Failed to load image
ဝဏ္ဏသီရိ
စာအုပ် 6 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
ဝဏ္ဏသီရိ (၁၉၃၆-၂ဝ၂၃] စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကြာပိုင်ရွာ ကျီတွင်းရပ်ကွက်၌ အဖ ဦးကြိုင်၊ အနံ့ ဒေါစိန်ရင်တို့က ၁၂၉၇ ခုနှစ် နှောင်းတန်ခူး လဆန်း ၁ ရက် (၂၂ မတ် ၁၉၃၆) တနင်္ဂနွေနေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း (၈) ယောက် တွင် (၆) ယောက်မှာ ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။ ငယ်မည် မောင်ရွှေဖဲ၊ အမည်ရင်း ဦးအောင်ခန့် ဖြစ်သည်။ ကြာပိုင်ရွာရှေ့ ရွှေကျောင်းဘုန်းတော်ကြီး ဦးပဏ္ဏဝထံတွင် ကျောင်းသားအဖြစ်၊ ကိုရင် ရှင်ဣန္ဒောဘာသာ အဖြစ်နှင့် ပရိယတ် အခြေခံ စာပေများ စတင်သင်ယူခဲ့သည်။ ၁၃၁၅ ခုနှစ် ဝါဆိုလဆန်း ၁ဝ ရက်တွင် မုံရွာမြို့ မဟာဇောတိကာရာမ ပါဠိတက္ကသိုလ် ကျောင်းတိုက်ကြီးသို့ ကိုရင်ဝတ်ဖြင့် ရောက်ရှိခဲ့သည်။ နာယက ဆရာတော်ကြီး ဦးဥတ္တမသာရ (အဂ္ဂမဟာပဏ္ဍိတ) နှင့် တိုက်အုပ်၊ တိုက်ကြပ်၊ စာချဆရာတော်များထံမှာ ပထမပြန် စာမေးပွဲဆိုင်ရာကျမ်းစာများကို သင်ယူခဲ့သည်။ ထိုနှစ်တွင်ပင် မုံရွာမြို့ ပရိယတ္တိ သာသနာ့ဟိတကာရီ အသင်းက ကျင်းပသော တိုက်တွင်းစာမေးပွဲ မူလတန်းကို ပထမဆင့်ဖြင့် အောင်မြင်ခဲ့သည်။ တိုက်တွင်းစာမေးပွဲ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းများကို လည်းကောင်း၊ အစိုးရ ပထမငယ်၊ ပထမလတ်၊ ပထမကြီး စာမေးပွဲများကိုလည်းကောင်း ပါဠိဘာသာဖြင့် ဖြေဆိုအောင်မြင်ခဲ့သည်။ ထို့ပြင် မ-၁၃၁၆ ခုနှစ် ၁၉၅၄ ခု) အစိုးရ ပထမငယ်တန်းစာမေးပွဲကိုလည်း တစ်နိုင်ငံလုံးတွင် ဒုတိယ အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သည်။ ၁၃၁၈ ခုနှစ် နယုန်လဆုတ် ၁ ရက် (၂၄ ဇွန် ၁၉၅၆) တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် မြသိန်းတန် ကျောင်းတိုက် ခဏ္ဍသိမ်၌ မန္တလေးမြို့တောင်ပြင် ဘုရားကြီးတိုက် ရွှေဘုန်းရှိန်ကျောင်း ဆရာတော်ဦးကြယ်ကို ဥပဇ္ဈာယ်ပြု၍၊ ရန်ကုန်မြို့ အင်းယားမြိုင်လမ်း ဗိသုကာအင်ဂျင်နီယာ ဦးအုန်းသန်း၊ ဒေါ်တင်မေတို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ မ-၁၃၂၂ ခုနှစ် (၁၉၆ဝ ခု) တွင် အစိုးရ ဓမ္မာစရိယ စာချတန်း စာမေးပွဲကို ပါဠိဂုဏ်ထူး၊ မြန်မာဂုဏ်ထူးဆောင် ကျမ်းများနှင့်တကွ အောင်မြင်၍ 'သာသနဓဇ သိရီပဝရ ဓမ္မာစရိယဝိနယ ပါဠိပါရဂူဘွဲ့” ကို ရရှိခဲ့သည်။ မ-၁၃၂၂ ခုနှစ် သင်္ကြန်မတိုင်မီ ဇာတိ ကြာပိုင်ရွာ ရွှေကျောင်းသို့ ပြန်ကြွလာခဲ့ပြီးလျှင် ကျောင်းထိုင်ဆရာတော် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၆၄-၆၅ တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဇမ္ဗူဒီပကျောင်းဆောင်၌ သီတင်းသုံး၍ 'တိပိဋကလမ်းညွှန်ကျမ်း”ပြုစုရေး အဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့ရသည်။ ဤတွင် ထိုအဖွဲ့၏ တာဝန်ခံဆရာတော် ဘဒ္ဒန္တတိလောကသာရ [ရဝေထွန်း (၁၉၂၄-၂၀ဝ၃) ] နှင့် အဖွဲ့ဝင်ဆရာတော်များဖြစ်ကြသည့် ဘဒ္ဒန္တဒေါက်တာ သီလာနန္ဒာဘိဝံသ [အမေရိကန်သာသနာပြု] (၁၉၂၇-၂ဝဝ၅)၊ ဦးကောလိယ [ဓမ္မာစရိယ ဦးဌေးလှိုင် (၁၉၃၁-၂ဝဝ၄)] တို့ ဝိုင်းဖွဲ့ပြောဆိုကြသော စာစကား၊ ပေစကားများကို မကြာခဏ ကြားနာ မှတ်သားခွင့်ရသည်နှင့်အတူ ဆရာတော်များနှင့်ပါ သိကျွမ်းရင်းနှီးခွင့် ရလာသဖြင့် ကိုယ်တိုင်စာပေရေးသားရန် စိတ်ညွှတ်လာခဲ့တော့သည်။ ပထမဦးစွာ “ဖုန်းဖုန်း” ကလောင်အမည်သုံး၍ သော်တာဆွေ၏ “အဟိ စာစောင်”တွင် ကလောင်သွေးခဲ့သည်။ ကျေးလက်တောရွာ ဘုန်းကြီးကျောင်းဝန်းကျင်က ရယ်စရာဖြစ်ရပ် ဇာတ်လမ်းများကို ဟာသဝတ္ထုတိုပုံစံဖြင့် ရေးသားခဲ့သည်။ ထို့နောက် မြဝတီတွင် “လူတို့ဘောင်ဝယ်” (ဇွန် ၁၉၆၈)၊ ‘ဘဝမဆုံးသရွေ့” (ဧပြီ ၁၉၆၉)၊ ဆင်းရဲခြင်း ချောက်ကမ်းပါးမှ” (ဇူလိုင် ၁၉၇ဝ) တို့ကို လည်းကောင်း၊ ငွေတာရီတွင်- ‘အပယ်ခံ မောင်ညို”(အောက်တိုဘာ ၁၉၆၉)၊ ‘ဘယာဂတိ'(ဇူလိုင် ၁၉၇ဝ)၊ “ဘုံလောကီ သည်လူမှုရယ်က”(အောက်တိုဘာ ၁၉၇ဝ) တို့ကို လည်းကောင်း ဆက်လက်ရေးသားခဲ့သည်။ နောင်အခါ သာသနာ့ဝန်ထမ်း ရဟန်းတစ်ပါး၏ တာဝန်ပိုင်းကို အလေးထားသည့် အနေဖြင့် ဘာသာရေး စာပေဘက်သို့ ဦးလှည့် ရေးသားခဲ့သည်။ ဘာသာရေးစာပေနှင့် လိုက်လျောညီညွတ်စေရန် 'အရှင်ဝဏ္ဏသီရိ' ကလောင်အမည်ကို ပြောင်းခဲ့သည်။ ယင်းအမည်သုံး၍ ပထမဆုံးထုတ် လုံးချင်းစာအုပ်မှာ ဝိမုတ္တိသာသနာ (၁၉၇၃) ဖြစ်သည်။ ထိုကလောင်အမည်နှင့်ပင် ဗုဒ္ဓ၏လောကကြေးမုံ ( ? )၊ ညီတော် အာနန္ဒာ၏တစ်သက်တာမှတ်တမ်း (၅-တွဲ (ပတွဲ-အောက်တိုဘာ ၁၉၇၅ မှသည် ပဉ္စမတွဲ-ဖေဖော်ဝါရီ ၁၉၈၁) (နောင်-နှစ်တွဲပေါင်းချုပ်) မြတ်ဗုဒ္ဓ၏သားတော် ရာဟုလာ ( ? ) တို့ကို ပြုစုခဲ့သည်။ ၁၉၈၁ ခုနှစ် နွေဦးပေါက်တွင် မိမိ၏ ဆန္ဒအလျောက် သာသနာ့ဘောင်မှ လူ့ဘဝသို့ ဆင်းသက်ခဲ့သည်။ လူ့ဘဝတွင် အရှင်ဝဏ္ဏသီရိ' ကလောင်အမည်မှ သာသနာ၏ အထိန်းအမှတ်ဖြစ်သော “အရှင်” ကို ဖြုတ်၍ “ဝဏ္ဏသီရိ” အမည်ဖြင့် ရေးသားပြုစုခဲ့ပြန်သည်။ ယင်းတို့ အနက် အချို့မှာ ညီတော် အာနန္ဒာနှင့် ဇနပဒကလျာဏီ ( ? )၊ ထေရီထေရာ ရဟန္တာ ပုဂ္ဂိုလ်ကြီးများ ( ? )၊ လူ့ဘောင်လမ်းပြ ငါးရာ့ငါးဆယ်ဝတ္ထုများ ( ? )၊ ညီတော်အာနန္ဒာ၏ ပါရမီဇာတ်လမ်းများ ( ? )၊ ညီတော် အာနန္ဒာ၏ သုတ္တန် တရားတော်များ ( ? )၊ သင်္ဂါယနာ သုံးတန် သင်္ဂါယနာ တင်ပုံ ဇာတ်လမ်းစုံ ( ? )၊ ခုနစ်ဆူ ဗုဒ္ဓဝင် ( ? )၊ ဓမ္မရေးရာ ဥပမာများ ( ? )၊ ဘဝခြားနေသည့် ဆွေမျိုးများ [ပေတဝတ္ထု ပါဠိတော်လာ ပြိတ္တာဝတ္ထုများ] (၂၀၁၉) တို့ ဖြစ်ကြသည်။ အသက် (၈၆) နှစ်အရွယ်၊ ၂ ဖေဖော်ဝါရီ ၂ဝ၂၃ နေ့လယ် ၁း၃ဝ နာရီတွင် မုံရွာမြို့၊ ထန်းတော၊ အောင်ရတနာရပ်၊ ဇောတိကလမ်း နေအိမ်မှာ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ပြုံးကြည် (အငြိမ်းစား အထက်တန်းပြ) တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။