Failed to load image
နိုင်ဝင်းဆွေ
စာအုပ် 6 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
နိုင်ဝင်းဆွေ [ ၁၉၄၁-၁၉၉၅ ] တောင်ငူအပိုင် ကျွန်းကုန်းတိုက်နယ် ချင်းကုန်းရွာ၌ အဖ လယ်သမားနှင့် ကြိတ်ဆုံဆရာ ဦးဖိုးမြိုင်၊ အမိ ဒေါ်ဖွားဆိုင်တို့က ၁၉၄၁ ခု ဧပြီ ၅ ရက် စနေနေ့တွင် မွေးဖွားသည်။ မွေးချင်းငါးယောက်တွင် စတုတ္ထမြောက် ဖြစ်သည်။ ငယ်မည် မောင်ကျော်၊ အမည်ရင်း ဦးနိုင်ဝင်း၊ နောင်အခါ ဦးကျော်ဆိုင် အမည် ထပ်ယူခဲ့သည်။ ကိုးနှစ်အရွယ်တွင် ကျောင်းဖြူရွာ မန္တလာကျောင်းမှ စတုတ္ထတန်း အောင်သည်။ ထို့နောက် ကျွန်းကုန်းမြို့ စက်ရုံ အလယ်တန်းကျောင်းမှာ ဆက်လက် ပညာသင်သည်။ ထိုကျောင်းမှ ခုနစ်တန်း အောင်မြင်ပြီးနောက် ရေတာရှည် အစိုးရ အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်သည်။ ၁၉၅၉ ခုနှစ်တွင် တန်းမြင့် ကျောင်းထွက်စာမေးပွဲ အောင်မြင်ခဲ့သည်။ ၁၉၅၉ တွင် ဆွာမြို့၌ အလုပ်သင် ဘူတာစာရေး၊ တစ်ဖန် ကျောက် တံခါး ဘူတာစာရေး၊ ၁၉၆၁ တွင် ညောင်လေးပင်ဘူတာ ကုန်ရုံစာရေးကြီး၊ ၁၉၆၁-၆၆ တွင် မြို့လုလင်ဘူတာ ကုန်ရုံစာရေးကြီး၊ ထို့ပြင် မီးရထားလက်မှတ်စစ် စသည်ဖြင့် အမှုထမ်းခဲ့သည်။စာပေဝါသနာ ထုံစဉ်ကမူ 'ထက်နိုင်ဝင်း' ကလောင်အမည် ခံယူခဲ့သေးသည်။ ထို့နောက် စာရေးဆရာကြီး သန်းဆွေ၏ စာပေလက်ရာများကို နှစ်ခြိုက် စွဲလမ်းလွန်းသောကြောင့် “သန်းဆွေ'မှ 'ဆွေ” ကိုယူပြီး အမည်ရင်း 'နိုင်ဝင်း” ၏ နောက်တွင် ဖြည့်စွက်ကာ “နိုင်ဝင်းဆွေ” ကလောင်အမည်ကို ခံယူလျက် ၁၉၆၆ တွင် ‘မဟူရာမေတ္တာ ဝတ္ထုကို စ ရေးသည်။ ၁၉၆၈ ခု ဧပြီလ ရှုမဝမဂ္ဂဇင်း တွင် စတင်ပါဝင်သော “မဟူရာမေတ္တာ'အခန်းဆက် ဝတ္ထုရှည်ကြီးဖြင့် စာပေလောကသို့ ဝင်ခဲ့သည်။ မဟူရာမေတ္တာ (၁၉၇၀)၊ နွေတစ်ည (ဖေဖော်ဝါရီ ၁၉၇၁)၊ မသိန်းရှင်ဆီ ပို့ပေးပါ (ဇွန် ၁၉၇၁)၊ မြစံပယ်ရုံ (နိုဝင်ဘာ ၁၉၇၁)၊ ညအသင်္ချေ (၁၉၇၂)၊ ရေဆန်လမ်း (၁၉၇၆) ဝတ္ထုရှည်များ၊ နိုးတစ်ဝက်အိပ်မက် (ဇူလိုင် ၁၉၇၂)၊ အချစ်ည (သြဂုတ် ၁၉၇၂)၊ ဘဝစာမျက်နှာများ (၁၉၇၃) ဝတ္ထုတိုစာအုပ် များနှင့် အိုယန်ဟိုင်၏တေးသံ (၁၉၇၆) [ထက်မြက်နှင့်ပူးတွဲ၍] ဘာသာပြန် တို့ကို ထုတ်ဝေခဲ့သည်။ ၂၄ အောက်တိုဘာ ၁၉၇၈ တွင် ပန်ဆန်းသို့ ထွက်ခွာသွားခဲ့သည်။ နိုင်ဝင်းဆွေ အမည်အပြင် “နေခြည်၊ “သူရိယသာရ”စသည့် ကလောင်ခွဲများဖြင့် လည်း ရေးသားသည်။ “နူးညံ့သိမ်မွေ့တဲ့ အလှပန်းဝတ်လွှာတွေပေါ်မှာ သရဖူ ဆောင်းနေတာကတော့ ကဗျာပဲ” ဟူ၍ မှတ်ချက်ပြုကာ “လေညင်းကလေး လာနေပြီ”“အချစ်ညနေရီ၊ “ဒါကဗျာမဟုတ်ဘူး” “ငွေ ရွှေရတု၊ နှစ်နှစ်ဆယ်”စသည့် ကဗျာများနှင့် “သားလာမယ့်လမ်း”ကဗျာဝတ္ထုကို ဖန်တီးရေးဖွဲ့ခဲ့သည်။ “မှိုင်းအုံ့ အုံ့ပြက်၊ မိုးစက်မြူနှင်း၊ နှင်းမြစ်ယမုန်”နှင့် “နှင်းသောက်တဲ့နွေ”ဝတ္ထုရှည်ကြီး များ၊ ဆောင်းပါး သုံးဆယ်နီးပါး ပါဝင်သည့် တောင်ရိုင်းပေါ်က တေးပန်းချီ” စာမူများကား ပုံနှိပ်မူအဖြစ် မရောက်ရှိဘဲ ပျက်သုဉ်းခဲ့ရသည်။ “ဘဝစာမျက်နှာများ (၂)” ကိုမူ ထုတ်ဝေဖို့ ကြိုးစားနေကြောင်း မှတ်တမ်းတွေ့ရသည်။ ၂၄ ဖေဖော်ဝါရီ ၁၉၉၅ တွင် မာနယ်ပလောအနီး ဟွေးဖောလူ (ဖွေး ဘောလူ) ရွာမှာ ကွယ်လွန်ခဲ့သည်။