Failed to load image
မြင့်ဆွေဦး
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
မြင့်ဆွေဦး (၁၉၄၉-၂-၂၄) ရန်ကုန်မြို့တွင် အဖ ဦးပွ၊ အမိ ဒေါ်ခင်ဆွေတို့က ၇ ဧပြီ ၁၉၄၉ တွင် ဖွားမြင်သည်။ မွေးချင်း ၅ ဦး အနက် အကြီးဆုံးသား ဖြစ်သည်။ အမည်ရင်းမှာ မြင့်ဆွေ ဖြစ်သည်။ ၁၉၆၇ တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၎င်းနှစ်တွင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ မြန်မာစာဌာနတွင် တက်ရောက်ပညာသင်ယူခဲ့ပြီး ၁၉၇၂ တွင် ဝိဇ္ဇာဘွဲ့ (မြန်မာစာ) ကို ရရှိခဲ့သည်။ ၁၉၈ဝ တွင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ စာကြည့်တိုက် ပညာဌာန အပတ်စဉ်-၆ ဘွဲ့လွန် ဒီပလိုမာသင်တန်းတွင် တက်ရောက်သင်ယူခဲ့ပြီး ၁၉၈၃ တွင် စာကြည့်တိုက်ပညာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တွင် စာကြည့်တိုက် လက်ထောက်-၁ ရာထူးဖြင့် အမှုထမ်းခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သောကြောင့် တာဝန်မှ ရပ်စဲရသည်။ ၂၀ ဇူလိုင် ၁၉၈၉ မှ ၂၀ ဧပြီ ၁၉၉၀ အထိ အထိန်းသိမ်းခံရသည်။ ၁၉၇ဝ မှ စ၍ တိုင်းရင်းမေဂျာနယ်၊ ရုပ်ရှင် အောင်လံတို့တွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၇၅ တွင် ရှုမဝ မဂ္ဂဇင်း၊ မိုးဝေ မဂ္ဂဇင်း တို့တွင် ကဗျာများ၊ ဆောင်းပါးများ ရေးသားခဲ့သည်။ လုံးချင်းစာအုပ်များအဖြစ် “တင်ဆွေမိုး' ကလောင်အမည်ဖြင့် ဧည့်ခံဟာသများ (၁၉၉၄)၊ ဧည့်ခံဟာသများ ၂ (၁၉၉၅)၊ ဧည့်ခံဟာသများ-ကြော်မိန်းမ (၁၉၉၅)၊ ဧည့်ခံဟာသများ-ကြေ ယောက်ျား (၁၉၉၆)၊ ဧည့်ခံဟာသများ ၅ (၁၉၉၈)၊ ဧည့်ခံဟာသများ ၆ (၂၀၀၀)၊ ဧည့်ခံဟာသများ ၇ (၂၀၀၃) အထိ ရေးသားခဲ့သည်။ ထိုနောက်ပိုင်းတွင် “တင်ဆွေမိုး” အမည် အသုံးပြုခွင့် မရဘဲ ပိတ်ပင်ခြင်းခံရသည်။ ထို့ကြောင့် “ဆွေလဲ့ရည်”၊ “မြင့်ဆွေဦး”အမည်များနှင့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဆက်လက်ရေးသားခဲ့သည်။ “ဆွေလဲ့ရည်”အမည်ဖြင့် ရေးသားခဲ့သောစာအုပ်များမှာ ချစ်ခြင်း၏ စာစု၊ စကားစုများ (၂၀၀၁)၊ အရိပ်နှစ်ခုနှင့် လူ (၂ဝဝ၂)၊ မမ်မီ (၂ဝဝ၂)၊ သည်းထိတ်ရင်ဖိုပုံပြင်များ (၂၀၀၃) စသည်တို့ ဖြစ်သည်။ “မြင့်ဆွေဦး” အမည်ဖြင့် ထုတ်ဝေခဲ့သော စာအုပ်များမှာ မြန်မာ့ဂန္ထဝင် ဟာသပုံပြင်များ၊ ဒရက်ကူလာနှင့် ကမ္ဘာ့ဂန္ထဝင် လျှို့ဝှက်ဆန်းကြယ်ဝတ္ထုများ (၂ဝဝ၇)၊ မျက်နှာနှစ်ခုနှင့်တစ္ဆေအပါအဝင် နိုင်ငံတကာတစ္ဆေပုံဝတ္ထုများ (၂၀၀၇)၊ ယောက်ျား၊ မိန်းမ ကျန်းမာရေးနှင့်အိမ်ထောင်ရေးဟာသများ (၂၀၀၉)၊ ဂျပန်ဟာသများ (၂ဝဝဝ)၊ ကြီးမားသော စိတ်ကူးအိပ်မက် (၂၀၁၅)၊ သမိုင်းကို ပြောင်းလဲစေသော မိန်းမများ (၂၀၁၇)၊ သမိုင်းနိဒါန်း စာနိဒါန်း (၂၀၂၀)၊ အမေ ဆိုသည်မှာ ... နှင့် အခြား အတွေးစာစုများ ( ? )၊ အာစာနည် အမှတ်တရ စာစုများ စုစည်းသူ] ( ? ) စသည်တို့ ဖြစ်သည်။ ထို့ပြင် ‘ကမ္ဘာ့ အထင်ကရ ပုဂ္ဂိုလ်များ” စာစဉ်အဖြစ် ဂရင်းညီနောင် ( ? )၊ ဂျူးလိစ်ဗန်း ( ? )၊ ပါဘလို ပီကာဆို ( ? ) စသည်တို့ကိုလည်းကောင်း၊ ကလေးများအတွက် လယ်သမားကြီး၏စနီး ( ? )၊ ကြက်မကြီး ဟက်တီ ( ? )၊ မိုးပေါ်က ကြယ်တာရာများ ( ? )၊ လူတစ်ယောက်နှင့် မြေခွေးတစ်ကောင်အကြောင်း ( ? ) တို့ကိုလည်းကောင်း ဘာသာပြန်ခဲ့သည်။ အသက် (၇၅) နှစ် အရွယ်၊ ၁၉ မေ ၂ဝ၂၄ နံနက် ၁၁:၁၅ နာရီတွင် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့သည်။