Failed to load image
သုမောင်
စာအုပ် 12 အုပ်
လင့်များ
ကိုယ်ရေးအကျဉ်း
သုမောင် [ ၁၉၅၁-၂၀၁၀ ] ရန်ကုန်မြို့တွင် အဖ ဦးဖေသန်း (သာဓု)၊ အမိ ဒေါ်ခင်ညိုတို့က ၁၃ မတ် ၁၉၅၁ အင်္ဂါနေ့တွင် မွေးဖွားသည်။ မွေးချင်းလေးယောက်တွင် ဒုတိယမြောက် ဖြစ်သည်။ အစ်ကိုကြီးမှာ မောင်ဝဏ္ဏ ဖြစ်၍၊ ညီငယ် နှစ်ဦးမှာ ရုပ်ရှင်သရုပ်ဆောင် ရူပ နှင့် မင်းလူတို့ ဖြစ်ကြသည်။ ငယ်နာမည်နှင့် အမည်ရင်းမှာ မောင်ဗလ ဖြစ်သော်လည်း စာရေးဆရာ၊ ရုပ်ရှင်မင်းသား၊ အဆိုတော် တေးသံရှင် “သုမောင်”အမည်သည်ပင်လျှင် အမည်ရင်း အဖြစ် တွင်သည်။ ၁၉၅၅-၁၉၆၆တွင် စိန်ပေါလ် (ယခု ဗိုလ်တထောင် အထက ၆) ကျောင်း၌ သူငယ်တန်းမှ စ၍ အဋ္ဌမတန်း အောင်မြင်သည်အထိ ပညာသင်သည်။ ထို့ နောက် အင်ဂျင်နီယာတစ်ဦး ဖြစ်လိုသောဆန္ဒဖြင့် ရန်ကုန်မြို့ နတ်မောက်လမ်းအမှတ် (၁) စက်မှုလက်မှု အထက်တန်းကျောင်းသို့ ပြောင်းရွှေ့သင်ကြားခဲ့ရာ၊ ၁၉၆၉ တွင် ဒီဇယ်အင်ဂျင်နီယာသင်တန်း အောင်မြင်ခဲ့သည်။ ၁၉၇၁ တွင် ဂျီ၊ စီ၊ အီး (O Level) ဖြေဆို အောင်မြင်ခဲ့သော်လည်း ကျောင်းပညာရေးကို ဆက်လက် မသင်ယူတော့ဘဲ စာပေနှင့် အနုပညာနယ်ပယ်သို့ လုံးဝ ဝင်ရောက်ခဲ့သည်။ ယုဝတီဂျာနယ်တွင် စာပြင်ဆရာအဖြစ် လုပ်ကိုင်ရင်း ကဗျာတို၊ စာတို များ ရေးသားခဲ့သည်။ ကချင်မြေသန်းဆောင်နှင့်အတူ တစ်ကျပ်တန် ‘ဝတ်မှုန် မဂ္ဂဇင်းကို ၁၉၇ဝ တွင် ထုတ်သည်။ ယင်းမဂ္ဂဇင်းတွင် “အုပ်စိုး”ကလောင်အမည် နှင့် “သနပ်ခါးရည်ကျဲ” ဝတ္ထုတိုကို ရေး၍ စာရေးဆရာအဖြစ် စတင် ခြေလှမ်းခဲ့သည်။ ရှုမဝမဂ္ဂဇင်း (နိုဝင်ဘာ ၁၉၇၃) တွင် ဖော်ပြပါရှိသော “ငယ်အိပ်မက်” ဝတ္ထုတိုသည် “သုမောင်” ကလောင်အမည်ဖြင့် ရေးသည့် ပထမဆုံးလက်ရာ ဖြစ်သည်။ ၁၉၇၃ ဒီဇင်ဘာတွင် အချစ် အမည်ရှိ ပထမဆုံး လုံးချင်းဝတ္ထုကို ရေးသားထုတ်ဝေသည်။ လူငယ်များ၏ ရင်ထဲသို့ “အချစ်” ရောက်ရှိသွားပြီး နောက် အောင်မြင်သော စာရေးဆရာ ဖြစ်လာခဲ့သည်။ သိပ်ချစ်တယ် မဟုတ်လား (၁၉၇၆)၊ ပင်တိုင်စံ စိတ်မကောင်းပါဘူးကွယ် (၁၉၇၇)၊ အချစ် ငါမသိ(၁၉၇၈)၊ အချစ်ပွင့်ကလေးများ (၁၉၇၈)၊ အချစ်သစ်ပင် (၁၉၇၈)၊ အချစ်၏ နောက်ဆုံးနေ့များ (၁၉၇၉)၊ အကယ်ဒမီ (၁၉၈ဝ)၊ အချစ် ၁-၂-၃ (၁၉၈ဝ)၊ လ (၁၉၈၁)၊ အချစ်လား သူဖျားနေတယ် စသည့်ဝတ္ထုများ၊ ဝတ္ထုတိုပေါင်းချုပ် နှင့် အထွေထွေ ၁ဝ အုပ်ခန့်တို့ကို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ရှင်နေမင်းမှ ပေးသောစာ (၁၉၇၆) မှာမူ Pearl S. Buck ၏ Letter from Peking ကို တိုက်ရိုက် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ကွယ်လွန်ပြီးနောက် သာဓု ... သာဓု ... သာဓု (အောက်တိုဘာ ၂၀၁ဝ) ကို ထုတ်ဝေခဲ့သည်။ “အချစ် ၁-၂-၃” နှင့် စပ်လျဉ်း၍ “ဤဝတ္ထုသည် မြန်မာဝတ္ထု သမိုင်းကြောင်းတွင် စမ်းသပ်မှုတစ်ခုနှင့် ကြိုးစားမှုတစ်ခု ဖြစ်သည်ကိုကား အသိအမှတ်ပြုကြရမည်ဖြစ်သည်” ဟူ၍ မလိခက မှတ်ချက်ပေးသည်။ “သုမောင်” “အုပ်စိုး”အမည်များအပြင် “မဟူရာ ကိုရင်ဉေယျ”(ဘာသာရေးဆောင်းပါးများ)၊ မောင်ဗလ)(ကလေးကဗျာများ)၊ “စိန်ခြယ်”(ရုပ်ရှင်ဆောင်းပါးများ) ကလောင်အမည်များကို အသုံးပြု ရေးဖွဲ့သည်။ ၁၉၇၄ တွင် 'ချစ်စံနမူ” ရုပ်ရှင်ကားမှစ၍ ရုပ်ရှင်သရုပ်ဆောင်အဖြစ် စတင် ပါဝင်ခဲ့သည်။ နှောင်းတမြေ့မြေ့ (၁၉၇၄)၊ အကြင်တို့လင်မယား (၁၉၇၅)၊ အချစ်နှင့်သူ၏ကိုကို (၁၉၈၁)၊ မယ်မင်းကြီးမ (၁၉၈၇)၊ ခုနစ်စဉ်အလွမ်း (၁၉၈ဝ) စသည်ဖြင့် ရုပ်ရှင်ကားကြီး ၄၃ ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ “ငယ် သူငယ်ချင်း သုံးယောက် ရှိလေသည်”ကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။နောက်ဆုံး ပါဝင် သရုပ်ဆောင်သော ဇာတ်ကားမှာ “ဆဋ္ဌဂံ” ဖြစ်သည်။ ၁၉၉ဝ တွင် “ခုနစ်စဉ်အလွမ်း”ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင် အကယ်ဒမီဆုကို ရရှိခဲ့သည်။ အဆိုတော်အဖြစ်လည်း ထင်ရှားသူ သုမောင်သည် ၁၉၇၄ ခုနှစ်မှာပင် “နှောင်းတမြေ့မြေ့” ရုပ်ရှင်ဇာတ်ကား နောက်ခံတေး ပန်းဦးပန်မည့်သူ’သီချင်း ကို စတင်သီဆိုပြီး ဂီတနယ်သို့ ဝင်ရောက်ခဲ့သည်။ မြန်မာ့အသံဓာတ်ပြားနှင့် ပြင်ပကက်ဆက်ခွေပေါင်း ၁၈ဝ ကျော် သီဆိုဖြန့်ချိခဲ့သည်။ နောက်ဆုံးထုတ် တစ်ကိုယ်တော် တေးစီးရီးမှာ “စင်ပေါ်က သုမောင် (၁၉၉၅)”ဖြစ်သည်။ မန္တလေး FM တွင် “စကားမစပ်” အစီအစဉ်ကို တင်ဆက်လျက် ရှိသည်။ စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်အဖြစ် သုံးဘဝ၊ သုံးကိုယ်ခွဲ ကျင်လည်နေသော်လည်း “စာပေ၊ ရုပ်ရှင်၊ ဂီတသုံးမျိုးမှာ ကျွန်တော်က စာပေကို အမြတ်နိုးဆုံးပဲ။ စာရေးဆရာဖြစ်ရတာ ဂုဏ်ယူတယ်။ ကျွန်တော်က စာပေဆု ယူဦးမှာ” ဟူ၍ ဖွင့်ဟခဲ့သည်။ ၂ဝဝ၁ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလတွင် အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ် တက္ကသိုလ်တွင် ကျင်းပသော နိုင်ငံတကာ စာပေအလုပ်ရုံ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု စာရေးဆရာ အဖြစ် စာရေးဆရာမ မြနှောင်းညိုနှင့်အတူ တက်ရောက်ခဲ့သည်။ ၁၉၉၈ ခုနှစ်အတွက် မန္တလေး စာဖတ်သူအကြိုက် စာပေဆုကို ရွှေအမြုတေ မဂ္ဂဇင်းပါ မျိုးရိုးထဲမှ ဆိုးပေကြီးများ စာတွဲမှ ‘အဖေ၏အမေ”အမှတ် ၁၊ ၂၊ ၃ (ဆောင်းပါး သုံးပုဒ်) ဖြင့် ရရှိခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ် မေလ ၁၆ ရက် ညနေ ၉း၁၅ နာရီတွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။