
သုံးပြည်ထောင် အတွဲ (၁)
စာရေးသူ - မောင်ရှင်
အကျဉ်းချုပ်
ဤဝတ္ထုကိုဘာသာပြန်ရာတွင် ကြီးမားသောစိန်ခေါ်မှုမှာ တရုတ်ရှေး ပဒေသရာဇ်ခေတ်က ရာထူးဌာနန္တရများအား မြန်မာမှုပြုခြင်းပင်။ ယင်းရာထူး များကို ယခုခေတ်တရုတ်ပြည်တွင်လည်း မသုံးတော့ပေ။ သို့ဖြစ်ရာ ဘာသာ ပြန်သူသည် လိုက်လျောညီထွေမှုရှိစိမ့်ငှာ ဆရာမျှားနီလက်ဆောင်ပေးသော ရွှေနန်းသုံးဝေါဟာရအဘိဓာန် (ဦးမောင်မောင်တင်(၁) K.S.M.A.T.M သာသနာရေး ဦးစီးဌာန၊ ၁၉၇၅)၊ မြန်မာမဟာ မင်္ဂလာမင်းခမ်းတော်၊ စာရေး တော်ကြီး ဦးရာကျော်(၁၉၆၈)၊ နန်းဓလေ့ မှတ်တမ်းများ၊ မြကေတု၊ ဒီဇင်ဘာ ၁၉၆၆ စသည့်အဖိုးတန်စာအုပ်များကို မှီငြမ်း၍ အဓိပ္ပာယ်ချင်း နီးစပ်နိုင်သမျှ နီးစပ်အောင် ချိန်ဆစိစစ်ကာ ဘာသာပြန်ထားပါသည်။ ထို့ပြင် အခြားစိန်ခေါ်မှု တစ်ခုမှာ ဝတ္ထုဇာတ်လမ်းအား ပိုမိုလေးနက်စေရန် ဆိုင်ရာ အခန်းများ တွင် အလျဉ်းသင့်သလိုထည့်သွင်းထားသည့် တရုတ်ရှေးကဗျာ ၁၉၂ ပုဒ်ဖြစ်ပါသည်။ ယင်းတရုတ်ရှေးကဗျာများအား ဘာသာပြန်ဆို ရသည်မှာ ဘောင် မကျော်အောင်၊ အံဝင်အောင်၊ မြန်မာဘာသာစကား၊ နောက်ခံယဉ်ကျေးမှု ဓလေ့နှင့်လည်း ကိုက်ညီအောင်၊ ရှေးမူဆန်အောင်ဆိုပြီး အင်းဝခေတ်၊ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဌသာရ၊ ရှင်တေဇောသာရ၊ ရှင်အုန်းညို တို့စပ်ဆိုခဲ့ကြသည့် ရတု ပုံစံမျိုးဖြင့် သတိထားဖွဲ့ဆိုရပြန်၏။ ဤသို့ပြန်ဆိုရင်း တတ်သမျှ၊ မှတ်သမျှ သံပေါက်၊ လေးလုံးစပ်၊ ဒွေးချိုး . . . စသည့်စပ်နည်းတို့ပင် မလုံ လောက်တော့ရာ မလွှဲသာသည့်အဆုံး၌ တချို့ကဗျာကို ကာရန် စပ်ထုံးမှ ဖောက်ထွက်ပြီး ရေးဖွဲ့လိုက်ရသဖြင့် ဘာသာပြန်သူ၏ အားနည်းချက်လည်း ဖြစ်တန်ရာ၏။
ဤဝတ္ထုကို တရုတ်ပြည်မ “ပြည်သူ့စာပေပုံနှိပ်တိုက် (AEX 學出版社People's Literature Publishing House) ခုနှစ် (၇၈) ကြိမ်မြောက် နောက်ဆုံးထုတ်ဝေသော “သုံးပြည်ထောင်”ဝတ္ထု ပ-ဒုတွဲအား တရုတ်ဘာသာမှ တိုက်ရိုက်ပြန်ဆိုထားပါသည်။ အကယ်၍ မှားယွင်းမှုနှင့် ချွတ်ချော်မှု တစ်စုံတစ်ရာရှိပါက သည်းခံခွင့်လွှတ်ကြပါရန် တောင်းပန်အပ်ပါသည်။
သုံးပြည်ထောင်၊ သုံးပြည်ထောင်ခေတ်၊ ထီးပြိုင်နန်းပြိုင် သုံးနိုင်ငံစသည့် အမည်များကို ထည့်သွင်းစဉ်းစားခဲ့သော်လည်း နောက်ဆုံး၌ ဘာသာ ပြန်သူ၏ တူလေး ကိုမင်းသိန်း၏ အကြံပေးချက်အတိုင်း “သုံးပြည်ထောင်” အမည်ကို ရွေးချယ်သုံးစွဲလိုက်ပါသည်။
ဘာသာပြန်ဆိုရာတွင် မည်သို့ပင်အခက်အခဲများ ကြုံတွေ့ခဲ့ရလင့်ကစား တရုတ်ရှေးဂန္ထဝင် ဝတ္ထုရှည်လေးအုပ်အနက် နောက်ဆုံးကျန်သေးသည့် “သုံးပြည်ထောင်”ဂန္ထဝင် ဝတ္ထုအား မြန်မာစာပေလောကအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ဖြည့်ဆည်းပေးလိုက်ပါသည်။