Failed to load image
ဘဒ္ဒန္တတိလောကသာရ(ရဝေထွန်း)
စာအုပ် 2 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ရဝေထွန်း(ဘဒ္ဒ န္တ တိလောကသာရ) [ ၁၉၂၄-၂၀၀၃ ] ပြည်ခရိုင် ပေါင်းတလည်မြို့နယ် ရွာမကြီးရွာ၌ ခမည်းတော် ဦးစံဖေ၊ မယ်တော် ဒေါ်မေ တို့က ၁၉၂၄ ခု ဇူလိုင်လ ၁၂ ရက် (၁၂၈၆ ခု ဝါဆိုလဆန်း ၁၂ ရက်) စနေနေ့တွင် ဖွားမြင်တော်မူခဲ့သည့် စတုတ္ထမြောက် သားရတနာ ဖြစ်သည်။ ၁၉၃၄ တွင် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် သာမဏေအဖြစ်သို့ ရောက်ခဲ့ သည်။ ၁၉၅၄ ခု ဖေဖော်ဝါရီ ၁၉ ရက် (၁၃၁၅ ခု တပို့တွဲလပြည့်ကျော် ၁ ရက်) နံနက် ၉ နာရီ အချိန်တွင် ပေါင်းတလည် ညောင်တန်းကျောင်း ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍၊ ၄င်းကျောင်း ခဏ္ဍသိမ်၌ ပေါင်းတလည်မြို့ ဦးစံတင်၊ ဒေါ်ကျင် မိသားစု၏ ပစ္စယာနုဂ္ဂဟဖြင့် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ ငယ်စဉ်က ရွာမကြီးရွာ ရွှေစာရံကျောင်း ဆရာတော်ထံတွင် သဒ္ဒါ၊ သင်္ဂြိုဟ်များကို သင်ကြားပြီးနောက် မင်းလှမြို့ စံကျောင်း တိုက်ဆရာတော်၊ ရန်ကုန်မြို့ ခြောက်ထပ် ကြီး ဘုရားကြီးကျောင်းတိုက် ဆရာတော်၊ တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက် ဆရာတော်များထံတွင် အခြေခံ ကျမ်းစာ များနှင့် ပိဋကတ်တော်များကို ကျမ်းရိုး ပေါက် သင်ယူတော်မူခဲ့သည်။ ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးတိုက်၊ တောင် ကြီးမြို့ သိမ်တောင်ကျောင်းတိုက်တို့၌ နှစ်ပေါင်းများစွာ စာပေပို့ချပေးတော်မူခဲ့သည်။ ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီး ကျင်းပသည်မှ စ၍ ပိဋကတ်မြန်မာပြန်ကျမ်းများကို ရေးသား ခဲ့ရာ၌ ဦးဆောင်ပါဝင်ခဲ့ပြီး ပဋိဝိသောဓက တာဝန်၊ သြသာနသောဓေယျပတ္တပါဋ္ဌက တာဝန်၊ တိပိဋကတ် လမ်းညွှန်ကျမ်းပြုတာဝန်၊ ပါဠိတော် မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ ရေးသားခြင်း တာဝန်တို့ကို ကမ္ဘာအေးကုန်းမြေတွင် ၁၂ နှစ်တိုင်တိုင် သီတင်းသုံး၍ ပါဠိ၊ ပိဋကတ် စာပေတာဝန် များကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၄-၈၅ တွင် မလှိုင်မြို့ မြို့သစ်ကျောင်းကို လက်ခံတော် မူ၍၊ ရဟန်းသာမဏေတို့အား စာပေများ ပို့ချပေးခဲ့သည်။ မလှိုင်မြို့နယ် သာသနာရေး ဆိုင်ရာ စာမေးပွဲများကို ဦးဆောင် ကျင်းပပေးခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်း ဗဟန်း မြို့နယ် ရွှေဂုံတိုင် ခြောက်ထပ်ကြီး ဘုရားကြီးကျောင်းတိုက် ဓမ္မသီတဂူကျောင်းသို့ ပြောင်းရွှေ့ သီတင်းသုံးတော်မူခဲ့သည်။ ဂိုဏ်းပေါင်းစုံ သံဃစည်းဝေးပွဲကြီး ပေါ်ပေါက်လာသောအခါ နိုင်ငံတော် သံဃသမ္မုတိရ-သံဃကိုယ်စားလှည် (၅) နှစ်၊ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် (၁ဝ) နှစ်၊ နိုင်ငံတော် သီးခြားဝိနည်းဓိုရ် (၃) ကြိမ်၊ နိုင်ငံတော်ဝိနည်းဓိုရ် (၅) ကြိမ် တာဝန်များကို နှစ် ၂ဝ တိုင်တိုင် ထမ်းဆောင်တော်မူခဲ့သည်။ ထို့ပြင် ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်းများ စည်းမျဉ်းရေးဆွဲရေးကော်မတီ၊ သီလရှင် အဖွဲ့အစည်း စည်းမျဉ်းရေးဆွဲရေး ကော်မတီ၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ဆရာများ မွမ်းမံသင်တန်း ပို့ချရေး အဖွဲ့ဝင်၊ ပါဠိ ပထမပြန် ပထမကြီးတန်း ပြဋ္ဌာန်းကျမ်းစာ ပြုစုရေးကော်မတီ၊ သာသနာရေး ဝန်ကြီးဌာန သာသနာရေးဦးစီးဌာန အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်၊ ယဉ်ကျေးမှု သင်တန်းများ၏ သင်တန်းမှူးနှင့် သင်တန်းနာယက၊ မြန်မာစာအဖွဲ့၏ သြဝါဒါစရိယ အဖွဲ့ အကျိုးတော်ဆောင် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ မင်္ဂလာဗျူဟာ အသင်း၊ ပိဋကတ်ဗျူဟာအသင်း၊ ဓမ္မဗိမာန်၊ မြတ်မင်္ဂလာ၊ မြတ်သတိဝါဒီ စာစောင် တို့၏ သြဝါဒါစရိယ၊ နာရေးကူညီမှုအသင်း ဖြစ်မြောက်ရေးကော်မတီ၏ ဩဝါဒါစရိယ စသော သာသနာ့တာဝန်များကိုလည်း ထမ်းရွက်တော်မူခဲ့သည်။ ရဟန်းဖြစ်စ အရွယ်ကပင် “ရဝေထွန်း” ဟူသော ကလောင်အမည်ဖြင့် ပိဋကတ်စာပေ၊ မြန်မာစာပေဆိုင်ရာ ကဗျာ၊ လင်္ကာ၊ ဆောင်းပါး၊ ဝတ္ထု၊ ဂုဏ်ပြု မှတ်တမ်း၊ သိမ်အောင် သြဘာစာ၊ ကျောက်စာ၊ တေးထပ်၊ ရတု၊ ဒွေးချိုး၊ လေးချိုး များကို ရသမြောက်အောင် ထူးချွန်ပြောင်မြောက်စွာ ရေးသားနိုင်ခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးကဗျာပြိုင်ပွဲတွင် ဒုတိယ ရွှေတံဆိပ်ဆု ရရှိတော်မူခဲ့သည်။ ရတနာစာပေ အဖြေကျမ်း၊ လယ်တီထေရုပ္ပတ္တိအချုပ်၊ တောင်ကြီးမြို့ မုံတ၀ဂူသမိုင်း၊ မလှိုင်မြို့ (၁) (၁၉၇၃)၊ (၂) [၁၉၇၆) (၂) တွဲ၊ ဗုဒ္ဓဘာသာဟူသည်မှာ (၁၉၉၃)၊ မင်္ဂလသုတ်ပျို့ ရွှေမုဋ္ဌောဘုရားသမိုင်း၊ တရုတ်ပြည် အံတော်သမိုင်း၊ ရွှေစာရံ ရာပြည့်သမိုင်း၊ ပေါင်းတလည် ဖောင်တော်လှည့်သမိုင်း၊ သစ်သီးဆရာတော် (၁၉၇၅)စာအုပ်များအပြင် မင်္ဂလာညွန့် (၁၉၅၂)၊ ဝန်းသိုအာဇာနည် (၁၉၅၃)၊ လူ့အမြုတေ (၁၉၅၄) ၊ သန္တ လ ပြဇာတ် (သက္ကတဘာသာပြန်] (၁၉၅၈) ၊ သမီးချစ် (၁၉၆၃)၊ သီလရှင်သမိုင်း (၁၉၆၅)၊ ဓမ္မပဒ ဝတ္ထုတော်ကြီး (၁၉၇၅)၊ ရွှေဟင်္သာမင်းပျို့ အဖြေကျမ်း (၁၉၈၅)၊ ဘာသာရေး ပြဿနာများ [ငါးတွဲ] (၂၀ဝ၃) တို့ကို ရေးသား ပြုစုတော်မူခဲ့သည်။ “မင်္ဂလာညွန့်”ကို ၁၉၅၂ တွင် လည်းကောင်း၊ “ဝန်းသိုအာဇာနည်”ကို ၁၉၅၃ တွင် လည်းကောင်း ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်းခံခဲ့ရသည်။ သက္ကတ ဘာသာပြန် 'သန္တလပြဇာတ်' ကို ၁၉၅၈ ခုနှစ် ယူနက်စကို ဘာသာပြန်ဆု၊ “သီလရှင်သမိုင်း”ကို ၁၉၆၅ ခုနှစ် ဝိုင်အမ်ဘီအေ မြန်မာစာပေတိုးတက်ရေးပြိုင်ပွဲ ပထမဆု ချီးမြှင့်ခံတော် မူခဲ့ရသည်။ ၁၉၉၃-၉၄ (၁၃၃၅ ခုနှစ်) တွင် နိုင်ငံတော်အစိုးရက“အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ”ဘွဲ့တံဆိပ်တော်ဖြင့် ဂုဏ်ပြုပူဇော်တော်မူခဲ့သည်။ ၂ဝဝ၃ ခု ဖေဖော်ဝါရီ ၂၅ ရက် (၁၃၆၄ ခု တပို့တွဲလပြည့်ကျော် ၉ ရက်) ညနေ ၆း ၁၅ နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။