Failed to load image
နန္ဒ
စာအုပ် 2 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
နန္ဒ [ ၁၉၁၉-၁၉၈၂ ] မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ဆိတ်ထိန်းကျေးရွာ၌ အဖ လယ်ဝန် ဦးဘသွင်၊ အမိ ဒေါ်ငွေခိုင်တို့က ၁၉၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မွေးဖွား သည်။ မွေးချင်း လေးယောက်တွင် ဒုတိယ မြောက် သားဖြစ်သည်။ အမည်ရင်းမှာ ဦးအောင်ကြည် ဖြစ်သည်။ ၁၉၂၅ ခုနှစ်တွင် တောင်သာမြို့ ဘုန်းတော်ကြီးကျောင်း၊ ၁၉၂၆ ခုနှစ်တွင် ရန်ကုန် စိန်ဂျွန်းကျောင်း၌ ပညာသင်ခဲ့ပြီး ၁၉၃၄ ခုနှစ်တွင် စိန်ဂျွန်းကျောင်းမှ ဆယ်တန်းအောင်သည်။ ထို့နောက် ရန်ကုန် တက္ကသိုလ်နှင့် ၁၉၃၆ ခုနှစ်မှစ၍ ဘီအိုစီ ကောလိပ်တို့တွင် ပညာသင်ခဲ့၏။ ၁၉၄၂ခုနှစ်တွင် ဘီအက်စီ (အင်ဂျင်နီယာ) ဘွဲ့ ရသည်။ ၁၉၄၈-၅၂ တွင် အင်္ဂလန်နိုင်ငံ ချာသမ် ဗိုလ်သင်တန်းကျောင်း၌ ပညာသင်ခဲ့၏။ ၁၉၄၂ ခုနှစ်တွင် ပြည်သူ့လုပ်ငန်းဌာန၌ အင်ဂျင်နီယာ ဝန်ထောက်အဖြစ် စတင် အမှုထမ်းသည်။ ထိုနှစ်မှာပင် ဘီအိုင်အေသို့ ဝင်ရောက်ခဲ့၏။ ဘီဒီအေတွင် ဆက်လက်ပါဝင်ခဲ့ပြီး၊ ဖက်ဆစ်တော်လှန်ရေးကာလတွင် တပ်ရင်း(၄)၌ ဒုဗိုလ်အဖြစ် တာဝန်ယူခဲ့သည်။ ထို့နောက် တပ်မတော်တွင် ဆက်လက် အမှုထမ်းခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဗိုလ်မှူးအဆင့်ဖြင့် မြန်မာနိုင်ငံ အိုးအိမ်ဆောက်လုပ်ရေး ကော်ပိုရေးရှင်းတွင် တာဝန်လွှဲပြောင်းကာ လက်ထောက် အမှုဆောင်အင်ဂျင်နီယာအဖြစ် အမှုထမ်းသည်။ ဆောက်လုပ်ရေး ကော်ပိုရေးရှင်း၌ ဆက်လက် အမှုထမ်းခဲ့သည်။ ၁၉၄ဝ ပြည့်နှစ်မှစ၍ သူရိယမဂ္ဂဇင်း၊ ဒဂုန်မဂ္ဂဇင်းတို့တွင် ‘နန္ဒ” ကလောင် အမည်ဖြင့် ဆောင်းပါးများ စ ရေးသည်။ ၁၉၄၁ ခုနှစ် ဇူလိုင်လ ၁၇ ရက်မှသည် စက်တင်ဘာလ ၁၂ ရက် အထိ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သော “လေရူးသုန်သုန်” အခန်းဆက် ဝတ္ထုရှည်ကြီးသည် နန္ဒ၏ ပထမဆုံးလက်ရာ ဖြစ်သည်။ အမေရိကန် စာရေးဆရာမကြီး Margaret Mitchell ၏ Gone With The Wind ကို မှီငြမ်းပြု ရေးသားခဲ့ခြင်းပင် ဖြစ်သည်။ ထို့နောက် သိပ္ပံနှင့် အင်ဂျင်နီယာဆိုင်ရာ လမ်းပန်း အဆောက်အဦ အခြေခံပညာကျမ်း (၁၉၄၉)၊ အားနှင့် သက်ရောက်အားများ (အခြေခံ)၊ အပူနှင့်အပူရှိန်၊ အား၊ နေအိမ်ငယ်များ စာအုပ်များကို လည်းကောင်း၊ ဖရိုဒ်၏ စိတ်ပညာ ကောက်နုတ်ချက်များ (၁၉၆၄၊ ၁၉၆၅၊ ၁၉၆၆)၊ တစ္ဆေဟူသည်၊ စိတ်ခွဲပညာ (၁၉၆၆)၊ မျိုသိပ်စိတ် (၁၉၆၉)၊ ကိုယ့်ကိုကိုယ် သတ်သေခြင်းနှင့် သေကြောင်းကြံခြင်း(၁၉၆၆) စသည့် စိတ်ပညာဆိုင်ရာ စာအုပ်များနှင့် ဆေးပညာသမိုင်း (၁၉၆၆) စာအုပ်တို့ကို လည်းကောင်း၊ ပင်ကိုရေး လုံးချင်းဝတ္ထုရှည်ကြီးများ အဖြစ် ချစ်တော်မူ၊ အနိမ့်စံ၊ မေ့ရက်ကယ်နိုင်တော့တယ်၊ ရွာလေတသဲသဲ(၁၉၄၃)၊ ချစ်ချင်းပြိုင်၊ ချစ်လွန်းလို့၊ မွှေးမှပန်၊ ဤဇာတ်ခုံ၊ စာ၊ နောင်ဂျိန်ဂွမ်း၊ ချစ်ထုံးဖြေကွယ် (၁၉၅ဝ)၊ ပိုးကြိုး(၁၉၅ဝ)၊ သံနှင့်သွေး (၁၉၅၁၊ ၁၉၆၅၊ ၂ဝဝ၂)၊ ဤဘဝ ဤမျှသာ(၁၉၄၉၊ ၁၉၅၂၊ ၁၉၆၈)၊ လေရူးသုန်သုန် [မြန်မာ့အလင်းသတင်းစာပါ ဝတ္ထုကို လုံးချင်း ပြန်ထုတ်ခြင်း- ၁၉၅၂(?)]၊ မိုးယံသို့ချီ (၁၉၆၇)၊ ဒေါင်းလံချီချီ သွေးနီနီနှင့်(၁၉၆၈)၊ ငါ့ဓားငါ့သွေး ငါ့ဧရာဝတီ (နိုဝင်ဘာ, ဒီဇင်ဘာ ၁၉၆၈၊ ဖေဖော်ဝါရီ, မေ, ဇူလိုင် ၁၉၆၉) စသည်တို့ကို လည်းကောင်း၊ အမေရိကန်စာရေးဆရာကြီး Jack London ၏ The People of the Abyss ကို ချောက်ကမ်းပါးကြီးထဲမှ လူသားများ(၁၉၆၆) အမည်ဖြင့် ဘာသာပြန်၍ လည်းကောင်း ရေးသားပြုစုခဲ့သည်။ နန္ဒ၏ အကောင်းဆုံးစာအုပ်မှာ “သံနှင့်သွေး” ဖြစ်ကြောင်း မလိခ၊ နတ်နွယ်၊ အောင်သင်း၊ မောင်ခင်မင်(ဓနုဖြူ) တို့က တညီတညွတ်တည်း ရေးသား ခဲ့ကြသည်။၁၉၈၂ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့တွင် ကွယ်လွန်သည်။