Failed to load image
နန်းညွန့်ဆွေ
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
နန်းညွန့်ဆွေ [ ၁၉၂၃-၂၀၁၀ ] ပြည်ခရိုင် သဲကုန်းမြို့နယ် ဆင်မြီးဆွဲကျေးရွာအုပ်စု ရပ်သာရွာ၌ အဖ လယ်သမား ဦးသက်၊ အမိဒေါ်ရွှေဆိုင်တို့က ၁၉၂၃ ခု ဇွန်လ ၂၄ ရက် တနင်္ဂနွေနေ့တွင် မွေးဖွားသည်။ တစ်ဦးတည်းသောသား ဖြစ်၍၊ အမည်ရင်းမှာ ဦးအောင်သိန်း ဖြစ်သည်။ ငယ်စဉ်က ရပ်သာရွာ ဘုန်းကြီးကျောင်းတွင် စတင် ပညာသင်သည်။ ထို့နောက် ဆင်မြီးဆွဲ မူလတန်းကျောင်းတွင် စတုတ္ထတန်းအထိ သင်ယူသည်။ တစ်ဖန် သဲကုန်းမြို့အလယ်တန်းကျောင်း၊ ပုတီးကုန်းမြို့ အထက်တန်းကကျောင်းတို့တွင် ဆက်လက် ပညာသင်သည်။ ၁၉၄၃-၄၄ တွင် မြန်မာဆယ်တန်းi အောင်သည်။ စစ်အတွင်းတွင် ဘုန်းတော်ကြီးကျောင်းများသို့ ချဉ်းကပ်ကာ စာပေ၊ နက္ခတ်ဗေဒင်ပညာများကို ဆည်းပူးခဲ့သည်။ ၁၉၅၂ တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ရန်ကုန်သို့ ဆင်းလာပြီး၊ ဂျပန်ကျောင်းတက်ရင်း တရားရေးဝန်ကြီးရုံး၌ အောက်တန်းစာရေး အဖြစ် အမှုထမ်းသည်။ ၁၉၄၈-၅၃ တွင် ပထမပြန်ကြားရေးဌာန၊ ဒုတိယ ရုပ်ရှင်နှင့် ပြဇာတ်ဌာန တွင် ပြစက်ဆရာ၊ ရုပ်ရှင်အဖွဲ့ အရာရှိအဖြစ် ဆောင်ရွက်သည်။ ၁၉၅၃ မှသည် အငြိမ်းစား ယူသည်အထိ ယဉ်ကျေးမှု ဝန်ကြီးဌာန ယဉ်ကျေးမှုဗိမာန်တွင် သုတေသနမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေး ကာလတွင် ဆင်မြီးဆွဲသို့ ပြန်၍ အာရှလူငယ်အစည်းအရုံးတွင် ပါဝင် ဆောင်ရွက်သည်။ ၁၉၄၆-၄၇ တွင် ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင် ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ စာရေးဆရာအသင်း တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း အမှုဆောင်နှင့် ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သုတေသနအသင်း အလုပ်အမှုဆောင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၄ တွင် ဂရိတ်တားအေးရှား သတင်းစာ ကဗျာပြိုင်ပွဲတွင် ဆုငွေ ၂၅ ကျပ် ရရှိခဲ့သည်။ ၁၉၄၇ ခုနှစ် သီတင်းကျွတ် အထူးထုတ် မြန်မာ့အလင်း သတင်းစာ၌ “ပြည် မောင်ညွန့်”အမည်ဖြင့် သီတင်းကျွတ်လဖွဲ့ လေးချိုး ရေးပြီး စာပေလောကသို့ ဝင်သည်။ 'ရဝိနောင်”ကလောင်အမည်ဖြင့်လည်း ကဗျာများ ရေးသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးအောင်ပွဲ အထိမ်းအမှတ် ဗမာနိုင်ငံ လူငယ်များ အစည်းအရုံး ကဗျာပြိုင်ပွဲတွင် ရတုပိုဒ်စုံ တစ်ခုနှင့် ပြိုင်ပွဲဝင်ရာ စာအုပ်တစ်စုံ၊ ပတ်ကား ဖောင်တိန်တစ်ချောင်းနှင့် ငွေ ၃၃ ကျပ်ကို ဆုအဖြစ် ရရှိခဲ့သည်။ ၁၉၅ဝ ပြည့်နှစ် ဟံသာဝတီ သတင်းစာ မဂ္ဂဇင်းကဏ္ဍတွင် “နန်းညွန့်ဆွေ” ကလောင် အမည်ကို စတင် အသုံးပြုသည်။ မေတ္တာတေးသံကဗျာများ (၁၉၆၁)၊ စာဆိုမာန့် ကဗျာများ (၁၉၇၈)၊ ပုလဲမြိတ်စုံ ကဗျာများ (၁၉၉၅) တို့ကို ထုတ်ဝေခဲ့သည်။ဇာတ်သဘင် ဂီတသုခုမပညာ၌ ဝါသနာထုံသည့် အားလျော်စွာ စာပေဗိမာန် ပြည်သူ့လက်စွဲကစဉ်အဖြစ် ရွှေတိုင်ညွန့်၊ သဟာယဆရာတင်၊ မိုးဒေဝါ မလှရွှေ၊ အလင်္ကာကျော်စွာ ဦးဟန်ပ စသော အတ္ထုပ္ပတ္တိ စာအုပ်များကို ရေးခဲ့သည်။ ပြဇာတ် ဇာတ်ညွှန်း၊ အသံလွှင့်ဇာတ်ညွှန်း များကိုလည်း ပြုစုခဲ့ရာ ဇာတ်ဆရာ မောင်ကျောက်ခဲ (ဗိန်းဘုံဘွေ)၊ မြစေတီ၊ မဏိစောရ အသံလွှင့်ပြဇာတ်များ (၁၉၆၁) စာအုပ်မှာ ထင်ရှားသည်။ ဦးဂုဏ်ဘဏ်နှင့် တွဲဖက်၍ မြန်မာတူရိယာ ဂီတပညာ ၏ ပထမအဆင့် အခြေခံ ကြိုးသီချင်း တစ်ဆယ့်သုံးပုဒ် အဖွင့်နှင့် မြန်မာ တူရိယာ ဂီတပညာ၏ ဒုတိယအဆင့် အခြေခံ ကြိုးသီချင်း တစ်ဆယ့်ငါးပုဒ် အဖွင့်တို့ကိုလည်း တည်းဖြတ်ခဲ့သည်။ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်း သုတေသန ပညာရှင်တစ်ဦး ဖြစ်၍ စာနယ် ဇင်းတို့တွင် စာပေ၊ ယဉ်ကျေးမှု၊ သမိုင်း၊ အတ္ထုပ္ပတ္တိ ဆောင်းပါးများစွာ ရေးသား ခဲ့သည်။ ယင်းတို့အနက် အချို့ကို စုစည်း၍ စာပေရိပ်မြုံ (၁၉၆၆)၊ အနုပညာ အားမာန် (၁၉၉၆) နှင့် မြန်မာပြည် ဇာတ်လမ်းရှုပ်သမျှ၊ လောကဇာတ်ခုံ အဖုံဖုံအလီလီ [စာပေ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး ဘဝအတွေ့အကြုံ] (၂၀၁၃) [ဇနီး ကြည်ဦးနှင့် တွဲဖက်၍ ] ထုတ်ဝေခဲ့သည်။ “နိုင်ငံရေးသီချင်း”စာတမ်း၊ “ကုန်းဘောင် ခေတ် စာဆိုများ” စာတမ်း၊ ‘လက်ဝဲနော်ရထာနှင့် လက်ဝဲသုန္ဒရ ရှင်းတမ်း၊ ‘မြန်မာ့ယဉ်ကျေးမှုစာတမ်း”များမှာ ထင်ရှားသည့် စာတမ်းများ ဖြစ်ကြသည်။ လွှတ်တော်မှတ်တမ်း၊ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ ဦးကုလား မဟာရာဇဝင်၊ ဟံသာဝတီဆုံးမစာ ပေါင်းချုပ်ကြီး၊ မုဒုလက္ခဏပျို့၊ မင်္ဂလာစေတီမော်ကွန်း၊ ဇယဒီသပျို့၊ နဝရတ်ပျို့၊ မောင်းထောင်ဦးကျော်လှ သံချိုပေါင်းချုပ် တို့ကို တည်းဖြတ်ခဲ့သည်။ မဟာဂီတ ဟာသမဉ္ဇူရီအဖွင့်ကျမ်း၊ ခေတ်မီကဗျာဖွဲ့နည်း၊ နေမိတ္တက ဝိဇ္ဇာကျမ်း တို့ကိုလည်း ပြုစုခဲ့သည်။ အငြိမ်းစားယူပြီးနောက် ခေတ်ဟောင်း စာပေ၊ ဂီတ၊ ယဉ်ကျေးမှု၊ အတ္ထုပ္ပတ္တိဆောင်းပါးများကိုသာ ရေးသားခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် စာပေ ဟောပြောခဲ့သောကြောင့် စာပေရေးသားခွင့် ပိတ်ပင်ခံခဲ့ရသည်။ ထို့ကြောင့် ကွယ်လွန်ချိန်အထိ သုခမိန်၊ ရဝိနောင်”ကလောင်ခွဲများဖြင့် စာပေ ရေးသားခဲ့ရသည်။ ကဗျာပုဒ်ရေပေါင်း တစ်သောင်းနီးပါးခန့်နှင့် ဆောင်းပါး ဝတ္ထုပုဒ်ရေ ရှစ်ရာကျော်ခန့် ပြုစုခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၁၄ ရက် ညနေ ၄:၅၅ နာရီတွင် ရန်ကုန်မြို့ ရန်ကင်းနေအိမ်မှာ ကွယ်လွန်ခဲ့သည်။