
ဗီယက်နမ် လူထု ရိုးရာပုံပြင်များ (လှေသမားလေးရဲ့ ပလွေသံ)
စာရေးသူ - ကျော်ရင်မြင့်
အကျဉ်းချုပ်
လူချင်းအတူတူပဲလို့ ပြောနိုင်ပေမယ့် အချို့လူမျိုးက ကပ်စေးနှဲတာ၊ အချို့လူမျိုးက အတ္တကို ရှေ့တန်းတင်တာ၊ အချို့လူမျိုးက မွန်ရည်ယဉ်ကျေးတာ၊ အချို့လူမျိုးက ရဲစွမ်းသတ္တိပိုရှိတာ စသည်ဖြင့် ချိုးအလိုက် စရိုက်လက္ခဏာတွေ ကွာခြားမှုရှိနေတာ တွေ့ရတယ်။
နိုင်ငံပေါင်းစုံက ပုံပြင်တွေကို လေ့လာကြည့်တော့ သူတို့ပုံပြင်တွေထဲမှာ သူတို့လူမျိုးရဲ့ စရိုက် လက္ခဏာတွေ ရှိနေတယ်။ ဘာကြောင့် ဒီလိုဖြစ်နေတာလဲ။ ပုံပြင်တွေ ပြောကြ၊ ရေးကြသူတွေရဲ့ လူမျိုးစရိုက်တွေကြောင့်လား။ ငယ်ရွယ်စဉ်ကတည်းက ဖတ်ရှုပြီး ကြီးပြင်းခဲ့ရတဲ့ ပုံပြင်တွေက လူတွေကို ကြီးပြင်းချိန်အထိ ဩဇာသက်ရောက်တာလား။ စဉ်းစားစရာ၊ သုတေသနပြုစရာ ဖြစ်ပါတယ်။
စာရေးသူကတော့ နိုင်ငံတကာကပုံပြင်တွေကို ဖတ်ရှုလေ့လာရင်း မြန်မာလူငယ်တွေအတွက် သင့်တော်တယ်ထင်တဲ့ ပုံပြင်အချို့ကို မြန်မာဘာသာနဲ့ ပြန်လည်ရေးသားပါတယ်။ ပုံပြင်များရဲ့ သဘာဝအတိုင်းပါပဲ။ ထဲထဲဝင်ဝင် ရှာဖွေဖတ်ရှုကြည့်တဲ့အခါ မူကွဲတွေ အမြောက်အမြား တွေ့ရတယ်။ လက်လှမ်းမီသလောက် ဖတ်ရှုကာ ပေါင်းစပ်တန်ရင် ပေါင်းစပ်ပြီး ပြန်လည်ရေးသားထားတာ ဖြစ်ပါ တယ်။ ယခုစာအုပ်မှာတော့ Vietnamese Folktale တွေကို အဓိကဖတ်ရှုပြီး ပြန်လည်ရေးသား တင်ပြထားတာပါ။
အင်္ဂလိပ်စကား folk ရဲ့ အဓိပ္ပာယ်က ‘လူထု” (people) လို့ဖြစ်တယ်။ Country folk ဆိုရင် ကျေးလက်လူထု၊ town folk ဆိုရင် မြို့နေလူထုလို့ အဓိပ္ပာယ်ရတယ်။ ဒီတော့ကာ folktale ကို “လူထုပုံပြင်”၊ folk song ကို ‘လူထုသီချင်း’၊ folk dance ကို “လူထုအကလို့ ခေါ်သင့်တယ်” ဆိုပြီး ဆရာမောင်သာနိုးက အတွေးအမြင်စာစောင် အမှတ် ၁၁၅ (၁၉၉၅ ခုနှစ်၊ အောက်တိုဘာ - နိုဝင်ဘာ - ဒီဇင်ဘာလထုတ်) မှာ ‘ကျေးလက်တေးသံလား၊ လူထုတေးသံလား” အမည်နဲ့ ဆောင်းပါး ရေးဖူးပါတယ်။
‘Folktale ဆိုတာ လူမျိုးတစ်မျိုး အစဉ်အလာပြောလာကြတဲ့ ပုံပြင်ပါပဲ။ မြန်မာလူထုပုံပြင်၊ ကချင်လူထုပုံပြင်၊ ရှမ်းလူထုပုံပြင် စသဖြင့် ရှိပေလိမ့်မယ်” လို့ ဆရာက ဆက်လက်ဖော်ပြတယ်။ ကျွန်တော်က ဆရာမောင်သာနိုးရဲ့ယူဆချက်ကို နှစ်သက်လက်ခံပါတယ်။
ဒီစာအုပ်မှာ ဖော်ပြထားတဲ့ ပုံပြင်အများစုက‘Vietnamese Folktale' တွေ ဖြစ်တာ ကြောင့် စာအုပ်အမည်ကို “ဗီယက်နမ် လူထုပုံပြင်များ” လို့ အမည်ပေးတာပါ။