြောင့် ပညာရေး ရပ်နားခဲ့ရသည်။ ဂျပန် ခေတ်တွင် ဖခင် အလုပ်ပြောင်းရွှေ့ရာ ရေနံချောင်းမြို့၌ ဂျပန်စာ သင်ယူခဲ့သည်၊ စစ်ပြီးခေတ်တွင် ဆရာအတတ်သင် လေ့ကျင့်ရေးကျောင်း၌ ဆယ်တန်း အထိပညာသင်ယူခဲ့သည်။ ထို့နောက် မိခင်ကြီး၏ ကျန်းမာရေး အခြေအနေကြောင့် ကျောင်းဆက်မတက်ဖြစ်တော့ဘဲ ပညာရေး စခန်းသိမ်းခဲ့ရသည်။ ၂၁ ဒီဇင်ဘာ ၁၉၄၇ တွင် စတင် ဖွဲ့စည်းသည့် “အမျိုးသမီးကလောင်အဖွဲ့” တွင် အသင်းဝင်အဖြစ် ပါဝင် လှုပ်ရှားသည်။ ၁၉၅၂ တွင် ယုဝတီ ကလောင်ရှင်ဘွဲ့၊ ၁၉၅၄ တွင် ယုဝတီဘွဲ့များ ရလာသောအခါ ကလောင်အမည် 'ယုဝတီ ခင်စိန်လှိုင်'ဖြစ်လာသည်။ ၁၉၅၆ တွင် မြန်မာပြည် အမျိုးသမီး ကလောင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်း၏ ရာသက်ပန်အမှုဆောင်၊ ၁၉၈၄ တွင် မရမ်းကုန်းမြို့နယ် စာပေလုပ်သားအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ (ဗဟို) အမှုဆောင် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ပထမဆုံး ဖော်ပြခံရသော ဝတ္ထုတိုမှာ ၁၉၄၇ ခုနှစ် ယုဝတီဂျာနယ်တွင် ပါရှိသည့် “ခေါင်မလုံ” ဖြစ်သည်။ ၁၉၅၆ တွင် မိန်းမဈေးဖျက်၍ ချစ်ရသူ လုံးချင်းဝတ္ထုကို စ ထုတ်သည်။ လုံးချင်းဝတ္ထု ၁၅ဝ ခန့်၊ ဝတ္ထုတို ၁၅ဝ ခန့်နှင့် ဆောင်းပါး ၂ဝဝ ခန့် ရေးသားခဲ့သည်။ အများကြိုက် ဝတ္ထုများကို ဖန်တီးနိုင် သော စာရေးဆရာမကြီး အဖြစ် ထင်ရှားသည်။ အထူးသဖြင့် ပြည်နယ်နောက်ခံပြု၊ တိုင်းရင်းသားဇာတ်ဆောင်အခြေခံ အချစ်ဇာတ်လမ်း ရေးဖွဲ့မှုတွင် ကျွမ်းကျင်သည်။ တိုင်းရင်းသား ချစ်ကြည်စည်းလုံးရေး ဦးတည်ချက်ဖြင့် လုံးချင်းဝတ္ထု ၂ဝ ခန့် ရေးသားခဲ့သည်။ ထုတ်ဝေပြီး လုံးချင်းများအနက် (၁၄) ပုဒ်ခန့် ရုပ်ရှင် ရိုက်ကူးခဲ့သည်။ ထင်ရှားသော စာအုပ်အချို့မှာ ကေသွယ်နှင့် ကော့မိုင် (၁၉၆၈)၊ ရတနာ ဒေဝီ (၁၉၇၁)၊ လတ်လတ် (၁၉၆၉-၇ဝ)၊ ချစ်သက်သေတည် ငွေတောင်ပြည် (၁၉၇၃)၊ မွန်းဂျန် (၁၉၇၃)၊ အငှားသစ္စာ (၁၉၇၄)၊ ရွှေလှံဗိုလ် (၁၉၇၅)၊ စိန်စီတဲ့ တေးတစ်ပုဒ် (၁၉၇၆)၊ ရှင်ရဲထွတ် သံမဏိသစ္စာရှင် (၁၉၈၅)၊ ဗိုလ်ရွှေဗြင် (၁၉၉၁)၊ မမေ့တော့ပြီ မြို့ကော့သောင် (၁၉၉၅)၊ မျက်ခြယ်ရွှေသွေး (၁၉၉၅)၊ တကယ်မွှေးမွှေး ပေးတော့မယ် (၁၉၉၆) တို့ ဖြစ်ကြသည်။ “ရွှေလှံဗိုလ်” သည် ဝတ္ထုဟန် ရေးဖွဲ့ထားသော အတ္ထုပ္ပတ္တိစာအုပ် ဖြစ် သည်။ မင်းတုန်းမင်းနှင့် သီပေါမင်း လက်ထက်တွင် အမှုထမ်းခဲ့သူ၊ သူ့ကျွန်မခံ စိတ်ဓာတ်ဖြင့် ပါတော်မူ ကာလတွင်ပင် အင်္ဂလိပ်ကို တိုက်ခိုက်ခဲ့သူ၊ ကောလင်းမြို့စားလည်း ဖြစ်၊ မန္တလေးရွှေမြို့တော်ဝန်လည်း ဖြစ်သူ မင်းကြီး မဟာမင်းခေါင်နော်ရထာ ခေါ် ရွှေလှံဗိုလ်၏ အကြောင်းရာထုပ္ပတ်ကို အခြေခံ ရေးဖွဲ့ထားသည်။ ၂၃ အောက်တိုဘာ ၂၀ဝ၆ နံနက် ၁ဝး၃ဝ နာရီတွင် ရန်ကုန်မြို့ မရမ်း ကုန်းမြို့နယ် နေအိမ်မှာ ကွယ်လွန်ခဲ့သည်။