Failed to load image
အောင်လင်း
စာအုပ် 1 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
အောင်လင်း [ ၁၉၂၈-၁၉၈၄ ] ပခုက္ကူခရိုင် ရေစကြိုမြို့၌ အဖ အငြိမ်းစား ခရိုင်ရဲဝန်ထောက် ဦးဘရှိန်၊ အမိဒေါ်မြစ်(ဒေါ်ဒေါ်မြစ်)တို့က ၁၉၂၈ ခု မတ်လ ၃ဝ ရက် စနေနေ့ နံနက် ၉း၃ဝ နာရီတွင် မွေးဖွားခဲ့သည်။ မွေးချင်း နှစ်ဦးအနက် အငယ်ဆုံးဖြစ်သည်။ အမည်ရင်းမှာ ဦးတင်ဖေ ဖြစ်သည်။ ပခုက္ကူမြို့ ဝက်စလီယံကျောင်းတွင် ပညာသင်ယူခဲ့သည်။ ခုနစ်တန်း အရောက်တွင် ဒုတိယကမ္ဘာစစ် ဖြစ်ပွားသည်။ ၁၉၄၇ တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်သည်။ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ၁၉၄၈-၄၉ တွင် ကျောင်းသင်ခန်းစာ များထက် စာပေနှင့်ဂီတတွင် ဝါသနာပြင်းပြလှသဖြင့် တက္ကသိုလ်မှ ထွက်ခွာခဲ့သည်။ ဒုတိယကမ္ဘာစစ် ဖြစ်သောအခါ မြိုင်မြို့သို့ စစ်ပြေးခဲ့သည်။ ရေစကြိုမြို့ အာရှလူငယ် အစည်းအရုံး၊ ဂျပန်ခေတ်လူငယ်များ ကြီးပွားရေးအသင်းတို့တွင် ပါဝင်ခဲ့သည်။ နဂါးနီတိုက်ထုတ် စာအုပ်များ ဖတ်ရှု ခဲ့သည်။ သခင်မော်တင်နှင့် ရင်းနှီးခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင် ပခုက္ကူခရိုင် လူငယ်ခေါင်းဆောင် တစ်ဦးအဖြစ် လှုပ်ရှားခဲ့သည်။ နေသူရိန် အစည်းအဝေးသို့ ပခုက္ကူခရိုင် ကိုယ်စားလှယ်၊ အသက်အငယ်ဆုံး သခင်တစ်ဦးအဖြစ် တက်ရောက်ခဲ့သည်။ စစ်ပြီးခေတ်တွင် ဖဆပလနှင့် ကွန်မြူနစ်ပါတီ တို့တွင် ပါဝင်ခဲ့သည်။ အလံနီပါတီ တောခိုသောအခါ နိုင်ငံရေးနယ်မှ ထွက်ခဲ့သည်။ ၁၉၄၈-၄၉ ခုနှစ် ရန်ကုန်တက္ကသိုလ်က ကြီးမှူးကျင်းပသော ဂီတပြိုင်ပွဲတွင် ပတ္တလား ပထမဆု၊ မယ်ဒလင် ပထမဆုနှင့် တယော ဒုတိယဆု ရရှိခဲ့သည်။ ဆန်းသစ်၊ ဆန်းအဖွဲ့နှင့် တေးသစ်လွင် အပျော်တမ်း တူရိယာ အဖွဲ့များကို ဦးဆောင်၍ သီချင်းရေးသား အသံလွှင့်ခဲ့သည်။ သီချင်းပုဒ်ရေ ၆ဝ ကျော်ခန့် ရေးသားခဲ့ရာတွင် မေရှင် ဆိုသော“မေတ္တာရေလှိုင်း”၊ လီလီကြာညွန့် ဆိုသော“မေတ္တာရွှေစောင်း”၊ နွယ် ညီအစ်မများ ဆိုသော တေးပန်လွှာ” တို့မှာ ထင်ရှားခဲ့သည်။ ဂီတနက်သန် ကိုစောညိမ်း၏ “မိုးသက်လေနှင်” သီချင်းကို “တင်ဖေ” အမည်ဖြင့် သီဆိုခဲ့ရာ လူကြိုက်များ အောင်မြင် ခဲ့သည်။ ၁၉၄၇ မှ စ၍ “ပခုက္ကူအပုလေး”၊ “ရွှေကူတင်”၊ “တက္ကသိုလ်ငတိ”၊ “ဆူးညှောင့်” စသော ကလောင်အမည်များနှင့် စာများ ရေးသားခဲ့သည်။ နောက်ပိုင်းတွင် တော်လှန်ရေးအတွင်းက အသုံးပြုခဲ့သော အမည်ဝှက်“အောင်လင်း”ကို ကလောင် အမည် အဖြစ် ခံယူခဲ့သည်။ “စာပေသစ်မဂ္ဂဇင်း” တည်ထောင်သူများတွင် တစ်ဦး အပါအဝင် ဖြစ်ပြီး၊ ၎င်းမဂ္ဂဇင်းတွင် ထင်ရှားသော 'စာပေတရားခွင်” အခန်းကို တာဝန်ယူ ရေးသားခဲ့ရာမှ “စာပေသစ် အောင်လင်း”ဟု ထင်ရှားခဲ့သည်။ အစောပိုင်းတွင် စာပေ ဝေဖန်ရေးနှင့် သဘောတရားရေးရာ ဆောင်းပါးများ ရေးသားခဲ့ပြီး၊ နောက်ပိုင်းတွင်မှ ဝတ္ထုအများအပြား ရေးသားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ အတွင်းရေးမှူး (၁၉၆၁-၆၂) အဖြစ် ဆောင်ရွက်ခဲ့သည်။ စာရေးဆရာအသင်း၏ ပြဇာတ်များတွင် ဒါရိုက်တာ၊ သီချင်းရေးဆရာ၊ ဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ လုံးချင်းဝတ္ထုပေါင်း ၅ဝ ကျော် ရေးသားခဲ့ရာ ချစ်သံသရာ(၁၉၅၅)၊ နှောင်း သစ္စာ(၁၉၅၅)၊ ပစ်တိုင်းထောင် (၁၉၅၈)၊ လူမော်(၁၉၅၈)၊ နွေသဇင်(၁၉၅၉)၊ ဗေဒါ(၁၉၆ဝ)၊ အရိုင်းစံပယ်(၁၉၆ဝ)၊ မောင့်မမငြိမ်း(၁၉၆၁)၊ ရင်ပွင့်လေသောအခါ (၁၉၆၁)၊ တိမ်လွှာနှင့် မြေကြီး(၁၉၆၃)၊ ညပေါင်းငါးရာ(၁၉၆၈)၊ ခြေဖဝါးတော်နုနု (၁၉၆၈)၊ မန်ဒါလီ(၁၉၆၈)၊ ရွှေနှင့်ငွေ(၁၉၆၈)၊ ရွှေဝတ်မှုံ(၁၉၆၈) စိန်သို့မဟုတ်စိမ် (၁၉၇ဝ)၊ မြပုဏ္ဏမာ(၁၉၇၂)တို့မှာ ထင်ရှားသည်။ “အရိုင်းစံပယ်' ဖြင့် ၁၉၆ဝ ပြည့်နှစ် စာပေဗိမာန်ဆုကို ဗန်းမော်တင်အောင်၏ “မမကြီး”နှင့် တွဲဖက်ရရှိခဲ့သည်။ “ပစ်တိုင်းထောင်”ကို ရုရှား၊ ဥဇ္ဇဘက်ကစ္စတန်နှင့် ဂျာမန်ဘာသာများသို့ လည်းကောင်း ၊“ဗေဒါ”ကို ရုရှားဘာသာသို့ လည်းကောင်း၊ “အသေးအဖွဲကလေး”၊ “အိမ်တွင်းပုန်းမလေး”၊ “တစ်ခုသာလိုချင်သည်”၊ “သစ္စာရှင်မလေး”နှင့် “လူကြမ်းကလေး မောင်တာတေ” ဝတ္ထုတိုများကို ပြင်သစ်ဘာသာသို့ လည်းကောင်း ပြန်ဆိုခဲ့ကြသည်။ ရုပ်ရှင်နယ်သို့လည်း ဝင်ရောက်ခဲ့သည်။ ရန်ကုန်ဘဆွေနှင့်အတူ“မာန်” ကို ရိုက်ကူးခဲ့သည်။ “ဗေဒါ” တွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့သည်။ “လူမော်” ကို ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၄ ဇန်နဝါရီလ ၂၅ ရက် ဗုဒ္ဓဟူးနေ့ မွန်းတည့် ၁၂ နာရီတွင် ဖဆပလ တိုက်ခန်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။