Failed to load image
စိန်ဝင်းစိန်
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
စိန်ဝင်းစိန် (၁၉၄၄-၂ဝ၁၉) ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့၌ အဖ သခင်ဟန်သိန်း၊ အမိ ဒေါ်အုန်းမြင့်တို့က ၅ စက်တင်ဘာ ၁၉၄၄ တွင် မွေးဖွားခဲ့သည်။ (၆) လသားအရွယ်တွင် မြောင်းမြ၌ ဂျပန်သတ်သည့် သခင် (၄၂) ဦးတွင် ဖခင် ပါဝင်သွားသဖြင့် အဖမဲ့သား အဖြစ်နှင့် ကြီးပြင်းခဲ့ရသည်။ အမည်ရင်းမှာ ဦးစိန်ဝင်း ဖြစ်သည်။ ၁၉၅ဝ တွင် လပွတ္တာအစိုးရ အထက်တန်းကျောင်းမှာ စတင်ပညာသင်ယူခဲ့သည်။ ၁၉၆ဝ တွင် တက္ကသိုလ်ဝင်တန်း အောင်ခဲ့သည်။ ပုသိမ် ဥပစာကောလိပ်၊ ရန်ကုန်လုပ်သားများကောလိပ်တို့တွင် ပညာဆက်လက်ဆည်းပူး၍ ဝိဇ္ဇာဘွဲ့(မြန်မာစာ) ရရှိခဲ့သည်။ အစိုးရဝန်ထမ်း ဘဝတွင် နှစ်ပေါင်း (၂ဝ) ခန့် ကျင်လည်ပြီးနောက် “ဆက်လက်လုပ်ကိုင်ရန် မပျော်ပိုက်တော့ပါသဖြင့်” ဟူသော အကြောင်းပြချက်ဖြင့် ၁၉၈၃ တွင် မိမိ သဘောအလျောက် နုတ်ထွက်ခဲ့သည်။ ထို့နောက် ကျူရှင်ဆရာ၊ ကုမ္ပဏီစာရင်းစစ်၊ မန်နေဂျာအလုပ်များ လုပ်ကိုင်နေရာမှ ၁၉၉၈ တွင် “ခေတ်မြန်မာဂျာနယ်”၌ ဘာသာပြန် သတင်းဆောင်းပါးကို ပထမဆုံး ပုံနှိပ်ဖော်ပြခံရသည်မှ စ၍ စာပေလောကထဲ ဝင်ခဲ့ပြီး ဘာသာပြန်လုပ်ငန်းကို စဉ်ဆက်မပြတ် လုပ်ကိုင်အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ ၂ဝ၁၉ ခုတွင် လစဉ်ထုတ် မဂ္ဂဇင်းနှစ်စောင်မှာ တာဝန်ခံ အယ်ဒီတာ၊ မဂ္ဂဇင်း တစ်စောင်တွင် ဘာသာပြန် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ “စိန်ဝင်းစိန်” ကလောင်အမည်အပြင် တိုးမြင့်၊ သက်ဇော်ဝင်း၊ ကိုဖုန်း (ရန်ကုန်တက္ကသိုလ်)၊ ကောင်းကောင်း၊ မိုးမြင့်ဦးမောင် စသည့် ကလောင်ခွဲများဖြင့်လည်း ဘာသာပြန် ဆောင်းပါးများ နှင့် အင်္ဂလိပ်ဘာသာစကား ပညာပေးစာအုပ်များကို ရေးသားခဲ့သည်။ အင်္ဂလိပ်ဘာသာစကား စာအုပ်အချို့မှာ ဆေးရုံပေါ်က ကြိယာစကားလုံးစုများ၊ စကားအလှ စာအလှ (နှစ်တွဲ)၊ ရွှင်ပျော်ပျော် အီဒီယမ်တို့၏ ရင်းမြစ်စကားပုံများ၊ ရွှင်ပျော်ပျော် အီဒီယမ်များ (ခြောက်တွဲ)၊ အီဒီယမ် ၁ဝဝဝ၊ တို့ ဖြစ်ကြသည်။ သမိုင်း၊ အတ္ထုပ္ပတ္တိ၊ နိုင်ငံရေးနှင့် ရသ ဘာသာပြန် စာအုပ်များတွင် ကျွနိုပ်၏ မြန်မာနိုင်ငံ သမ္မတတစ်ဦး၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (My Burma : The Autobiography of a President by U Ba U) (၂၀၁၀) သည် ပထမဆုံး ပုံနှိပ်စာအုပ် ဖြစ်၍၊ ရန်ကုန်သမိုင်း [History of Rangoon by B. R. Peam) (၂၀၁၉) သည်နောက်ဆုံးပုံနှိပ်စာအုပ် ဖြစ်သည်။လုံးချင်းဘာသာပြန်စာအုပ်ပေါင်း (၄ဝ) ကျော် အနက် အချို့မှာ ဦးနု [U Nu Of Burma by Richard Butwell] (၂၀၁၂)၊ လန်ဒန်ဒိုင်ယာရီ (London Diary by Dr. Maung Maung) ဂန္ဒီ ပုံပြအတ္ထုပ္ပတ္တိ (Gandhi Pictorial Biography by Greald Gold)၊ ရုပ်စုံဗုဒ္ဓဝင် (The Life of the Buddha by Patricia M. Herbert)၊ (Hotel K by Kathryn Bonella)၊ ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေး (Modern China - Myanmar Relations by David I-Steinberg and Hongwei Fan)၊ ရှင်သန်ခွင့် [In Order to Live (A North Korean Girl's Journey to Freedom) by Yeonmi Park and Maryanne Vollers] [၂ဝ၁၆ ခုနှစ် သုတစွယ်စုံစာပေဆု (နိုင်ငံတကာရေးရာ)]၊ ဝါဆောက ရုပ်သေးဆရာလေး [The Puppet Boy of Warsaw by Eva Weaver] [၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု (ဘာသာပြန်၊ ရသဆု)] တို့ ဖြစ်ကြသည်။ ၁၆ ဒီဇင်ဘာ ၂၀၁၉ ရက် တနင်္လာနေ့ နံနက် ၉း၁၅ နာရီတွင် ကွယ်လွန်ခဲ့ပါသည်။