Failed to load image
မြသန်းတင့်၊ သိန်းဖေမြင့်
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
သိန်းဖေမြင့် [ ၁၉၁၄-၁၉၇၈ ] စစ်ကိုင်းတိုင်း မုံရွာခရိုင် ဘုတလင်မြို့၌ အဖ မြေတိုင်းစာရေး ဦးဘ၊ အမိ ဒေါ်မြင့်တို့က ၁၉၁၄ ခု ဇူလိုင် ၁ဝ ရက် သောကြာနေ့တွင် မွေးဖွားသည်။ ငယ်မည်မှာ ဘုတလင် ကျောင်းတွင် မောင်မြမောင်၊ အင်္ဂလိပ်-မြန်မာကျောင်းတွင်မူ မောင်သိန်းဖေ ဖြစ်သည်။ ဘုတလင်မြို့ ဦးဖိုးဉာဏ်ကျောင်းတွင် မူလတန်းပညာ၊ မုံရွာမြို့ အမျိုးသား ကျောင်းနှင့် ဗုဒ္ဓဘာသာကျောင်းတို့တွင် အထက်တန်းပညာ သင်ယူခဲ့သည်။ ၁၉၃၂ တွင် မုံရွာ ဗုဒ္ဓဘာသာ အထက်တန်းကျောင်းမှ ဒသမတန်းကို မြန်မာစာနှင့် သင်္ချာ ဂုဏ်ထူးဖြင့် အောင်သည်။ မန္တ လေး ဥပစာကောလိပ်(၁၉၃၂-၃၃)၊ ရန်ကုန်တက္ကသိုလ် (၁၉၃၃-၃၅) တွင် ဆက်လက်ပညာသင်ရာ ၁၉၃၅ တွင် ဝိဇ္ဇာဘွဲ့ရသည်။ ကလကတ္တား တက္ကသိုလ်တွင် ဥပဒေပညာနှင့် မဟာဝိဇ္ဇာ(ပါဠိ)(၁၉၃၈)ကို ဆည်းပူးခဲ့သည်။ ရန်ကုန်တက္ကသိုလ် နေ့ကျောင်းသားများ ကိုယ်စားလှယ်(၁၉၃၃-၃၄)၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင် (၁၉၃၄-၃၅)၊ တို့ဗမာအစည်းအရုံး တွဲဖက်အတွင်းရေးမှူး (၁၉၃၆-၃၇)၊ နဂါးနီ စာအုပ်အသင်း ပညာရေးအဖွဲ့ငယ် အမှုဆောင် (၁၉၃၇-၃၈)၊ “ယောက်ျားဂုဏ်ရည်' ရုပ်ရှင်ဒါရိုက်တာ(၁၉၃၉-၄ဝ)၊ ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုများ၏ စည်းရုံးရေးမှူး (၁၉၄၁-၄၂)၊ ဗမာပြည် ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး(အောက်တိုဘာ ၁၉၄၅ မှ ဇွန် ၁၉၄၆ ထိ)၊ ဖဆပလအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး (၁၉၄၆)၊ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဌာနဝန်ကြီး (၁၉၄၆)၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ နုတ်ထွက်(၁၉၄၈)၊ ပြည်သူ့ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး(၁၉၅၂)၊ ဘုတလင်မြို့နယ် ပမညတ အမတ်(၁၉၅၆)၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ(၁၉၅၆-၅၇၊ ၁၉၅၇-၅၈၊ ၁၉၆၂-၆၃)၊ ဗိုလ်တထောင် သတင်းစာ အယ်ဒီတာချုပ်နှင့် အုပ်ချုပ်မှု ဒါရိုက်တာ(၁၉၅၈ မှ-) စသည် တာဝန်ယူခဲ့၏။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်၊ မြန်မာ-တရုတ် မိတ်ဆွေဖြစ်အသင်းတို့တွင် ပါဝင်ခဲ့သည်။ စာရေးဆရာ၊ သတင်းစာဆရာနှင့် နိုင်ငံရေးသမားအဖြစ် အိန္ဒိယနိုင်ငံသို့ (၁၉၃၆၊ ၁၉၄၂၊ ၁၉၅၆)၊ တရုတ်နိုင်ငံသို့ (၁၉၄၂၊ ၁၉၅၂၊ ၁၉၅၆)၊ အီဂျစ်နိုင်ငံနှင့် အင်္ဂလန်သို့ (၁၉၅၇)၊ ဂျပန်၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံများသို့ (၁၉၆၁)၊ အမေရိကသို့ (၁၉၆၁)နှင့် ရုရှား၊ အရှေ့ဂျာမနီ၊ ရူမေးနီးယားသို့ (၁၉၆၂) သွားရောက်ခဲ့၏။ ဇန်နဝါရီ ၁၉၃၃ သူရိယသတင်းစာပါ “မန္တလေးအင်တာမီဒီယိတ် ခေါ် ဥပစာကျောင်း၌ အပိုမြန်မာစာ သင်ပြ ပို့ချသင့်ခြင်း” ဆောင်းပါးသည် ပထမ ပုံနှိပ်စာမူ ဖြစ်သည်။ ဝတ္ထုတို ရှည်၊ ဆောင်းပါး၊ ခရီးသွားစာပေ၊ အတ္ထုပ္ပတ္တိ၊ နိုင်ငံရေးစာပေနှင့် စာပေရေးရာများစွာ ရေးခဲ့သည်။ ထင်ရှားသော စာအုပ်များမှာ ဆရာလွန်းအတ္ထုပ္ပတ္တိ(၁၉၃၇)၊ တက်ဘုန်းကြီး(၁၉၃၇)၊ သပိတ်မှောက်ကျောင်းသား(၁၉၃၉)၊ တက်ခေတ်နတ်ဆိုး(၁၉၄ဝ)၊ ဦးစောဗိလပ်သွားပြဇာတ်(၁၉၄၁)၊ ဇာတ်ဆရာဦးဖိုးစိန်(၁၉၅၂)၊ စစ်အတွင်း ခရီးသည်(၁၉၅၃)၊ တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ(၁၉၅၆)၊ အရှေ့က နေဝန်းထွက်သည့်ပမာ(၁၉၅၈)၊ ကျော်ငြိမ်း(၁၉၆၁)၊ ဝတ္ထုတိုပေါင်းချုပ် (၁၉၆၆)၊ ဝိသေသတိုင်း သမိုင်းအစ(၁၉၆၇)၊ တိုက်ပွဲဝင်စာများ(၁၉၆၈)၊ သီတာပြုံး (၁၉၆၈)၊ တစ်ခုသောငွေရတုသဘင် (၁၉၇၃)နှင့် ၆ဝ ကျော်မှရေးသောဝတ္ထုများ(၁၉၇၈) တို့ ဖြစ်ကြသည်။ “အရှေ့ကနေဝန်းထွက်သည့်ပမာ' ဖြင့် စာပေဗိမာန် ဝတ္ထုရှည်ဆု (၁၉၅၈)၊ ‘ဝိသေသတိုင်း သမိုင်းအစ” ဖြင့် အမျိုးသားစာပေ စာပဒေသာ ပထမဆု (၁၉၆၇)၊ “သီတာပြုံး” ဖြင့် အမျိုးသားစာပေ ဝတ္ထုရှည် တတိယဆု(၁၉၆၈) ရရှိခဲ့သည်။ အင်္ဂလိပ်လို What Happened in Burma [Myanmar] နှင့် Over The Ashes တို့ကို ၁၉၄၃ တွင် အိန္ဒိယ၌ ရေးသားထုတ်ဝေခဲ့သည်။ သိန်းဖေမြင့် ကလောင်အမည်အပြင် ဝနေ ငဖေ၊ သိန်းနေနွယ်၊ တက္ကသိုလ် အကျော့၊ တစ်ကောင်ကြွက်၊ ဦးကျောက်လုံး၊ သိန်းဖေ၊ တက်ဘုန်းကြီး သိန်းဖေ၊ မောင်တူ စသည်တို့ကိုလည်း အသုံးပြု ရေးဖွဲ့ခဲ့သည်။ ၁၉၇၈ ခု ဇန်နဝါရီ ၁၅ ရက် တနင်္ဂနွေနေ့တွင် ကွယ်လွန်သည်။