Failed to load image
မောင်သိန်းဆိုင်
စာအုပ် 8 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
မောင်သိန်းဆိုင် [ ၁၉၃၉-၂၀၀၆ ] ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးရွာ၌ အဖ စာရေးဆရာ တင့်ဆန်း၊ အမိ ဒေါ်အုန်းရီ တို့က ၂၉ ဒီဇင်ဘာ ၁၉၃၉ တွင် မွေးဖွားသည်။ မွေးချင်းသုံးယောက် တွင် ဒုတိယမြောက် ဖြစ်၍၊ ငယ်မည် “ပိုကာ”၊ အမည်ရင်း “ဦးသိန်းဆိုင်” ဖြစ်သည်။ ငယ်စဉ်က ကျောင်းမနေခဲ့ရ။ ဒုတိယကမ္ဘာစစ်အတွင်း ဖောင်ကြီးရွာကို မီးလောင်ဗုံး ကျသဖြင့် လှည်းကူး၊ ရန်ကုန်၊ ပဲခူးမြို့များတွင် စစ်ပြေးဘဝဖြင့် လှည့်လည် ပြောင်းရွှေ့ နေထိုင်ရသည်။ အသက် ၁၁ နှစ်တွင် ပဲခူးမြို့ မဇင်းရပ် အစိုးရမူလတန်းကျောင်း၌ သူငယ်တန်းမှ စတင် ပညာသင် သည်။ ၁၉၅၁ တွင် ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်း ဆရာကြီး ဦးစံအေးကျောင်း (ယခု အထက-၄) ၌ စတုတ္ထတန်းအထိ ဆက်လက် ပညာသင်၏။ အလယ်တန်းနှင့် အထက်တန်း ပညာကို ပဲခူးမြို့ အစိုးရတန်းမြင့်ကျောင်း (ယခု အထက-၁) တွင် ပညာသင်ရာ ၁၉၅၉ တွင် ကျောင်းထွက်လက်မှတ်ရ စာမေးပွဲကိုအောင်မြင်ခဲ့သည်။၁၉၅၉-၆၆ တွင် ရန်ကုန်မြို့ ဆိပ်ကမ်းအုပ်ချုပ်ရေးအဖွဲ့ (ရေဝန်ရုံး) နှင့် အကောက်ခွန်ရုံးတို့တွင် စာရေးအဖြစ် အမှုထမ်းသည်။ ၁၉၆၇ မှ စ၍ စာပေနယ်သို့ လုံးလုံးလျားလျား ကူးပြောင်းခဲ့သည်။ စုံထောက်မဂ္ဂဇင်း (ဇွန် ၁၉၅၃) ၌ “လည်ဆွဲရတနာ” ဝတ္ထုတိုကို ‘မောင် သိန်းဆိုင်”ကလောင်အမည်ဖြင့် စတင် ရေး၍ စာပေနယ်သို့ ဝင်သည်။ ပထမဆုံး ဝတ္ထုတိုစာမူခအဖြစ် အဘိဓာန်စာအုပ် ရရှိသည်။ ၁၉၆ဝ မှစ၍ ကလေး ဂျာနယ်၊ သွေးသောက်မဂ္ဂဇင်းတို့တွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပုံပြင်၊ ဘာသာပြန်များ ရေးသားသည်။ လျှို့ဝှက်သည်းဖို မဂ္ဂဇင်း၏ ပင်တိုင် စာရေးဆရာ ဖြစ်လာ သည်။ ပထမဆုံး လုံးချင်းဝတ္ထုမှာ ကိုတင်အောင်-မစန်း စာပေထုတ် ပြား ၆ဝ တန် အသည်းလွှာမဟီဝယ် (၁၉၆၁) ဖြစ်သည်။ ခင်ကျော် စာပေထုတ် ၃ ကျပ် တန် ခင်ပပမြိုင် (၁၉၆၄) ဖြင့် နာမည်ကျော် စာရေးဆရာ ဖြစ်လာခဲ့သည်။ ၎င်းဝတ္ထုမှာ အင်္ဂလိပ်စာရေးဆရာကြီး ဒက်ဖနီဒူမောရီးယား၏ “ဂျမေကာအင်း” (Jamaica Inn, 1936) ကို မှီငြမ်းပြုထားသည့် မိန်းမငယ် တစ်ဦး၏အားမာန် ဇာတ်လမ်း ဖြစ်သည်။ ချစ်ရက်ကယ်နှောင်း (၁၉၆၁)၊ ချစ်သူ့မျက်ရည် ချစ်သက်သေ (၁၉၆၁)၊ ချစ်သူဝေးဝေး ပြေးသောအခါ (၁၉၆၁)၊ မျက်နှာကြည့်ဝံ့ မကြည့်ဝံ့နှင့် (၁၉၆၁)၊ ဝိုးတဝါး (၁၉၆၃)၊ ငြိမ်းငြိမ်းအိ (၁၉၆၅)၊ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာ (၁၉၆၆)၊ အတ္တအကျဉ်းသား (၁၉၆၆)၊ နွယ် သို့မဟုတ် အန္တရာယ် (၁၉၆၇)၊ အကျည်းတန်မ (၁၉၆၇)၊ ပုဂံမြို့သူ (၁၉၆၈)၊ အစောတို့ရဲ့မော (၁၉၆၈)၊ စိမ်း လဲ့လဲ့ ညိုပြာပြာ (၁၉၆၉)၊ မောင့်အိပ်မက် (၁၉၆၉)၊ မိုးပြိုတော့မယောင် (၁၉၆၉)၊ ရေနံ့သာခင်ခင်ကြီး (၁၉၆၉-၇ဝ)၊ ကျွန်တော်နှင့်လယ်လယ် (၁၉၇၁)၊ အမေနှင့် သမီးများ (၁၉၇၆)၊ ပဆစ်အိမ် (၁၉၇၈) စသည်တို့မှာ ထင်ရှားသည်။ ရင် တထိတ်ထိတ် (၁၉၆၇)၊ ပိတောက်တစ္ဆေ (၁၉၇၆)၊ ကာလီမာ၏မာနနှင့် လက်ရွေးစင် အခြားဝတ္ထုများ (၁၉၈၁)၊ ဧပရယ်နှင့်အခြားဝတ္ထုများ (၁၉၈၄) စသည်တို့မှာ ဝတ္ထုတို စုပေါင်းစာအုပ်များ ဖြစ်ကြသည်။ ထို့ပြင် မောင်သိန်းဆိုင်၏ စာပေ ဆွေးနွေးပွဲ (၁၉၇၅)၊ အချစ်၊ ထိမ်းမြားလက်ထပ်ခြင်းနှင့် ကွာရှင်းပြတ်စဲခြင်း (၁၉၈၆)၊ ဆယ်ကျော်သက်ရွယ် သမီးငယ်သို့ (၂၀၀၅) စသည့် အထွေထွေစာအုပ် များကိုလည်း ပြုစုခဲ့သည်။ မောင်သိန်းဆိုင်၏ လုံးချင်းဝတ္ထုများအနက် အထင်ရှား အကျော်ကြားဆုံးမှာ “ရေနံ့သာခင်ခင်ကြီး” ဖြစ်သည်။ ရေနံ့သာခင်ခင်ကြီး ပထမအုပ်ကို စက်တင်ဘာ ၁၉၆၉၊ ဒုတိယအုပ်ကို နိုဝင်ဘာ ၁၉၆၉၊ တတိယ အုပ်ကို သြဂုတ် ၁၉၇ဝ တို့တွင် ထုတ်ဝေခဲ့သည်။ တစ်နှစ်ကျော်မျှ ကြိုးပမ်း ရေးဖွဲ့ခဲ့သော ဝတ္ထုရှည်ကြီးပင် ဖြစ်သည်။ စာအုပ်မျက်နှာဖုံးများမှာလည်း ထိုကာလထုတ် ဝတ္ထုစာအုပ်မျက်နှာဖုံးများနှင့်မတူဘဲ သီးခြားခွဲထွက် သရုပ်ဖော်ထားသည်။ ဒါလီ (Salvador Dali) ၏ ဆာရီယယ်လစ်ဇင် (Surrealism) ပန်းချီနည်းများကို အသုံးပြု ဖွဲ့စည်းထားသည်ဖြစ်ရာ ထူးခြားဆန်းသစ်မှု အပြည့်ရှိခဲ့သည်။ ဤ သည်မှာလည်း “ရေနံ့သာခင်ခင်ကြီး” အောင်မြင်မှုတွင် ထည့်သွင်းစဉ်းစား သင့်သော အချက် ဖြစ်သည်။ စာရေးသားခြင်းအပြင် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ညွှန်း ၇ဝ ခန့်ကိုလည်း ရေးသားခဲ့ရာ “နှလုံးသားရေအလျဉ်” ဗီဒီယိုကားနှင့် “ညမင်းသား” ရုပ်ရှင်ကား ဇာတ်ညွှန်းတို့မှာ ထင်ရှားသည်။ ထို့ပြင် ပန်မဂ္ဂဇင်းနှင့် လျှို့ဝှက်သည်းဖို မဂ္ဂဇင်းများတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၅ နိုဝင်ဘာ ၂ဝဝ၆ နေ့လယ်ပိုင်းတွင် မောင်သိန်းဆိုင်၏ “အမေနှင့် သမီးများ” ဝတ္ထု ဒုတိယအကြိမ်မြောက် ရုပ်ရှင်ရိုက်ကူးမည့် ကန်တော့ပွဲ အခမ်း အနားကို ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ Excel Treasure Tower တွင် ကျင်းပခဲ့ သည်။ ထိုပွဲတွင် မူရင်းဝတ္ထုရေးသူ အနေဖြင့် မောင်သိန်းဆိုင်က အမှတ်တရ စကား ပြောကြားနေရင်း ရုတ်တရက် မူးမေ့လဲကျ ကွယ်လွန်သွားခဲ့သည်။