
မန္တလေးဝန်းကျင်က သမိုင်းဝင်နေရာများ
စာရေးသူ - ရန်နောင်စိုး (ထားဝယ်)
အကျဉ်းချုပ်
ကျွန်မတို့တိုင်းပြည်မှာ အင်တာနက်သုံးခွင့် လွယ်ကူသက်သာလာတော့ ဆက်သွယ်ရေး လမ်းကြောင်းတွေလည်း အဆုံးအစမရှိ ရှည်လျားစွာ ပေါ်ပေါက်လာပါတယ်။ ဟိုဒီ လမ်းသလား နေရင်းက ရန်နောင်စိုးဆိုတဲ့ ကျွန်မအသက်နဲ့စာရင် ချာတိတ်လေးတစ်ယောက်ကို လမ်းမတစ်ခု ပေါ်မှာ ဆုံခဲ့ရပါတယ်။ သူ့ဓာတ်ပုံအရ ရိုးစင်းတဲ့ မျက်နှာပေးလေးနဲ့။
သူ တစိုက်မတ်မတ် လျှောက်နေတဲ့လမ်းကလည်း ကျွန်မ အင်မတန်မှ စူးစမ်းသိချင် နေတဲ့ ရှေးဟောင်းမြန်မာမှုတွေကို ရှာဖွေလေ့လာခြင်းဆိုတော့ ချက်ချင်းပဲ မိတ်ဆွေဖွဲ့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ဆိုရှယ်လစ်အုတ်တံတိုင်းကြီးနဲ့ ၂၆ နှစ်တာ ခတ်ထားခဲ့တာဆိုတော့ နိုင်ငံတကာသိကြတာက ဆင်းရဲတဲ့တိုင်းပြည်မို့ လူတွေကိုလည်း ဒုစရိုက်သားတွေချည်းပဲလို့ အထင်ခံရပါတယ်။ သေသေချာချာမသိဘဲ ရမ်းပြီးစွပ်စွဲ အထင်သေးခံရတာကို ခံပြင်းတာ ကြောင့် မြန်မာမှုအလုံးစုံနဲ့ အထူးသဖြင့် မြန်မာနိုင်ငံသားတွေက စိတ်စေတနာ၊ စာနာမှု၊ ဟာသဉာဏ်၊ ပင်ကိုဖြောင့်မတ်မှုနဲ့ လက်ဖြန့်ခံရမှာရှက်တဲ့ မာနတွေရှိကြတယ်ဆိုတာကို သိနိုင်အောင် အင်္ဂလိပ်လို ဆောင်းပါးတွေ၊ စာအုပ်တွေကို ၁၉၉၄ ခုနှစ်ကတည်းက ရေးသား ထုတ်ဝေခဲ့ပါတယ်။
ကျွန်မက ပညာရှင်လည်းမဟုတ် ပညာရပ်အနေနဲ့ လေ့လာသူတွေကိုလည်း ရည်ရွယ် ပြီး ရေးတာမဟုတ်လေတော့ အကြောင်းအရာက ဘာဖြစ်နေနေ သမိုင်းကြောင်းအရ ပတ်သက် ခဲ့သူတွေနဲ့ လက်ရှိ အနီးအနားဒေသခံလူတွေရဲ့ နေထိုင်မှုစရိုက်၊ ပြောဟန်ဆိုဟန်၊ စားသောက် ကြပုံ စသဖြင့် ကိုယ်ကိုယ်တိုင်လည်း သိပ်ကြည်နူးမိတာမို့ သူတစ်ပါး စာဖတ်သူ တစိမ်းတရံ တွေကိုလည်း မျှဝေခဲ့ပါတယ်။
ရန်နောင်စိုးလည်း ဒီသဘောတွေရှိတယ်ဆိုတာကို မြင်ရတော့ အလွန်အမင်း ပီတိဖြစ်ရပါတယ်။ရန်နောင်စိုးက စေ့စေ့စပ်စပ် သေချာစွာ လေ့လာမှတ်တမ်းတင်တတ်သလို ဘယ်လောက်ခက်ခဲတဲ့ နေရာဖြစ်ဖြစ် သတင်းအစအနရတာနဲ့ ရောက်ဖြစ်အောင် ရောက်ဖို့ ကြိုးစားပါတော့တယ်။ ကုန်းတစ်တန် ရေတစ်တန် တစ်ခါတလေ လမ်းကြမ်းတောင်စောင်း ကနေ မော်တော်ဆိုင်ကယ်စီးပြီး ချောင်းဖြတ် နွံကျော် ရောက်အောင်သွားတတ်ပါတယ်။ သူ့ကျေးဇူးကြောင့် မကြားဖူးတဲ့ ရှေးဟောင်းစေတီ ဘုန်းကြီးကျောင်း မှူးမတ်နေအိမ် အဆောက် အဦး စသဖြင့် သမိုင်းကြောင်းနဲ့အတူ သိခွင့်ရတာလည်း အလွန်များပြားပါတယ်။ လေးစားစရာ ကောင်းတဲ့၊ တန်ဖိုးမဖြတ်နိုင်တဲ့ ဝီရိယနဲ့ စေတနာပါ။ အထူးပဲ ကျေးဇူးတင်ရပါတယ်။