ဒီနေ့ည ကျွန်တော်ပြောမယ့် အကြောင်းရပ်ကို 'ပြောက်ကျားစာရေးဆရာ' လို့ ခေါင်းတပ်ထားပါတယ်။ ခေါင်းတပ်ပုံက ထူးဆန်းနေပေမဲ့ အကြောင်းရပ်ကတော့ မထူးဆန်းလှပါဘူး။ သူလို ငါလိုသဘောပါပဲ။ ပြောက်ကျားဆိုတဲ့ စကားကို စာရေးဆရာဆိုတဲ့ စကားမှာ လာကပ်ထားတဲ့အတွက် အားနာစရာတော့ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြောက်ကျားဆိုတဲ့ စကားဟာ အခုခေတ်မှာ အများအားဖြင့် စစ်တိုက်ပုံတိုက်နည်းကိစ္စတွေမှာ သုံးစွဲပြောဆိုနေကြတဲ့ စကားဖြစ်နေလို့ပါပဲ။ ပြောက်ကျားဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို စစ်တိုက်ပုံ တိုက်နည်းကိစ္စတွေမှာ ဘယ်လိုနားလည်ကြသလဲ။ ကျွန်တော်နားလည်တာကတော့ တောအုံတောင်ကမ်းကြီးတဲ့ အရပ်များမှာ အရွယ် အအုပ်အငယ် အများအပြား ဖွဲ့စည်းပြီး အလစ်ဝင်တိုက်လိုက်၊ တောရိပ်တောင်ရိပ်ခိုနေလိုက်၊ ဒီလိုတိုက်ပုံမျိုးလို့ ဆိုကြတာကို ကြားဖူးတော့ ဒီလိုပဲ နားလည်ခဲ့တယ်။
ထိုနည်းလည်းကောင်းပဲ စာပေလောကမှာလည်း စာရေးဆရာအလုပ်ကို အချိန်ပြည့်မလုပ်ဘဲ စာရေးဆရာအလုပ်မဟုတ်တဲ့ အခြားအလုပ်တစ်ခုခုကို လုပ်ရင်း၊ စိတ်ပေါက်ကပေါက်ရှိလာရင် စာရေးလိုက်၊ မရေးချင်တဲ့အခါ မရေးဘဲနေလိုက်၊ ရေးလိုက္ရုံလုပ်လိုက်၊ ရပ်လိုက်နေလိုက်နဲ့ တေ့ပိုင်တေ့ပိုင်စာရေးလေ့ရှိတဲ့ စာရေးဆရာရဲ့သဘောဟာလည်း ပြောက်ကျားသဘောမျိုးပဲလို့ ထင်မိပါတယ်။ ဒါကြောင့်မို့ ဒီလိုစာရေးဆရာမျိုးကို ပြောက်ကျားစာရေးဆရာလို့ ခေါ်လိုက်ခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် စာရေးဆရာအလုပ်မဟုတ်တဲ့ အခြားအလုပ်တစ်ခုခုကို လုပ်ကိုင်ရင်း ဝါသနာအလျောက် စာရေးနေကြတဲ့သူတွေကို ဆိုလိုပါတယ်။ အဲဒါဟာ ကျွန်တော်ပေးလိုတဲ့ အဓိပ္ပာယ်ပါပဲ။
ပြောက်ကျားစာရေးဆရာများအကြောင်းနဲ့ ပတ်သက်ပြီး အချက် ၂ ချက်ကို ကျွန်တော် တင်ပြလိုပါတယ်။
တစ်ချက်ကတော့ စာပေလောကဆိုတဲ့ ဇာတ်ခုံမှာ ပြောက်ကျားစာရေးဆရာတွေ ပါဝင်ကပြခဲ့ကြတဲ့ အခန်းဟာ အရေးပါအရာရောက်ခဲ့တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ မြန်မာစာပေသမိုင်းကို ပြန်ကြည့်ပါ။ ယနေ့အထိ ရပ်တည်နေတဲ့ မြန်မာစာပေလောကဟာ အများအားဖြင့် ပြောက်ကျားစာဆိုတွေ တည်ဆောက်ခဲ့တဲ့ စာပေလောကကဖြစ်နေတယ်ဆိုတာကို တွေ့ရပါတယ်။ ဗန်းပြအနေနဲ့ သာဓကတင်ရမယ်ဆိုရင် အင်း၀ခေတ်မှာ ကျော်စောခဲ့တဲ့ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ အစရှိသော စာဆိုကြီးများမှစ၍ ကျွန်တော်တို့ရဲ့ ခေတ်မှာ ကျော်စောကြတဲ့ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ သခင်ကိုယ်တော်မှိုင်းအစရှိသော ပုဂ္ဂိုလ်များအထိ ပြောက်ကျားနည်း အသုံးများတာကို တွေ့ရပါတယ်။ ရဟန်းစာဆိုကြီးတွေဆိုရင် ရဟန်းဖြစ်သည်နှင့်အညီ ဂန္ထဓူရ ဝိပဿနာဓူရ အစရှိတဲ့ လောကုတ္တရာအလုပ်တွေကိုလည်း တစ်ဖက်က လုပ်ကြရပါတယ်။ ကြီးကြီးမားမား လောကီမှုကိစ္စတွေမှာလည်း ပါဝင်ဆောင်ရွက်ကြရပါတယ်။ ကြီးကြီးမားမား စစ်မှုရေးရာ ကိစ္စတွေမှာလည်း လိုက်ပါဆောင်ရွက်ခဲ့ရပါတယ်။ ဒီကြားထဲမှာ ပျို့လင်္ကာတွေကိုလည်း ရေးခဲ့ကြပါတယ်။ ရှင်မဟာသီလဝံသဆိုရင် ပါရမီခန်း၊ ဆုတောင်းခန်း အစရှိတဲ့ ကဗျာများကို ရေးခဲ့ပါတယ်။ ရှင်မဟာရဋ္ဌသာရဆိုရင်လည်း ဘူရိဒတ်၊ သံဝရ ကိုးခန်းအစရှိတဲ့ ကဗျာများကို ရေးခဲ့ပါတယ်။ လူစာဆိုတွေဘက်ကို ကြည့်ပါဦး။ နဝဒေးကြီးဆိုရင် မင်းမှုထမ်းပဲ။ မင်းမှုထမ်းရင်း ရတုတွေ ရေးခဲ့ပါတယ်။ နတ်သျှင်နောင်ဆိုရင်လည်း တောင်ငူမှာ မင်းပြုခဲ့တယ်။ သူလည်း ကောင်းပေဆွဆိုတဲ့ ရတုတွေကို ရေးခဲ့တယ်။ ဝန်ကြီးပဒေသရာဇာဆိုရင်လည်း ဒီလိုပဲ။ စိန္တကျော်သူဆိုရင်လည်း ဒီလိုပဲ။ နောက်ဆုံး ကျွန်တော်တို့ခေတ်မှာတောင် စာရေးဆရာတွေဟာ သတင်းစာအယ်ဒီတာအလုပ်၊ မဂ္ဂဇင်းအယ်ဒီတာအလုပ်၊ ကျောင်းဆရာ အလုပ်တွေကိုလုပ်ရင်း၊ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ ဘာသာပြန်စသည်တို့ကို ရေးခဲ့ကြပါတယ်။ လယ်တီပဏ္ဍိတတို့၊ သခင်ကိုယ်တော်မှိုင်းတို့၊ ပီမိုးနင်းတို့ဟာ သာကေတွေပါပဲ။
ဒါတွေကတော့ မြန်မာစာပေလောကထဲက သာဓကတွေဖြစ်ပါတယ်။ နိုင်ငံခြားစာပေလောကထဲက သာဓကတွေလည်း ကြည့်ကြပါဦး။ ဥပမာ အင်္ဂလိပ်စာပေသမိုင်းကို ကြည့်ပါ။ ၁၈၀၀ ပြည့်နှစ်လောက်အထိဆိုရင် အင်္ဂလိပ်စာပေလောကဟာ ပြောက်ကျားနည်းနဲ့ပဲ ဖြစ်ပေါ်လာတာကို တွေ့ရလိမ့်မယ်။ ၁၈၀၀ ရဲ့ နောက်ပိုင်းမှာတောင် စာရေးဆရာအလုပ်ကို အချိန်ပြည့် လုပ်နိုင်တဲ့ စာရေးဆရာဦးရေဟာ အင်မတန် နည်းပါတယ်။ ပြောက်ကျားတွေကသာ များတာကို တွေ့နိုင်ပါလိမ့်မယ်။ ယခုအခါများမှာ လူဦးရေကလည်းများ၊ စာရေးစာဖတ်တတ်သူဦးရေကလည်း ရာခိုင်နှုန်းအပြည့်များ၊ ဝယ်ဖတ်နိုင်စွမ်းရှိသူ လူဦးရေကလည်းများ။ ဒီလိုများတဲ့ ဗြိတိသျှအင်ပါယာတို့၊ ဆိုဗီယက်ရုရှားတို့၊ အမေရိကန်တို့၊ ဂျပန်နိုင်ငံတို့ကလွဲရင် ကျန်တဲ့အနောက်နိုင်ငံများမှာတောင် စာရေးဆရာအလုပ်ကို အချိန်ပြည့်လုပ်နိုင်တဲ့ စာရေးဆရာဦးရေဟာ အတော်နည်းနေသေးတာကို တွေ့ရလိမ့်မယ်။ ပြောက်ကျားတွေက ဝိုင်းပြီး မြေတောင်မြှောက်ပေးနေကြတာသာ များပါတယ်။ ဒါကြောင့်မို့လို့ စာပေလောကဆိုတဲ့ ဇာတ်ခုံမှာ ပြောက်ကျားစာရေးဆရာတွေ ပါဝင်ကပြနေကြတဲ့ အခန်းဟာ အရေးပါ အရာရောက်တယ်လို့ ပြောခြင်းဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ တခြားဟာမဟုတ်ပါဘူး။ ကျွန်တော်တို့တိုင်းပြည်မှာ လက်ရှိ မြန်မာစာပေယဉ်ကျေးမှုအခြေအနေအရ စာကောင်းပေကောင်းထွက်ပေါ်နိုင်ရေးအတွက် ပြောက်ကျားနည်းဟာလည်း နည်းကောင်းတစ်ခုပဲလို့ဆိုချင်တဲ့အချက် ဖြစ်ပါတယ်။ လက်ရှိ မြန်မာစာပေယဉ်ကျေးမှု အခြေအနေဆိုတာဟာ ဘာလဲ။ ဒါကတော့ တခြားမဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ လူဦးရေကလည်း သန်းနှစ်ဆယ်တောင် မပြည့်သေးဘူး။ ဒီထဲမှာ စာရေးစာဖတ်တတ်သူဦးရေကလည်း မများလှသေးဘူး။ ဒီလိုမများလှသေးတဲ့ထဲမှာ စာဖတ်ဝါသနာပါသူ လူဦးရေကလည်း အတန်အသင့်ပဲ ရှိသေးတယ်။ တစ်ခါ ဒီလို အတန်အသင့်လေးသာ ရှိသေးတဲ့ထဲမှာ စာအုပ်ကောင်းတစ်အုပ်ကို အဖိုးစားနားပေးပြီး ဝယ်ဖတ်နိုင်စွမ်းရှိတဲ့လူဦးရေကလည်း ဘယ်လောက်ရှိဦးမှာလဲ။ ပြောပလောက်အောင် ရှိဦးမယ်မထင်မိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝတ္ထုကောင်းတစ်ပုဒ်၊ ကဗျာကောင်းတစ်အုပ်ကို ပုံနှိပ်တဲ့အခါ အများအားဖြင့် အုပ်ရေသုံးထောင်ကျော်လောက် ပုံနှိပ်နိုင်ရင် ကံကောင်းလှပြီလို့ ပြောကြားတာကို ခဏခဏ ကြားရပါတယ်။ ဒီသုံးထောင်ကျော်လောက်ကိုတောင် သုံးလေးနှစ်လောက်ဆိုင်ပြီး ရောင်းကြရတယ်လို့လည်း သိရပါတယ်။ ဒါဟာ လက်ရှိမြန်မာစာပေယဉ်ကျေးမှု အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စာရေးဆရာအလုပ်ကို အချိန်ပြည့်လုပ်မယ့် စာရေးဆရာတစ်ဦးဟာ စာကောင်းပေကောင်းကိုချည်း ဘယ်ရေးနိုင်တော့မှာလဲ။ ဒါကြောင့်မို့လို့ လက်ရှိမြန်မာစာပေယဉ်ကျေးမှုအခြေအနေအရ ပြောက်ကျားနည်းဟာလည်း နည်းကောင်းတစ်ခုပဲလို့ ဆိုခဲ့ခြင်းဖြစ်ပါတယ်။
တစ်လောက စာကောင်းပေကောင်း ထွက်နိုင်ရေးနဲ့ ပတ်သက်ပြီး စာရေးဆရာများဖြစ်ကြတဲ့ ကိုအောင်လင်းနဲ့ ကိုတင်တယ်တို့ အပြန်အလှန်ရေးကြတာကို ကြေးမုံသတင်းစာမှာ ဖတ်လိုက်ရတယ်။ ကိုအောင်လင်းက အခုအခါမှာ ဝတ္ထုရေးဆရာတွေဟာ ဆူးလေဘုရားလမ်းဘေးရှိ ရပ်ရှင်ရပ်ကွက်၊ အင်္ဂလိပ်စာအုပ်ဆိုင်တွေရဲ့ ပတ်ဝန်းကျင်မှာသာ ကျက်စားရင်း ရပ်ရှင်တွေ၊ အင်္ဂလိပ်ဝတ္ထုတွေထဲက ဇာတ်လမ်းတွေယူပြီး ဝတ္ထုရေးနေကြတာက များတယ်။ ပတ်ဝန်းကျင်ဘဝ လေ့လာမှုက နည်းလှတယ်လို့ ညည်းတွားရှာတယ်။ ဒီအခါမှာ ကိုတင်တယ်က “ကိုအောင်လင်းရယ်... ဘဝကို လေ့လာပြီး ကျွန်တော်လည်း စာရေးချင်ပါရဲ့။ ဒီလိုရေးနိုင်မှ စာကောင်းပေကောင်း ထွက်နိုင်မယ်ဆိုတာကိုလည်း ကျွန်တော်သိပါရဲ့။ ဒါပေမဲ့ ဒီလိုစာမျိုးကိုချည်း ရေးရမယ်ဆိုရင် ခါနပ်ရိမ်းလိမ့်မယ်ဗျာ” လို့ ကိုတင်တယ်ကလည်း ပြန်ညည်းရှာတယ်။
ဟုတ်တယ်။ သူတို့ နှစ်ဦးစလုံးပြောကြတဲ့ စကားတွေဟာ စာကောင်းပေကောင်းပေါ်ထွက်ရေးအတွက် စေတနာကောင်းနဲ့ပြောတဲ့ စကားတွေဖြစ်တယ်။ လက်ရှိ မြန်မာစာပေယဉ်ကျေးမှုအခြေအနေအတွက် မှန်ကန်တဲ့ စကားတွေလည်း ဖြစ်တယ်လို့ ယူဆမိတယ်။ စာရေးဆရာအလုပ်ကို ကြောင့်ကြမဲ့ အချိန်ပြည့်ဆောင်ရွက်နိုင်ခြင်းလည်း ရှိမယ်၊ စာကောင်းပေကောင်း ခပ်များများရေးနိုင်ခြင်းလည်း ရှိမယ်ဆိုရင်တော့ အကောင်းဆုံးပဲ။ အကောင်းဆုံးကို မတတ်နိုင်သေးတဲ့အခါမှာ တစ်ထစ်လျော့ဆင်းပြီး ပြောက်ကျားနည်းကိုသုံးရင်ကော ဘယ်နှယ်နေမလဲ။ စဉ်းစားစရာပင်။ ဝါသနာအလျောက် ရေးကြတဲ့သူများ အဖို့မှာတော့ ပြောက်ကျားနည်းလောက်ကောင်းတဲ့နည်း မရှိဘူးလို့ ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရှေးက မြန်မာစာဆိုများဟာ ပြောက်ကျားနည်းကို သုံးပြီး လက်ရာကောင်းတွေကို ထားနိုင်ခဲ့ကြတဲ့ သက်သေတွေကလည်း ထင်ရှားနေတယ်။ နောက်ပြီးတော့ ဒီပြောက်ကျားနည်းဟာ လက်ရှိမြန်မာစာပေ ယဉ်ကျေးမှု အခြေအနေနဲ့ အသင့်တော်ဆုံး ဖြစ်နေတဲ့အတွက် စာကောင်းပေကောင်း ခပ်များများထွက်နိုင်လောက်အောင် ပြုစွမ်းနိုင်တဲ့ အင်ကြီးအားကြီး မဟုတ်သော်လည်း စာကောင်းပေကောင်း အသင့်အတင့် ထွက်ပေါ်နိုင်ရေးကို အကောင်အထည်ဖော်ပေးနိုင်တဲ့ နည်းတစ်ခုလည်း ဖြစ်တယ်လို့ ယူဆမိသောကြောင့် ဖြစ်ပါသည်။

General
၂၀၂၅ နိုဝင်ဘာ ၂၇
ပြောက်ကျားစာရေးဆရာ
ဆ
ဆရာဇော်ဂျီ
ဆောင်းပါးရေးသားသူ
ဆောင်းပါးရေးသူအကြောင်း
ဆ
ဆရာဇော်ဂျီ
ကိုယ်ရေးအကျဉ်းအား အမည်ကိုနှိပ်၍ ဖတ်ရှုနိုင်ပါသည်။
ဆက်စပ်ဆောင်းပါးများ
တင်ထားသော ဆောင်းပါးများမရှိသေးပါ။