Failed to load image
မောင်ဝဏ္ဏ
စာအုပ် 12 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
မောင်ဝဏ္ဏ [ ၁၉၄၇-၂ဝ၁၁ ] ရန်ကုန်မြို့တွင် အဖ ဦးဖေသန်း (သာဓု)၊ အမိ ဒေါ်ခင်ညိုတို့က ၁၉ ဇန်နဝါရီ ၁၉၄၇ တွင် မွေးဖွားသည်။ မွေးချင်း လေးယောက်တွင် အကြီးဆုံး ဖြစ်သည်။ ညီသုံးဦးမှာ သုမောင်၊ ရုပ်ရှင်သရုပ်ဆောင် ရူပ နှင့် မင်းလူတို့ ဖြစ်ကြသည်။ မူလ ဇာတာအမည်မှာ မောင်အောင်ကျော်မြင့် ဖြစ်သော်လည်း ကလောင်အမည် မောင်ဝဏ္ဏ သည်ပင်လျှင် အမည်ရင်းအဖြစ် တွင်သည်။ ၁၉၅၁-၅၂ တွင် စိန်ပေါလ် (ယခု ဗိုလ်တထောင် အ၊ ထ၊ က ၆) ကျောင်း၌ သူငယ်တန်းမှ စ၍ ပညာသင်သည်။ ၁၉၆၂-၆၃ တွင် ထိုကျောင်းမှ ဟိုက်စကူး ဖိုင်နယ် စာမေးပွဲအောင်သည်။ ၁၉၆၅-၆၆ တွင် စည်သူပညာ့ရိပ်သာမှ ဆယ်တန်းအောင်သည်။ ၁၉၆၆ တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက် ပညာသင်သည်။ ၁၉၇၀ တွင် ရန်ကုန်တက္ကသိုလ်မှ ဒဿနိကဗေဒ အထူးပြု ဝိဇ္ဇာဘွဲ့ ရသည်။ ၁၉၈၅ ဇန်နဝါရီမှ စ၍ ကလျာမဂ္ဂဇင်း အထွေထွေစာတည်း၊ နောင်တွင် အတိုင်ပင်ခံစာတည်း တာဝန်တို့ကို ယူခဲ့သည်။ ၁၉၈၈ တွင် စာပေလုပ်သား အဖွဲ့ အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဖခင်၏ ရုပ်ရှင်လုပ်ငန်းတွင် ၁၉၆၃ မှ စ၍ စက်အလုပ်သမားအဖြစ် ရုပ်ရှင်နယ်သို့ စတင် ဝင်ရောက်သည်။ ရုပ်ရှင်အသံဖမ်း အင်ဂျင်နီယာ၊ ဖလင် တည်းဖြတ်သူ စသည်ဖြင့် အခြေခံမှစပြီး လုပ်ကိုင်ခဲ့သည်။ ၁၉၆၈ တွင် “သိုင်းသမား” ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်း စ ရေးသည်။ ၁၉၇ဝ-၇၁ တွင် “ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ကို ဒါရိုက်တာအဖြစ် ရိုက်ကူးသည်။ ထို ဇာတ်ကားဖြင့်ပင် အကယ်ဒမီ ဒါရိုက်တာဆုကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ရုပ်ရှင်နယ်တွင် ဆက်လက်ကျင်လည်ခဲ့သည်။ ခြေဖဝါးတော်နုနု၊ ဇာခန်းဆီးနောက် ကွယ်မှာ၊ ပန်းနုရောင် မရင့်တရင့်၊ ပန်းတွေနဲ့ဝေ၊ နှောင်းတမြေ့မြေ့၊ ချစ်တဲ့ သူငယ်လေ၊ ကျွန်မကနွေ ကိုယ်က ဆောင်း၊ အချစ်သစ်ပင်၊ ချစ်ခြင်းငယ်ပြိုင်၊ မောင်စိန်သောင်း မနှင်းရည်၊ ခုနစ်စဉ်အလွမ်း၊ ခုနစ်အိမ်တန်းက မဂျမ်းဘုံ၊ ရယ်စရာ မောစရာ၊ ရင်ထဲက ဆောင်းရာသီ၊ ဓာတ်ခဲ၊ လွမ်းအောင်ရယ်တတ်သူ အပါအဝင် ရုပ်ရှင်ကား ၂ဝ ကျော်နှင့် ဗီဒီယိုဇာတ်ကားအချို့ကို ရိုက်ကူးခဲ့သည်။ ၁၉၉ဝ တွင် “ခုနစ်စဉ်အလွမ်း” ရုပ်ရှင်ကားနှင့် ဒါရိုက်တာ အကယ်ဒမီဆုကို ဒုတိယအကြိမ် ထပ်မံရရှိခဲ့သည်။ ၁၉၆၈ တွင် ဒဿနိကဌာနထုတ် “အတွေးအခေါ်” မဂ္ဂဇင်း၌ “ကားလမ်းဘေးက ဆိုင်းဘုတ်” ကဗျာကို “မောင်ဝဏ္ဏ”ကလောင်အမည် သုံးကာ စာပေနယ်သို့ ဝင်ခဲ့သည်။ ၁၉၇ဝ ခန့်တွင် ရုပ်ရှင်ဆောင်းပါးများ စတင် ရေးသည်။ ၁၉၇၂ ခုနှစ် နိုဝင်ဘာလထုတ် ရှုမဝ မဂ္ဂဇင်းတွင် “စိမ်းမိ-ငြိမ်း-ကျွန်တော်” ဝတ္ထုတိုကို စ ရေးသည်။ ပထမဆုံး လုံးချင်းဝတ္ထုမှာ ၁၉၇၆ ခုနှစ်တွင် ထုတ်ဝေသည့် ပန်း တွေနဲ့ဝေ ဖြစ်သည်။ ထို့နောက် ချစ်တဲ့သူငယ်လေ (၁၉၇၇)၊ စေ့စပ်ကြောင်းလမ်း ထိမ်းမြားလက်ထပ် ကွာရှင်းပြတ်စဲခြင်း (၁၉၇၉)၊ အရွယ်လွန် (၁၉၈၁)၊ ဒီလိုလေ မင်းကို ကိုယ် ချစ်တယ် (၁၉၈၃)၊ ချစ်နှင်းတဝေဝေ (၁၉၈၄)၊ လှပါတယ် မသီတာ (၁၉၈၄)၊ ချစ်ခင်စ မှော်ရုံမှာလေ (၁၉၈၅)၊ လွမ်းတယ် (၁၉၈၆)၊ ချစ်သော မနှင်းရည် (၁၉၈၈)၊ ရယ်စရာကောင်းနေသလား မသိဘူး စသည့် လုံးချင်းဝတ္ထု ၂ဝ ကျော်ခန့် ရေးခဲ့သည်။ “လှပါတယ် မသီတာ” ဝတ္ထုနှင့် ပတ်သက်၍ “ … ဝတ္ထုအတတ် ပညာပိုင်းနှင့် ဦးတည်ချက်ပိုင်း ထူးခြားချက်အရ မြန်မာဝတ္ထုများ တိုးတက် ဖြစ်ထွန်းမှု အစဉ်အလာကို ညွှန်းပြရာတွင် ထည့်သွင်း ဖော်ပြသင့်သည်ဟု “ ယူဆပါသဖြင့် ဤဝတ္ထုကို နှစ်ဆယ်ရာစု ရှစ်ဆယ်စု ကာလအတွင်း အညွှန်းများတွင် ထည့်သွင်းဖော်ပြရခြင်း” ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည်။ ဝတ္ထုတို၊ ဝတ္ထုရှည်များအပြင် ကျွန်တော်အူကြောင်ကျား၊ သူလိုကိုယ်လို မောင်ဝဏ္ဏ၊ မည်သည့်လူမျှ မျောက် မဟုတ်၊ ဒုက္ခကို မြိန်ရေရှက်ရေ ခံစားနေသော မောင်ဝဏ္ဏ စသော အက်ဆေးနှင့် အတွေးအမြင်ဆိုင်ရာ စာအုပ်များကိုလည်း ပြုစုခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၁ ရက် နံနက် ၄း၂ဝ နာရီတွင် ကွယ်လွန် ခဲ့သည်။