Failed to load image
သုခ
စာအုပ် 2 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
သုခ [ ၁၉၁၀-၂၀၀၅ ] ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်အပိုင် စာဖြူစုရွာ အဖ သူကြီး ဦးစံခိုင်၊ အမိ ကုန်သည် မျိုးရိုး ဒေါ်မျှင်တို့က ၁၄ ဇန်နဝါရီ ၁၉၁ဝ သောကြာနေ့တွင် ဖွားမြင်သည်။ မွေးချင်း ၄ ယောက်တွင် သားကြီးသြရသ ဖြစ်၍ အမည်ရင်းမှာ ဦးသိန်းမောင် ဖြစ်သည်။ ငယ်စဉ်က ကျိုက်လတ် အစိုးရ အလယ်တန်းကျောင်း၌ ပညာသင်ရာမှ ၁၉၂ဝ ကျောင်းသားသပိတ်တွင် ကျိုက်လတ် အမျိုးသားကျောင်း သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၂၆ တွင် ဖျာပုံ အစိုးရအထက်တန်းကျောင်းသို့ တက်ရောက်ခဲ့သည်။ နဝမတန်း အောင်ပြီးသောအခါ ကျောင်းထွက်ခဲ့သည်။ လောကီစာပေ (အင်္ဂလိပ်စာ) ကို လေ့လာခြင်းထက် ပရိယတ္တိစာပေ လေ့လာခြင်းတွင် ပိုမို ဝါသနာထုံသည်။ အင်္ဂလိပ်စာထက် မြန်မာစာကို ပို၍ ချစ်သည်။ သို့ဖြင့် ဘုန်းတော်ကြီးများ၊ လူပြန်တော်များ၊ ကွက်စိပ်ဆရာကြီးများထံတွင် နည်းခံသည်။ ဘုရားကိုးဆူဆရာနောက် လိုက်သည်။ ဗေဒင်ပညာ၊ ဇာတ်ပညာ၊ ဘုရားကိုးဆူတင်နည်း ပညာတို့ ရခဲ့သည်။ ဇာတ်သဘင်၏သဘော၊ စာ၏ သဘော၊ အသံသဘော၊ ပရိယတ္တိစာပေ၏ အတိမ်အနက်တို့ကို လေ့လာခွင့် ရခဲ့သည်။ ဘုရားကိုးဆူ ဆရာတစ်ပိုင်း လုပ်ဖူးသည်။ ကျောင်းမှထွက်ပြီးနောက် ကျိုက်လတ်အမျိုးသားအထက်တန်းကျောင်းတွင် စေတနာ့ဝန်ထမ်း မြန်မာစာပြ ဆရာအဖြစ် အမှုထမ်းသည်။ ကျောင်းကပွဲ၊ အရပ်ကပွဲ များတွင် ဒါရိုက်တာ အဖြစ် စတင်ခဲ့ပြီး၊ ထိုအချိန်မှာပင် ဝတ္ထုများလည်း စ ရေးခဲ့သည်။၁၉၂၉ ခုနှစ်ထုတ် “ကဝိမျက်မှန်" မဂ္ဂဇင်းတွင် 'စံပယ်ပွင့်' ဝတ္ထုတိုကို “စိန်သိန်းတန်” ကလောင်အမည်ဖြင့် ရေး၍ စာပေလောကသို့ ဝင်ခဲ့သည်၊ ပထမဆုံး လုံးချင်းမှာ ရွှင်ပျော်ပျော် စာအုပ်တိုက်က ထုတ်ဝေသည့် တစ်မူးတန် ဝတ္ထု မိန်းမသား ဖြစ်သည်။ “ကျိုက်လတ် အမျိုးသားကျောင်း မောင်သိန်းတန် ကလောင်အမည်နှင့် ဖြစ်သည်။ ၁၉၃၄ ခု ရွှင်ပျော်ပျော် စာအုပ်တိုက်ထုတ် မိုက်မိတယ် ဝတ္ထုတွင် ရွှင်ပျော်ပျော် ဟူသော စာအုပ်တိုက် အမည်နှင့် လိုက်ဖက် စေရန် “သုခ” ကလောင်အမည်ကို ခံယူခဲ့သည်မှာ ကွယ်လွန်သည်အထိပင် ဖြစ်သည်။ နှစ်ကိုယ့်တစ်စိတ် (၁၉၃၆)၊ ဖုန်းနေ့ဆက်လွမ်း (၁၉၃၇)၊ မမေ့တဲ့နိုင် ဂုဏ်ရည်မတူလို့လား၊ အရူးဘုရား၊ သခင်ကတော်၊ ချစ်အဏုမြူ၊ ရှုမဝ၊ လေဒီဂျန် စသည်ဖြင့် လုံးချင်းဝတ္ထု (၁၀ဝ) ခန့်၊ ဝတ္ထုတိုပေါင်း (၂၀၀) ခန့်ရေးသားခဲ့ သည်။ ထို့ပြင် သုခမှတ်စု၊ မေတ္တသုတ်၊ မင်္ဂလသုတ်၊ ရတနာ့သုတ်၊ ရာမာကရစ်ရှနာ ၏ သုတ္တန်ပုံပြင်များ စသည်တို့ကိုလည်း ပြုစုခဲ့သည်။ ၁၉၃၈ တွင် ဒဂုန်မဂ္ဂဇင်းသို့ ရောက်ခဲ့ရာမှ အေဝမ်း ရုပ်ရှင်ကုမ္ပဏီနှင့် ဆက်သွယ်မိပြီး ချစ်အမျှ ဇာတ်ညွှန်းကို စတင် ရေးသားခဲ့သည်။ ထို့နောက် အေဝမ်း ရုပ်ရှင်အတွက် စောင်းတော်ရှင်၊ ရွှေဒေါင်းတောင် စသော ဇာတ်ညွှန်းများ ရေးသားရင်း၊ တွဲဖက်ဒါရိုက်တာအဖြစ် အေဝမ်းဦးတင်မောင်ထံတွင် ရုပ်ရှင်ပညာ ဆည်းပူးခဲ့သည်။ ၁၉၃၈ တွင် ချစ်အဏုမြူ ကို ပထမဆုံး ရုပ်ရှင်ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည်။ ရုပ်ရှင်ဇာတ်ကားပေါင်း (၃၃) ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီး၊ ရွှေအကြောင်း ဖယောင်းသက်သေ (၁၉၈၅) မှာ နောက်ဆုံးလက်ရာ ဖြစ်သည်။ ဒါရိုက်တာ အကယ်ဒမီဆုကို (၁) ဩော် ... မိန်းမ (၁၉၅၄)၊ (၂) ဘဝသံသရာ (၁၉၅၆)၊ (၃) စကားပြောသော အသည်းနှလုံး (၁၉၆၈)၊ (၄) ကျွန်မမှာ မိန်းမသား (၁၉၇ဝ)၊ (၅) ဘယ်သူပြိုင်လို့ လှပါတော့နိုင် (၁၉၇၃)၊ (၆) ရွှေခြည်ငွေခြည်တန်းပါလို့ (၁၉၇၅) တို့ဖြင့် ၆ ဆု ရရှိခဲ့သည်။ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည့် ဇာတ်ကား (၈) ကားမှာလည်း အကောင်းဆုံး ဇာတ်ကားဆု ရခဲ့သောကြောင့် ရုပ်ရှင်သမိုင်းတွင် အမြင့်ဆုံး စံချိန်ပင် ဖြစ်သည်။ ထို့ပြင် ရုပ်ရှင်ဝါသနာအိုးများ အဖွဲ့မှ ချီးမြှင့်သော သူရဿတီရုပ်တု (၁၉၆ဝ) ကိုလည်း ရရှိခဲ့သည်။ အောင်မြင်သော ဒါရိုက်တာဖြစ်ရုံမျှမက အောင်မြင်သောဇာတ်ပို့ ဖြစ်ကြောင်းကိုလည်း လူထုအောင်သံ၊ ဂုဏ်ရည်မတူ၊ သားတို့ရုပ်ရည်၊ ချစ်မုန်းမာန်၊ ဇယဒိသ၊ ဘဝသံသရာ တို့၌ ပါဝင်သရုပ်ဆောင် သက်သေပြခဲ့သည်။ ထို့ပြင် လှမဉ္ဇူ၊ နွေနှောင်းရွက်ကျန် သီချင်းတို့ကို သီဆို၍ အောင်မြင်သော တေးသံရှင်အဖြစ် မှတ်ကျောက်တင်ခံခဲ့သည်။ ဂျပန်ခေတ်တွင် ဂုဏ် ပြဇာတ်ကို ဒါရိုက်တာအဖြစ် စတင်ခဲ့ရာမှ ပြဇာတ် ဒါရိုက်တာ ဖြစ်လာသည်။ စာဆိုတော်နေ့ အထိမ်းအမှတ် ဝိဇယ ပြဇာတ်ကို ဒါရိုက်တာလုပ်၍ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်သည်။ စင်တင်ခဲ့သော ပြဇာတ် များမှာ (၁) ဂုဏ်၊ (၂) မေတ္တာနဲ့သစ္စာ၊ (၃) ဪ ... မိန်းမ၊ (၄) ဪ ... ယောက်ျား၊ (၅) ဪ ... လောက၊ (၆) မိန်းမနဲ့ယောက်ျား၊ (၇) ချစ်တော့ ချစ်တယ်၊ (၈) ချစ်ကုမ္ပဏီ၊ (၉) ဝသုန်ဤမြေ၊ (၁ဝ) ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ (၁၁) သားတို့ရုပ်ရည်၊ (၁၂) ဦးပေါ်ဦး၊ (၁၃) မောင်ဖေငယ်၊ (၁၄) နှလုံးသွေး ပျက်သော တေးတစ်ပုဒ်၊ (၁၅) တစ်သောင်းမကသော လက်များ၊ (၁၆) ဝိဇယ၊ (၁၇) ရွှေတိဂုံသမိုင်း၊ (၁၈) ချမ်းသာကိုယ်စိတ် မြဲပါစေ၊ (၁၉) အမြတ်ဆုံးငါးဖြာ တို့ ဖြစ်ကြသည်။ တစ်ဖန် ရုပ်မြင်သံကြားဇာတ်လမ်းအဖြစ် (၁) လင်နဲ့မယား၊ (၂) အဖေနဲ့ သား၊ (၃) ရဟန်းစားရသော ဆွမ်းတစ်နပ်၊ (၄) တစ်ပါးသီလ၊ (၅) ရဟန်းမစားရသော ဆွမ်းတစ်နပ် (သီလဝိသုဒ္ဓိ) ကို့ကိုလည်း ရိုက်ကူးခဲ့သည်။ ဗုဒ္ဓကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ) နာယက၊ စေတီယင်္ဂဏအသင်းနာယက၊ တိပိဋက-နိကာယ သာသနာပြုအဖွဲ့၏ ဂုဏ်ထူးဆောင် နာယက၊ တိ-နိ စာအုပ် အနုပညာမော်ကွန်းအဖွဲ့၏ နာယက၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး နာယက၊ နာရေး ကူညီမှုအသင်း (ရန်ကုန်) ၏ ဂုဏ်ထူးဆောင် နာယကကြီး အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၆၈ တွင် ရုပ်ရှင်လေ့လာရေးအဖွဲ့နှင့်အတူ ချက်၊ ဆိုဗီယက်၊ တောင်ကိုရီးယား၊ အရှေ့ဂျာမနီ နိုင်ငံများသို့ လည်းကောင်း၊ ၁၉၆၉ တွင် ဆိုဗီယက်၊ မြောက်ကိုရီးယား၊ အရှေ့ဂျာမနီ နိုင်ငံများသို့ လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်သို့လည်းကောင်း သွားရောက်ခဲ့သည်။ အလင်္ကာကျော်စွာဘွဲ့ (၁၉၅၈)၊ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ (၁၉၉၄)၊ ပခုက္ကူ ဦးအုန်းဖေ တစ်သက်တာစာပေဆု (၁၉၉၄)၊ အာဆီယံ ယဉ်ကျေးမှု စာပေဆု (၁၉၉၇) နှင့် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ (၂၀၀၀) တို့ကို ရရှိခဲ့သည်။ ၇ ဒီဇင်ဘာ ၂ဝဝ၅ ဗုဒ္ဓဟူးနေ့ နံနက် ၁၁း၃ဝ နာရီတွင် ရန်ကုန် အမှတ် (၂) တပ်မတော်ဆေးရုံကြီး၌ ကွယ်လွန်သည်။